ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ကွန်ပျူတာအသုံးပြုတာ၊ ဂိမ်းတွေကစားတာ၊ လူမှုရေးလှုပ်ရှားမှုတွေမှာ ပါဝင်တာတွေကြောင့် ဦးနှောက်စွမ်းရည် ကျဆင်းခြင်းဖြစ်နိုင်ခြေကို လျော့နည်းစေတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

 

လူကအသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ကလည်း ပြောင်းလဲလာပါတယ်။ တချို့တွေမှာ မှတ်ဉာဏ်ပြဿနာ၊ တွေးခေါ်နိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းတွေမှာ ပျက်ယွင်းလာနိုင်တယ်။


ဦးနှောက်စွမ်းရည်ကျဆင်းခြင်း(MCI) ဆိုတာ အသက်အရွယ်နဲ့ဆိုင်တဲ့ ဉာဏ်ရည်ကျဆင်းမှုနဲ့ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ(dementia) ရဲ့ ကြားအဆင့်ဖြစ်ပါတယ်။ ဒါပေမယ့် MCI က နေ့စဉ်ဘဝနဲ့ လှုပ်ရှားမှုတွေကို သိသိသာသာမထိခိုက်စေပါဘူး။

 

MCI ရှိတဲ့သူတွေက မေ့တတ်တယ်၊ အတွေးတွေနဲ့ ပြောစကားတွေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူး၊ ဆုံးဖြတ်ချက်ချရတော့မယ်ဆိုရင် ဘာလုပ်ရမှန်းမသိတော့ဘူး။ ဒီအဆင့်ကိုဖြစ်နေသူတွေက နောက်ပိုင်းမှာ dementia ဖြစ်လာနိုင်တဲ့အန္တရာယ် ပိုများပေမယ့် လူတိုင်းတော့ မဖြစ်ပါဘူး။

 

ကိုယ်လက်လှုပ်ရှားမှုနဲ့ ဦးနှောက်ဉာဏ်ရည်နှိုးဆွမှု(ကစားနည်း)တွေလို နေထိုင်မှုဘဝ ရွေးချယ်မှုတွေက ဦးနှောက်အတွက် အကျိုးသက်ရောက်မှုကောင်းစေနိုင်ပါတယ်။

 

ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေမယ့် နှိုးဆွလုပ်ဆောင်ချက်များ


ကွန်ပျူတာသုံးခြင်း၊ ဂိမ်းကစားခြင်း၊ လက်မှုပညာတွေလုပ်ဆောင်ခြင်း၊ လူမှုရေးလှုပ်ရှားမှုတွေမှာပါဝင်ခြင်းတို့က MCI အန္တရာယ်ကို လျှော့ချနိုင်တယ်လို့ Neurology ဂျာနယ်မှာဖော်ပြခဲ့တဲ့ သုတေသနက ဆိုပါတယ်။

 

သုတေသီတွေက အသက် ၇၀ ဝန်းကျင် လူဦးရေ ၂၀ဝ၀ ကို စုစည်းခဲ့ပြီး သူတို့ရဲ့သက်လတ်ပိုင်းအရွယ်အတွင်း ဦးနှော်က်ကိုအလုပ်ပေးတဲ့ လှုပ်ရှားမှုအမျိုးမျိုးမှာ ဘယ်လောက်ပါဝင်ခဲ့ဖူးလဲ စစ်တမ်းကောက်ယူခဲ့ပါတယ်။

 

ပါဝင်သူတွေက တွေးခေါ်မှုနဲ့မှတ်ဉာဏ်စမ်းသပ်စစ်ဆေးမှုတွေကို ၁၅ လ တစ်ကြိမ် ခံယူခဲ့ကြပြီး သုတေသီတွေက သူတို့ကို ပျမ်းမျှ ငါးနှစ်တာကာလအတွင်း စောင့်ကြည့်ခဲ့ပါတယ်။ ဒီကာလအတွင်းမှာ သူတို့ထဲက ၅၃၂ ဦးက MCI ဖြစ်လာခဲ့တာတွေ့ရပါတယ်။

 

ပါဝင်သူတွေထဲမှာ သက်လတ်ပိုင်းအတွင်း ကွန်ပျူတာအသုံးပြုခဲ့သူက ၁၅ ဦးသာရှိပါတယ်။ MCI မရှိတဲ့ ပါဝင်သူ ၁၄၆၈ ဦးအနက် ၇၇ ဦးက အသက်အပိုင်းအခြားတူကာလအတွင်း ကွန်ပျူတာအသုံးပြုခဲ့ကြပါတယ်။

 

ခြုံပြောရရင်တော့ ဦးနှောက်ကိုအလုပ်ပေးတဲ့ နှိုးဆွလုပ်ဆောင်ချက်တစ်ခုချင်းစီက ဦးနှော်က်ကျန်းမာရေးအတွက် အကျိုးပြုသက်ရောက်မှုတွေရှိနေခဲ့တာပါ –

 

-    သက်လတ်ပိုင်းနဲ့နောက်ပိုင်းအရွယ် ကွန်ပျူတာအသုံးပြုခြင်းက MCI ဖြစ်နိုင်ခြေကို ၃၇ ရာခိုင်နှုန်းအထိ လျော့နည်းစေနိုင်တယ်။
-    သက်လတ်ပိုင်းနဲ့နောက်ပိုင်းအရွယ်မှာ လူမှုရေးလှုပ်ရှားမှုတွေမှာပါဝင်ခြင်း၊ စကားလုံးဆက်ပဟေဠိတွေနဲ့ ဖဲကစားခြင်းတို့ကြောင့် MCI ဖြစ်နိုင်ခြေကို ၂၀ ရာခိုင်နှုန်းလျော့နည်းစေနိုင်တယ်။
-    လက်မှုပစ္စည်းတွေလုပ်တာက MCI ဖြစ်နိုင်ခြေကို ၄၂ ရာခိုင်နှုန်းအထိ လျော့နည်းစေနိုင်တယ်။ ဒါပေမယ့် ဒါကတော့ သက်ကြီးပိုင်းမှပဲ ဖြစ်နိုင်ပါတယ်။


ဦးနှောက်သုံးလေ ပိုကောင်းလေ


ဦးနှောက်ကိုနှိုးဆွတဲ့ လှုပ်ရှားမှုတွေများများလုပ်လေ MCI ဖြစ်နိုင်ခြေပိုနည်းလေပဲလို့ သုတေသီတွေကပြောပါတယ်။ လေ့လာမှုမှာပါဝင်ခဲ့တဲ့သူတွေထဲ ဒီလိုလုပ်ဆောင်တာပိုများတဲ့သူတွေက အကျိုးကျေးဇူးပိုများတာကို တွေ့ရပါတယ်။

 

ဒီလိုလှုပ်ရှားမှုတွေ နှစ်မျိုးကနေ သုံးမျိုး ပါဝင်ခဲ့သူတွေဟာ ၂၈ ရာခိုင်နှုန်းနဲ့ ၄၅ ရာခိုင်နှုန်းလောက်ထိ MCI ဖြစ်နိုင်ခြေပိုနည်းတယ်လို့ သုတေသနရလဒ်က ဖော်ပြခဲ့ပါတယ်။ လေးမျိုးကနေ ငါးမျိုးဆိုရင်တော့ MCI ဖြစ်နိုင်ခြေ ၅၆ ရာခိုင်နှုန်းနဲ့ ၄၃ ရာခိုင်နှုန်းလောက် လျော့နည်းစေပါတယ်။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”