ရန်ကုန်  ၁၅   နိုဝင်ဘာ

 

မြန်မာနိုင်ငံ အားကစား မီဒီယာများအဖွဲ့ချုပ်သည် ၂၀၁၈ ခုနှစ်အတွက် အသက် ၇၀ နှစ်နှင့်အထက် သက်ကြီးဝါရင့် အားကစားကလောင်ရှင်ကြီးများအား ကန်တော့ပွဲကို နိုဝင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်းအတွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) သင်တန်းခန်းမ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ အားကစား မီဒီယာများ အဖွဲ့ချုပ်သည် သက်ကြီးဝါရင့် အားကစား ကလောင်ရှင် ကြီးများအား ကန်တော့ပွဲကို ၂၀ဝ၈ ခုနှစ်မှ စတင်ကာ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့ရာ ယခုနှစ် ကန်တော့ပွဲသည် ၁၁ ကြိမ်မြောက် ပြုလုပ်မည့်ပွဲ ဖြစ်သည်။ မြန်မာ့အားကစားနယ်ပယ်အတွက် အကျိုးပြု စာပေများကို အစဉ်တစိုက် ရေးသားခဲ့ပြီး အားကစားကလောင်ရှင်အဖြစ် အများပြည်သူ လေးစား အသိအမှတ်ပြုခြင်း ခံခဲ့ရသည့် ဝါရင့် အားကစားကလောင်ကြီးများ၏ စာပေဂုဏ် ကျေးဇူးကို တုန့်ဆပ်ပူဇော်သည့်အနေဖြင့် ယခုကန်တော့ပွဲ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယခုနှစ် ကန်တော့ပွဲ၌ ဝါရင့်အားကစားကလောင်ရှင်ကြီးများ ဖြစ်ကြသည့် ဆရာမောင်ရဲဝင်း၊ ဆရာတက္ကသိုလ် ကိုကိုကြီး၊ ဆရာတက္ကသိုလ်စိုးဝင်း၊ ဆရာမောင်ဗမာစိန်မောင်၊ ဆရာရွှေဘို ဘာမထီခင်အောင် အစရှိသည့် ဆရာကြီး ၂၂ ဦးတို့ ကန်တော့ခံကြမည်ဖြစ်ပြီး မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်နည်းတူ မြန်မာနိုင်ငံအိုလံပစ်ကော်မတီကလည်း ယခင်နှစ်များ ကဲ့သို့ပင် ပါဝင်ကန်တော့မည် ဖြစ်ကြောင်း သိရသည်။

 

အာကာစိုး