မောင်မောင်ကျော့(ပလက်ဝ)
သက္ကမ(ဒိုင်းနက်)လူမျိုး
သက္ကမ(ဒိုင်းနက်)လူမျိုးတို့သည် မြန်မာတို့၏ ရှေးဘိုးဘေးဘီဘင် မျိုးနွယ်စုများဖြစ်သော ပျူ၊ကမ်းယံ၊ သက်မျိုးနွယ်စုများထဲမှ သက်အုပ်စုဝင် အရှေ့သက်၊ အနောက်သက်မှ ဆင်းသက်လာသည့် လူမျိုးဟု ဆိုသည်။ ရခိုင် ပြည်နယ်တွင် အများအားဖြင့်အခြေချနေထိုင်ကြသည့် လူမျိုးတစ်မျိုးဖြစ် သည့်အားလျော်စွာ ရှေးအခါကသူတို့ကိုယ်သူတို့ ''ချက္ကမ''ဟုခေါ်ဆိုကြသည်။ '' ချက္ကမ''ကိုမြန်မာအသံပြောင်း၍ ''သက္ကမ''ဟုခေါ်ဆိုကြသည်။ သက္ကမ= စွမ်းဆောင်နိုင်ခြင်းရှိသူဟု ဆိုလိုခြင်းဖြစ်သည်။ သက္ကမ(ဒိုင်းနက်)လူမျိုးတို့၏ဆင်းသက်လာပုံသော်လည်းကောင်း၊ အခြားလူမျိုးကြီးတို့၏ နယ်မြေကျူးကျော် မှုကြောင့်သော်လည်းကောင်း နေထိုင်ရာဒေသခြားနားခဲ့ရသည်။
ယခုအခါ ရခိုင်ပြည်နယ်တွင် သက္ကမ(ဒိုင်းနက်)လူဦးရေ ၃ဝဝဝဝ ကျော် ခန့်ရှိသည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ ၆၁၅၉ ဦးရှိခဲ့သည်ဟု ဖော်ပြ ထားသည်။ ရခိုင်ပြည်နယ်တွင် သက္ကမ(ဒိုင်းနက်) ဦးရေနည်းသည်ဟု ထင်ရသော် လည်း ဒေသနှင့် ပထဝီအနေအထားအရ စပ်ဟပ်လျက်ရှိသော စစ်တကောင်း တောင်တန်းဒေသတွင် သက္ကမ(ဒိုင်းနက်)ဦးရေ ရှစ်သိန်းကျော်ထိ ရှိနိုင်သည်။ ထိ်ု့ကြောင့် ရခိုင်ပြည်နယ်ရှိ သက္ကမ(ဒိုင်းနက်)တို့မှာ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာများထိန်းသိမ်းမှု မှေးမှိန်လာခဲ့ကြရာ စစ်တကောင်းဒေသရှိ သက္ကမ(ဒိုင်းနက်)တို့၏ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာများ ယနေ့တိုင် ထိန်းသိမ်းနိုင်ခဲ့ကြသောကြောင့် အရှင်ဇောတိပါလဦးဆောင်မှုဖြင့် ရခိုင်ပြည်နယ်ရှိ သက္ကမ(ဒိုင်းနက်)တို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့နှင့် ဝတ်စားဆင်ယင်မှုတို့ကို အနောက်သက်တို့ထံမှ ယူငင်သုံးစွဲကာ ယဉ်ကျေးမှု အမွေအနှစ်များ မြင့်မားလာအောင် ဆောင်ရွက်ပေးလျက်ရှိသည်။
သက္ကမ(ဒိုင်းနက်)လူမျိုးတို့၏ ဓလေ့ထုံးစံ၊ အယူဝါဒ ၊ ရုပ်သွင်လက္ခဏာ သည် မနုဿဗေဒ လူမျိုးနှိုင်းယှဉ်မှုပညာအရ မြန်မာတို့နှင့်အားလုံးနီးပါး တူညီသော်လည်း ဘာသာစကားမှာ အင်ဒိုအာရီယန် ဘာသာစကားနှင့် အုပ်စုတူ မျိုးကွဲဘာသာစကားတစ်မျိုးကို ပြောဆိုကြသည်။
