နေပြည်တော် ၁၇ သြဂုတ်
ကမ္ဘာပေါ်တွင် ဒစ်ဂျစ်တယ်စာပို့စနစ်နှင့် ဆိုရှယ်မီဒီယာအသုံးပြုဆက်သွယ်နိုင်မှုများကြောင့် စာတိုက်မှတစ်ဆင့် စာပို့လုပ်ငန်းများကျဆင်းလာသည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့သော် ကမ္ဘာ့နေရာများစွာတွင် စာတိုက်မှစာများ၊ စာအုပ်နှင့် အခြားပစ္စည်းများပို့ဆောင်ရန် လိုအပ်လျက်ပင်ရှိနေ သေးသည်ကိုလည်း တွေ့ရသည်။ ဂျပန် နိုင်ငံတွင် စာတိုက်ပေါင်း ၂၄၀ဝ၀ ၊အမေရိကန်တွင် စာတိုက် ၃၁၀ဝ၀ ရှိနေရာ မြန်မာနိုင်ငံတွင် စာတိုက်ပေါင်း ၁၃၀ဝ ကျော်ရှိနေသည်မှာ နည်းသည်ဟုပင် ဆိုနိုင်ပါသည်။
ဂျပန်နိုင်ငံ၏ ၁၂၃၈၈ ပေမြင့်သော ဖူဂျီတောင်ထိပ်တွင် ၁၉၀၆ ခုနှစ်ကတည်းက တည်ထောင်ထားသော စာတိုက်တစ်ခုရှိသည်။ ၎င်းစာတိုက်ကိုဖူဂျီတောင်သို့တက်ရောက်ခရီးထွက်ကြသော ကျောင်းသားများ၊ ပြည်သူ များ၊ ကမ္ဘာလှည့်ခရီးသည်များက အသုံးပြုကြသည်။ ပြီးခဲ့သည့်နှစ်က ဖူဂျီတောင်သို့ခရီးသွား ၃၀ဝ၀ဝ၀ ခန့်လည်ပတ်ခဲ့ရာ လူပေါင်း ၁၈၀ဝ၀ လောက်က ထိုစာတိုက်ကိုအသုံးပြု၍ စာများ၊ ပို့စ်ကတ်များ၊ ပစ္စည်းများ ပေးပို့ခဲ့ကြရာ တစ်နှစ်ဝင်ငွေဒေါ်လာ တစ်သိန်းကျော်ရရှိခဲ့သည်ဟုဆိုပါသည်။ ထိုစာတိုက်၏ဝန်ဆောင်မှုမှာ အထူးတလည်ချီးကျူးလောက်သည်။ တောင်ပေါ်သို့တက်သော ပုံမှန်ကားလမ်းသည် ပေ ၇၉၀ဝ တွင် ခရီးဆုံး သည်။ ကျန်သောအပိုင်းတွင်ပစ္စည်းများကို တောင်တက်သမားများက မိမိတစ်နိုင်သယ်ဆောင်၍ တက်ကြ ခြင်းဖြစ်ပြီး ကျန်သောစားသောက်စရာများ၊ ရွက်ဖျင်တဲများ၊ စာအုပ်စာတမ်းများ၊ ဂက်စ်အိုးများအပါအဝင် အားလုံးသောအသုံးအဆောင်များကို စာတိုက်က ဘူလ်ဒိုဇာတစ်စီးဖြင့် သယ်ဆောင်ပေးခြင်းဖြစ်သည်။ ကမ္ဘာ့အမြင့်ဆုံးစာတိုက်သို့ မိုးကာလ၊ ဆောင်းတွင်းကာလများသာမက ကျန်အချိန်များတွင်ပါ ဝန်ဆောင်မှု မပျက်ကွက်စေရန် ဘူလ်ဒိုဇာယာဉ်ဖြင့် ဆောင်ရွက်ပေးသော ကမ္ဘာ့တစ်ခုတည်းသော စာတိုက် ဖြစ်လောက်ပါသည်။
မြန်မာနိုင်ငံတွင်လည်း ဂျပန်နည်းပညာအထောက်အကူဖြင့် စာတိုက်လုပ်ငန်း တစ်ခေတ်ဆန်းနေပြီဖြစ်ပါသည်။ မြန်မာ့စာတိုက်သည် ခေတ်မီနည်းပညာအသုံးပြုမှုဖြင့် ယခင်ကာလများကထက် လျင်မြန်တိကျစွာစာများ၊ စာအုပ်များ၊ ဆိုရှယ်မီဒီယာတွင် ရောင်းဝယ်ကြသောပစ္စည်းများကိုတွင်ကျယ်စွာ ဖြန့်ဝေပေးလျက်ရှိသည်ကို တွေ့ရသည်။ မသိသူကျော်သွား၊သိသူဖော်စားဆိုသကဲ့သို့ အချို့သောစာအုပ်တိုက်များသည် မြန်မာ့ စာတိုက်ကိုအသုံးပြု၍ နိုင်ငံတစ်လွှား တွင်ကျယ်စွာစာအုပ်ဖြန့်ချိရေးပြုလုပ်နေကြပြီဖြစ်သည်။ စာအုပ်များ၊ ပစ္စည်းများပေးပို့ရာတွင် ဘဏ်၊ စာအုပ်တိုက်နှင့် မြန်မာ့စာတိုက်ကြီး သုံးဦးသုံးဖလှယ်ကြား ဆက်သွယ် ချိတ်ဆက်ပေးသော ဆော့ဖ်ဝဲတစ်ခုဖြင့် အဆင်ပြေစွာလုပ်ဆောင်နိုင်ကြခြင်းဖြစ်သည်။ ၎င်းဆော့ဖ်ဝဲ အကူအညီဖြင့် မိမိပေးပို့သောပစ္စည်းမည်သည့်နေရာသို့ရောက်ရှိနေသည်၊ မည်သည့်ရက်တွင် ပေးပို့ရာအရပ်သို့ ရောက်ရှိသည်။ လက်ခံရရှိသူကို မည်သည့်အချိန်တွင်ပေးပို့လိုက်သည်။ စသည့်ဖြစ်စဉ်တစ်ခုလုံးကို ပေးပို့သူ၏လက်ကိ်ုင်ဖုန်းတွင် တစ်ချိန်လုံးစောင့်ကြည့်နေနိုင်သည်။ လက်ခံမည့်လိပ်စာအတိုင်း ရှာမတွေ့ပါက ရှာမတွေ့ကြောင်း ပေးပို့သူထံ သတင်းရောက်လာပါသည်။ ထိုအခါပေးပို့ သူက လက်ခံမည့်သူထံ ဖုန်းဖြင့် ဆက်သွယ်၍ အနီးဆုံးမည်သည့်စာတိုက်တွင်သွားရောက်ထုတ်ယူနိုင်ကြောင်း အကြောင်းကြားပြီး ထုတ်ယူနိုင်သည်။ ယခုစတင်အသုံးပြုသူများထံမှ စာတိုက်စနစ်သည် အံ့ဩဖွယ်ရာ အလွန်အဆင်ပြေကြောင်း ပြောဆိုမှုများကြားရသည်။
၁၉၇၀ ပြည့်နှစ်၊ ၈၀ ပြည့်နှစ်များက တက္ကသိုလ်ကျောင်းသားများသို့ မိဘများက စာတိုက်မှပင် ငွေပို့ကြရသည်။ ယခုထိုပုံစံကို ပြန်လည်အသုံးပြုနိုင်ကြပြီဖြစ်သည်။ ငွေပို့နိုင်သောစာတိုက် ၇၀ဝ ကျော်ရှိရာ ဘဏ်ခွဲအများဆုံး ၄၀ဝ ကျော်ရှိသော ဘဏ်များထက်ပို၍ နယ်မြို့များသို့ရောက်ရှိနိုင်မည်ဖြစ်သည်။ စာတိုက်လုပ်ငန်းသည် အရှုံးခံ၍ နိုင်ငံတော်မှ စိုက်ထုတ်ဝန်ဆောင်မှုပေးသော လုပ်ငန်းမျိုးဖြစ်ပါသည်။ ဂျပန်နိုင်ငံတွင် ပြီးခဲ့သောနှစ်က စာတိုက်လုပ်ငန်းမှ ၃ ဒသမ ၅ ဘီလီယံ ဒေါ်လာအရှုံးပေါ်ခဲ့သည်။ မြန်မာ့စာတိုက်လုပ်ငန်းသည်လည်း အရှုံးတစ်စုံတစ်ရာရှိမည်ဖြစ်သည့်တိုင် ပြည်သူတို့၏ လိုအပ်ချက်ကို ပို၍ဖြည့်စွက်ဝန်ဆောင်မှုပေးခြင်းအားဖြင့် တာဝန်ကျေပွန်အောင်ဆောင်ရွက်နေသည်ကို တွေ့ရပါသည်။ အထူးသဖြင့် စာအုပ်ဆိုင်မရှိသောမြို့နယ်များမှ ကျောင်းသားများ၊ စာပေဖတ်ရှုလိုသူများအတွက် အထူးတလည် ဝန်ဆောင်မှုပေးနိုင်လာခြင်းက တိုင်းပြည် အတွက်အကျိုးရှိစေသော ဂုဏ်ယူဖွယ်ရာလုပ်ငန်းတစ်ခုဖြစ်နေကြောင်း ဖော်ပြလိုက်ရပါသည်။
မြန်မာ့အလင်း