၉ ဧပြီ
လူသတ္တဝါများအားလုံး အသက်ရှင်နေခြင်း၏ အဓိကအချက်သည် အသက်ရှူနေခြင်းပင်ဖြစ်သည်။ သဘာဝ ဓမ္မလောကကြီးတွင် အသက်ရှင်သန်ရပ်တည်နေသော သတ္တဝါအားလုံးတို့အဖို့ သန့်ရှင်းသောလေကိုရှူရှိုက်၍ အသက်ရှင်သန်နေကြသည်။ မသန့်ရှင်းသောလေ၊ အဆိပ်ရှိသောလေတို့ကို ရှူရှိုက်ရပါက အနှေးနှင့်အမြန် အသက်သေဆုံးရန် အကြောင်းဖန်သည်။
အားလုံးအသက်ရှင်သန်ရေးတွင် သန့်ရှင်းသောလေသည် အဓိကကျသည်။ လေသည် သန့်ရှင်းလတ်ဆတ်သော လေဖြစ်ရန်လိုသည်။ မသန့်ရှင်းသောလေကို ရှူရှိုက်နေရပါက ရောဂါဘယတစ်မျိုးမျိုးရပြီး သတ္တဝါများ မျိုးသုဉ်းသွားနိုင်သည်အထိ ဖြစ်နိုင်သည်။ အသက်ရှင်သန်ရေးအတွက် သဘာဝပတ်ဝန်းကျင်တွင် သန့်ရှင်းသောလေများ ရှိသော်လည်း လူတို့၏ပြုပြင်ဖန်တီးမှုများကြောင့် လေထုပျက်စီးနေပြီဖြစ်သည်။
မီးတောင်နှင့် စက်မှုလုပ်ငန်းစုံမှ ထုတ်လွှတ်သော ဆာလ်ဖာဒိုင်အောက်ဆိုက်ဓာတ်၊ လျှပ်စစ်မုန်တိုင်းများနှင့် အပူချိန်အလွန်မြင့်မားစွာ လောင်ကျွမ်းခြင်းမှပေါ်ထွက်သော နိုက်ထရိုဂျင်အောက်ဆိုက်ဓာတ် (အဆိပ်သင့်ဓာတ်ငွေ့)၊ ရုပ်ကြွင်းလောင်စာနှင့် မော်တော်ယာဉ်များမှထွက်ရှိသော ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့၊ အငွေ့ပြန်လွယ်သော မီသိန်းဓာတ်ငွေ့ကဲ့သို့သော ဓာတ်ပေါင်းများ၊ အလွန်သေးငယ်သော ညစ်ညမ်းအမှုန်များ၊ အဆိပ်သင့်သောသတ္တုများ၊ အမိုးနီးယား၊ အနံ့ဆိုးများ၊ ရေဒီယိုသတ္တုကြွပစ္စည်းများ စသည်တို့သည် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသော လေထုညစ်ညမ်း ပစ္စည်းများဖြစ်သည်။
ယနေ့ကမ္ဘာပေါ်တွင် စက်မှုထွန်းကားသောနိုင်ငံများရှိ မြို့ကြီးများ၌ လေထုညစ်ညမ်းမှုများဖြစ်ပေါ်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများတွင် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ဖြစ်ပေါ်နေပြီး ယခု ထိုင်းနိုင်ငံ တွင်လည်း ဖြစ်ပေါ်နေသည်။ လေထုညစ်ညမ်းမှုသည် ပတ်ဝန်းကျင်သို့လည်း ရိုက်ခတ်သောကြောင့် မြန်မာနိုင်ငံ၏ နယ်စပ်မြို့အချို့တွင် ခံစားနေကြရသည်။