အရှေ့သက်၊ အနောက်သက်ဟု အရပ်ဒေသကိုအခြေခံကာ ခွဲခြားခြင်း နှင့်စပ်လျဉ်း၍ ဆရာထွန်းရွှေခိုင်၏ ရခိုင်မြောက်ဖျားဒေသမှ သက်တိုင်းရင်းသား များစာအုပ်တွင် သက်လူမျိုးတို့ ဝင်ရောက်ခဲ့သည့်လမ်းကြောင်းသည် အရပ် ဒေသအားဖြင့် အရှေ့အနောက်ကွဲလွဲသော်လည်း ¤င်းတို့သည် မြန်မာနိုင်ငံ မြောင်ပိုင်းဒေသကို စောစီးစွာအခြေချနေထိုင်ခဲ့သူများဖြစ်ခြင်း၊ ပုဂံမတိုင်မီ ကပင် မြို့ပြတည်ထောင် အုပ်ချုပ်နေထိုင်ခဲ့ကြသူများဖြစ်ခြင်းကိုကား အငြင်းပွားဖွယ်မရှိချေ။
ထိုသို့ သက်လူမျိုးတို့ မူရင်းနေထိုင်ရာ မြောက်ပိုင်းတစ်ခွင်မှသည် ချင်းတွင်းဒေသတစ်ဝိုက်တွင် အခြေချနေထိုင်ခဲ့ကြရာ ¤င်းနောက်ပိုင်း ဝင်ရောက်လာကြသော ချင်းလူမျိုး၊ နာဂလူမျိုးများ ဝင်ရောက်အခြေချရာမှ သက်လူမျိုးတို့ထပ်မံကွဲထွက်ကာ တောင်ဘက်အရပ်သို့တစ်ဆင့် ရွှေ့သွား ခဲ့ဟန်ရှိသည်။
မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ တောင်ဘက်သို့ရွှေ့ပြောင်းလာ ခဲ့သော သက်လူမျိုးတို့သည် အစုနှစ်စုကွဲထွက်သွားပြီး တစ်စုသည် ရခိုင် ပြည်နယ်မြောက်ပိုင်း စစ်တကောင်းတောင်တန်းဒေသ၊ သက်ထောင်၊ ဖလံထောင်ဒေသများသို့လည်းကောင်း၊ အခြားတစ်စုမှာ ရခိုင်ရိုးမအရှေ့ဘက် ရခိုင်ရိုးမဆင်ခြေလျှော သရက်၊ မင်းတုန်း၊ ပုဂံ၊ ကျောက်ဆည် စသော မြန်မာ နိုင်ငံအလယ်ပိုင်းဒေသများသို့လည်းကောင်း ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။ ယင်းသို့ သက်လူမျိုးများအခြေချလာမှုကို ရခိုင်သမိုင်းမှတ်တမ်းနှင့် ပုဂံရာဇဝင်တို့တွင် အထင်အရှားတွေ့ရသည်။
ရခိုင်သမိုင်းတွင်ဖော်ပြချက်အရ ရှေးရခိုင်ဘုရင်များ လက်အောက်ခံဖြစ် သော ဘင်္ဂါ ၁၂ မြို့၊ စစ်တကောင်းတောင်တန်းဒေသမှ သက်များကို ''အနောက်သက်'' ဟူ၍လည်းကောင်း၊ ရခိုင်ရိုးမ၏အရှေ့ဘက် မင်းတုန်း၊ ကံမ၊ သရက်စသောနယ်များတွင် တွေ့ရသည့် သက်လူမျိုးများကို ''အရှေ့ သက်''ဟူ၍လည်းကောင်းခေါ်ကြသည်ဟု ရေးသားထားသည်။ ထိ်ုသို့ သက်လူမျိုးတို့ အစုနှစ်စုကွဲသွားပြီး အရှေ့ဘက်တွင် မစ္ဆဂီရိ(သရက်)နှင့် အနောက်ဘက်တွင် စစ်တကောင်းတောင်တန်းဒေသရှိ ရခိုင်အခေါ် သက်ထောင်အဖြစ် ပြန်လည်မြို့ပြတည်ထောင်ပြောင်းရွှေ့ နေထိုင်ကြသည်ဟု ဆိုရပါမည်။
အေဒီ ၁၃၃၂ ခုနှစ်တွင် အရှေ့သက်တို့သည် ရခိုင်တောင်စဉ်ကျေးရွာများသို့ထိပါးလာသည်။ ထို့ကြောင့် ရခိုင်ဘုရင်မင်းထီးက မ္ဆဂီရိကို သွားရောက် တိုက်ခိုက်ခဲ့ရာ သက်မင်းစစ်ရှုံး၍ သက်မင်းရှင်စောနှင့် သားသုံးယောက် အပါအဝင် သက်အိမ်ထောင်စုတစ်သောင်းကို ခေါ်ယူခဲ့ကာ သက်အိမ်ခြေ တစ်သောင်းကို အမ်ချောင်း၊ ရူးချောင်းများတွင် ရွာတည်ထောင်ချလေသည်။ အဆိုပါ သက်အိမ်ထောင်စုတစ်သောင်းတို့သည် ဒိုင်းအတတ်ပညာတို့ကို ကျွမ်းကျင်စွာ တတ်မြောက်ကြ၍ ရခိုင်ဘုရင်မင်းထီးက ''ဒိုင်းနက်ငွေခွန်'' ဖွဲ့စည်းကောက်ခံခဲ့ရာမှသည် နောင်အခါတွင် ဒိုင်းနက်လူမျိုးဟုအမည်ရလာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြောက်ဦးခေတ် မင်းရာဇာကြီးလက်ထက်တွင် ဟံသာဝတီကိုတိုက်ခိုက်စဉ်က ''ဒိုင်းနက် သူရဲ'' တစ်သောင်းအထိတပ်ဖွဲ့ဖွဲ့ ပေးခဲ့မှုကြောင့် ရခိုင်ဒေသတွင် အရှေ့သက်မှသည် ဒိုင်းနက်လူမျိုးအဖြစ်ဖြင့် ယနေ့တိုင် ခေါ်တွင်လာခဲ့ရခြင်းဖြစ်ပေသည်။ ဒိုင်းနက်ဆိုသည်မှာ သူတို့၏မူလအမည်မဟုတ်ပါ။ ¤င်းတို့၏ မူလအမည်မှာ ''သက္ကမ''ဟု ဆိုကြပါသည်။ ထို့ကြောင့် မူလအမည် ''သက္ကမ'' လူမျိုးအဖြစ်ပြန်လည်ခေါ်တွင်လာစေရန် အရှင်ဇောတိပါလမှ ကြိုးစားဆောင်ရွက်လျက်ရှိပေသည်။
ပန်းမျှောသင်္ကြန်ပွဲတော်
မြန်မာ၊ ရခိုင်တို့၏ ဆယ့်နှစ်လရာသီပွဲတော်များထဲမှ တန်ခူးလနှစ်သစ်ကူးအတာသင်္ကြန်ပွဲကို သက္ကမ(ဒိုင်းနက်)တို့က ပန်းမျှောသင်္ကြန်ပွဲဟုခေါ်သည်။ သက္ကမ(ဒိုင်းနက်) ဘာသာစကားဖြင့်''ဘီဇူမေလာ''ဟုခေါ်၏။ သက္ကမ (ဒိုင်းနက်)တို့၏ ထူးခြားသည့် ဓလေ့တစ်ခုပင်ဖြစ်သည်။ ပန်းမျှောသင်္ကြန်ပွဲတော်ကို မည်သည့်အချိန်က စတင်ခဲ့ သည်ကို တိကျစွာမသိရသော်လည်း ယနေ့တိုင် ထိန်းသိမ်း ကျင်းပနေသည်ကို တွေ့ရသည်။ သက္ကမ (ဒိုင်းနက်)တို့ သည် ဗုဒ္ဓဘာသာကို ကိုးကွယ်သူပီပီ ဘာသာရေးဓလေ့ နှင့်အတူယှဉ်တွဲ၍ ပန်းမျှောသင်္ကြန်ပွဲတော်ကိုပါ ကျင်းပ ကြသည်။ နှစ်သစ်ကူးအတာသင်္ကြန်ကျရောက်ပြီဆိုလျှင် သက္ကမ(ဒိုင်းနက်)တို့ ရိုးရာပန်းမျှောသင်္ကြန်ပွဲ (ဘီဇူ မေလာ)ကို နှစ်စဉ် သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်တွင် ကျင်းပခြင်းဖြစ်သည်။ ရခိုင်တို့ နှစ်သစ်ကူးအတာသင်္ကြန် ပွဲတော်တွင် မိမိတို့ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် မိမိတို့ကိုးကွယ်ရာ ဘုရား၊ ပုထိုးနှင့် ဘုန်းတော်ကြီးကျောင်း များသို့ သွားရောက်၍ ဘုရားရေသပ္ပာယ်ခြင်း၊ အမွှေး နံ့သာဖျန်းခြင်း၊ အဆောက်အအုံများသန့်ရှင်းခြင်း အစရှိ သော ကုသိုလ်ကောင်းမှုများကို ပြုလုပ်လေ့ရှိသည့် နည်းတူ သက္ကမ(ဒိုင်းနက်)ကျေးလက်ဒေသမှ လူအများ တို့သည်လည်း ဘီဇူမေလာခေါ် ပန်းမျှောသင်္ကြန်ကို ခြိမ့်ခြိမ့်သဲဆင်နွှဲကြလေသည်။
သက္ကမ (ဒိုင်းနက်)တို့သည် အတာသင်္ကြန်လတွင် တောပန်း၊ တောင်ပန်းများကိုဆွတ်ခူး၍ ငှက်ပျောရွက်နှင့် ပြုလုပ်ထားသည့် လှပဆန်းကြယ်သော ခြင်းပုံသ္ဌာန် အမျိုးမျိုးတို့တွင် ပန်းမျိုးစုံထည့်ကာ သင်္ကြန်အကြို ပထမနေ့တွင် ပန်းမျှောသင်္ကြန်ကို ကျင်းပခြင်းဖြစ်သည်။ ယင်းနေ့တွင် အိမ်တိုင်း၌ ဖယောင်းတိုင်ဆီမီးထွန်းခြင်း၊ ကျေးလက်ဝန်းကျင် မြစ်ချောင်း၊ ရေတွင်း၊ ရေကန်ရှိ နတ်များကို ပူဇော်ပသခြင်းဖြစ်သည်။ ယင်းဓလေ့သည် ထိုင်းနိုင်ငံတွင် ကျင်းပလေ့ရှိသည့် ( Loi Karathong festival )ပွဲတော်နှင့် သ္ဌာန်တူသည်ဟု ဆိုပါသည်။ ထို့အပြင် ဘာသာရေးထုံးတမ်းအရ လူငယ်များက ကျေးရွာရှိ သက်ကြီးရွယ်အိုများကို ရေချိုးသန့်စင်ပေးခြင်း၊ ဘုရား၊ ပုထိုး၊ ဘုန်းကြီးကျောင်းများသို့ သွားရောက်၍ ဘုရားရေသပ္ပာယ်ခြင်း၊ အမွှေးနံ့သာဖျန်းခြင်း၊ အဆောက် အအုံများ သန့်ရှင်းခြင်း ကောင်းမှုကုသိုလ် စသည်တို့ကို ပြုလုပ်၍ ကုသိုလ်ယူကြသည်။
ပန်းမျှောသင်္ကြန် ကျင်းပပုံ
သင်္ကြန်မကျမီ သုံးရက်ခန့်ကတည်းကပင် သက်ဆိုင်ရာ ကျေးလက်အသီးသီးမှ ကျေးလက်ခေါင်းဆောင်တို့သည် ပန်းမျှောသင်္ကြန်ပွဲဖြစ်မြောက်ရေးအတွက် တိုင်ပင် ဆွေးနွေးခြင်း ၊ အလှူငွေကောက်ခံခြင်းတို့ ပြုလုပ်သည်။ သင်္ကြန်အကြိုနေ့မတိုင်မီ တစ်ရက်နေ့ကပင် ကျေးရွာ တိုင်း၌ မဏ္ဍပ်ကိုယ်စီထိုးကြသည်။ ယင်းမဏ္ဍပ်သို့ ဘုန်းကြီးကျောင်းမှ ဘုရားတစ်ဆူပင့်ဆောင်ကာ မဏ္ဍပ် စင်မြင့် အလယ်ရှိစားပွဲခုံတွင် သပ္ပာယ်စွာဖူးမြော်နိုင်ရန် ပင့်ဆောင်ထားလေသည်။ ယင်းနေ့နံနက်ပိုင်းတွင် တစ်ရပ် လုံး တစ်ရွာလုံး လူပျို၊ အပျိုများစုရုံး၍ အပျိုများက ကျေးရွာဝန်းကျင် တောတောင်များသို့ သွားရောက်ကာ ပန်းမျိုးစုံခူးကြသည်။ လူပျိုများက ငှက်ပျောရွက်များ သွားရောက်ရှာဖွေခုတ်ထားကြသည်။ ထိုသို့ဆောင်ရွက် စဉ် တချို့လူငယ်များက မဏ္ဍပ်တွင် တေးကဗျာများ သီဆို၍ တီးမှုတ်ကခုန်ကြသည်။ လူပျိုများခုတ်ယူလာသော ငှက်ပျောရွက်များကို မဏ္ဍပ်တွင် လူပျိုများကပင်လှပ ဆန်းကြယ်သော ငှက်ပျောရွက်ခြင်းပုံသ္ဌာန် အမျိုးမျိုး ပြုလုပ်ကြသည်။ ယင်းငှက်ပျောရွက်ခြင်းများကို ရေဖြင့် သန့်စင်အောင်ဆေးကြောကာ အပျိုများခူးလာကြသည့် ပန်းမျိုးစုံကို ငှက်ပျောရွက်ခြင်းထဲတွင် သပ်ရပ်စွာထည့်ပြီး ပန်းအလှပြင်ဆင်ကာ မဏ္ဍပ်ရှေ့ရှိစင်ပေါ်တွင် တန်းစီ၍ ဘုရားထံ ရှေးဦးစွာကပ်လှူကြသည်။
သင်္ကြန်အကြိုမတိုင်မီ ညနေပိုင်းတွင် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ သံဃာငါးပါးပင့်ဆောင်ကာ ရပ်လုံးကျွတ် ရွာလုံးကျွတ်လာရောက်ပြီး ငါးပါးသီလခံယူ ဆောက်တည်ကာ တရားနာကြလေသည်။ တရားနာပြီး သောအချိန်တွင် လူငယ်များက သီဆိုတီးမှုတ်ကခုန် ပျော်ရွှင်စွာဖြင့် တစ်ညလုံးမဏ္ဍပ်စောင့်ကြသည်။ ကျေးရွာ ရှိ အိမ်တိုင်းတွင် သင်္ကြန်အကြိုနေ့နံနက် ဥပုသ်သီလ ဆောက်တည်ကြမည့်သူများအား လှူဒါန်းရန် မုန့်ချိုနှင့် ရိုးရာမုန့်မျိုးစုံတို့ကို စီမံပြုလုပ်ကြသည်။
သင်္ကြန်အကြိုနေ့မိုးလင်းသည်နှင့် ကျေးရွာရှိ ဘုရား ပုထိုးနှင့် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ရေသပ္ပာယ်ကြသည်။ အမွှေးနံ့သာဖျန်းကြသည်။ အဆောက်အအုံများ သန့်ရှင်းပေးကြသည်။ ထို့နောက် လူငယ်များသည် ကျေးရွာရှိသက်ကြီးရွယ်အိုများကို မဏ္ဍပ် ဆောင်သို့ ဖိတ်ခေါ်၍ ဥပုသ်စောင့်မသွားမီ မဏ္ဍပ်တွင် အသင့်ခပ်ထားသည့်ရေတို့ဖြင့် ရေချိုးသန့်စင်ပေးပြီး ဘုန်းကြီးကျောင်းသို့ ဥပုသ်စောင့်ရန် လိုက်ပါပို့ဆောင် ပေးကြသည်။ ထိုသို့ ဘာသာရေးဆိုင်ရာ ပြုဆောင်ဖွယ်ရာ များကို ပြုလုပ်ကုသိုလ်ယူကြပြီးလျှင် နံနက် ၈ နာရီတွင် ကျေးရွာအနီးရှိ မြစ်ချောင်း၊ အင်းအိုင်၊ ရေကန်တစ်ခုခုသို့ ရွာရှိ မိန်းမပျိုတို့က ရိုးရာဝတ်စားဆင်ယင်မှုကိုယ်စီ ဝတ်ဆင်ကာ မဏ္ဍပ်အတွင်းစင်မြင့်ပေါ်ရှိ ပန်းခြင်းများကို ကိုင်ဆောင်ကာ မြစ်ချောင်းကမ်းသို့ တန်းစီသွားရောက်ကြ သည်။ မြစ်ချောင်းကမ်းသို့ရောက်ရှိသည့်အခါ မြစ်ကမ်းစပ် တွင် ရွာရှိသမီးပျိုများ တန်းစီထိုင်၍ ပန်းခြင်းများကို မြစ်ချောင်းရေပြင်တွင် ပြိုင်တူမျှောချကာ မြစ်စောင့်နတ်၊ ချောင်းစောင့်နတ်၊ ကန်စောင့်နတ်တို့အား ပန်းခြင်းမျှောပြီး ပူဇော်ပသခြင်းဖြစ်သည်။ ယင်းသို့ ပူဇော်ပသခြင်းကို ဘီဇူမေလာ(ခေါ်) ပန်းမျှောသင်္ကြန်ဟု ခေါ်သည်။
ပန်းမျှောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်မှာ သက္ကမ (ဒိုင်းနက်)တို့၏ ရှေးရိုးစဉ်လာဓလေ့တစ်ခုဖြစ်သော နွေ အကုန် မိုးအပြောင်းကာလ၌ ဆန်ရေစပါးပေါများရန်နှင့် တောင်သူလယ်သမားများ မိုးရာသီကာလတွင် လယ်ယာ လုပ်ငန်းတို့ ဖြစ်ထွန်းအောင်မြင်ရန် ချောင်းစောင့်နတ်၊ မြစ်စောင့်နတ်တို့ကို ရေပေါ်တွင် ပန်းခြင်းများမျှော၍ ပူဇော်ပသကာ ဆုတောင်းခြင်းဖြစ်သည်ဟု အရှင်ဇောတိ ပါလက မိန့်ဖူးသည်။
သက္ကမ (ဒိုင်းနက်) ဓလေ့များ
ပန်းမျှောသင်္ကြန်ကို အစဉ်အလာမပျက် ကျင်းပလာခဲ့ ခြင်းမှသည် ဘာသာရေးထုံးတမ်းဓလေ့များနှင့်အတူ နတ်ပူဇော်ပသခြင်း ဓလေ့များကိုပါ ထိန်းသိမ်းခဲ့ကြခြင်း ဖြစ်ပေသည်။
၁။ မြတ်စွာဘုရားရှင်ထံ ပန်းများကို သီကုံးအလှဆင်၍ ပူဇော်သည့် ဓလေ့၊ ၂။ မြတ်စွာဘုရားအားရည်စူး၍ ဆီမီး ပူဇော်သည့် ဓလေ့၊ ၃။ အခါကြီးနေ့ကြီးဥပုသ်နေ့များတွင် ကျောင်းကန်ဘုရားသို့သွားရောက်၍ ဥပုသ်သီလဆောက် တည်သည့် ဓလေ့၊ ၄။ ပန်းမျှောသင်္ကြန်ပွဲတွင် အပျို၊ လူပျို တို့ တွေ့ဆုံခွင့်ရရှိပြီး သားပျို၊ သမီးပျိုများ၏ အိမ်ထောင် ရက်သားအတွက် ရွေးချယ်ရန် အခွင့်အလမ်းပေးသည့် ဓလေ့များဖြစ်ထွန်းစေခဲ့ပါသည်။
ယနေ့တိုင်ဖော်ပြပါဓလေ့များကို အလေးအနက်ထား စောင့်ထိန်းလာခဲ့ကြသည့် မူပိုင်ဓလေ့များပင် ဖြစ်ပေသည်။ ဘာသာရေးဓလေ့အနေဖြင့် ကောင်းမြတ်သည့် ပြုဆောင် ဖွယ်ရာများ ပြုလုပ်၍ မင်္ဂလာယူကြသည်။ သက္ကမ (ဒိုင်း နက်)တို့၏ ရိုးရာထုံးတမ်းစဉ်လာဓလေ့များသည် သက္ကမ (ဒိုင်းနက်) လူမျိုးတို့၏ အမျိုးသင်္ကေတ၊ အမျိုးသားရေးစရိုက်လက္ခဏာတို့ပင်ဖြစ်သည်။ မိမိတို့၏ဓလေ့ထုံးစံများ ကို အမျိုးဂုဏ်၊ ဇာတိဂုဏ် မပျောက်ပျက်ရအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။
မှီငြမ်းကိုးကား။ ။ တိုင်းရင်းသားယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးစံ (ရခိုင်) (၁၉၇၆)၊ ရခိုင်မြောက်ဖျား ဒေသမှ သက်တိုင်းရင်းသားများ ထွန်းရွှေခိုင်(၁၉၈၈)၊ ရခိုင် ရာဇဝင်သိုင်းကျမ်း -အရှင်စန္ဒမာလာလင်္ကာရ၊ ချက္ကမ မျိုးနွယ်စု-ဆူပရီယာတာလူဒါ(၂ဝ၁၆ )၊ ဒိုင်းနက် တိုင်းရင်းသားတို့၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဓလေ့-မောင်မောင်ကျော့ (ပလက်ဝ) နိုင်ငံ့ဂုဏ်ရည် (၁၁၄)