အခြားနိုင်ငံများတွင် စက်မှုဖွံ့ဖြိုးတိုးတက်မှုများကြောင့် လေထုညစ်ညမ်းမှုဖြစ်ရပြီး မြန်မာနိုင်ငံ၌ ပွင့်လင်းရာသီတွင် တောင်ယာမီးရှို့မှုနှင့် မြို့ပြများရှိ မော်တော်ယာဉ်နှင့် ပတ်ဝန်းကျင်မသန့်ရှင်းမှုကြောင့်လေထုညစ်ညမ်းမှုဖြစ်ရသည်။ မီးခိုးမြူများကြောင့်ဖြစ်ပေါ်သော မြင်သာသည့် လေထုညစ်ညမ်းမှုနှင့် မမြင်သာဘဲ လေထုထဲမှ အနံ့ဆိုးများပါသည့် ညစ်ညမ်းမှုတို့ကို သတိပြုကြရမည်ဖြစ်သည်။
လေထုညစ်ညမ်းမှုကို အထူးသဖြင့် ခံစားနေရသောဒေသများမှာ ဖွံ့ဖြိုးမှုလွန်မြို့ပြများဖြစ်သည်။ မြန်မာနိုင်ငံတွင် ရန်ကုန်မြို့သည် မော်တော်ယာဉ်နှင့် လူနေထူထပ်မှုကြောင့် လေထုညစ်ညမ်းမှုအများဆုံးဟု ဆိုရမည်ဖြစ်သည်။ လေထုတွင် အမှုန်၊ အရောင်များမရှိသော်လည်း မသန့်ရှင်းသောလေကို ရှူရှိုက်နေရသည်။ မသန့်ရှင်းသောလေကို ရှူရှိုက်လျှင် ရောဂါ အမျိုးမျိုးရနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
မသန့်ရှင်းသောလေကို ကြာကြာရှူရှိုက်မိပါက အဆုတ်၏လုပ်ငန်းစဉ်များကို ထိခိုက်ပျက်စီးမှုဖြစ်စေနိုင်သည်။ ချောင်းဆိုးရင်ကျပ်၊ ပန်းနာရင်ကျပ်ရောဂါ ဖြစ်စေသည်။ အရေပြားနှင့် ယားယံမှုကိုဖြစ်စေသည်။ ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေသည့် မီသိန်းဓာတ်ငွေ့မှာ ကမ္ဘာမြေ ပျက်စီးသွားနိုင်သည်အထိ ဒုက္ခပေးနိုင်သည်။ အနံ့မွှေးသော၊ အနံ့ပါသော လူတို့အသုံးပြုသည့် အငွေ့အသက်များသည် လူတို့ကိုပင် ဒုက္ခပေးနိုင်သည့် သွေးကင်ဆာနှင့် ကင်ဆာရောဂါ အမျိုးမျိုးဖြစ်စေနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ယနေ့လူသားများကို ဒုက္ခပေးနေသော နှလုံးနှင့် အဆုတ်ဆိုင်ရာ ရောဂါများသည် လေထုညစ်ညမ်းမှုကြောင့်ဖြစ်ရသည်။
ခဲ၊ ပြဒါး၊ ကာဗွန်၊ ကျောက်မီးသွေးစသည့် တွင်းထွက်ပစ္စည်းအချို့၊ စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ စူးရှသည့် အနံ့ထွက်သည့် လူသုံးကုန်များ၊ အမှိုက်၊ စွန့်ပစ်ပစ္စည်း၊ မိလ္လာအညစ်အကြေးများနှင့် နျူကလီးယားကဲ့သို့ ရေဒီယိုဓာတ်သတ္တိကြွပစ္စည်းများမှ လေထုအတွင်းသို့ ထုတ်လွှတ်သော ဓာတ်ငွေ့များသည် ယနေ့လူသားကမ္ဘာအား ဒုက္ခပေးနေသည့်ပစ္စည်းများပင် ဖြစ်သည်။ ထိုပစ္စည်း၊ ထိုဓာတ်ငွေ့များကို လူသားတို့ကပင် ဖန်တီးပြီး လူသားတို့ပင် အသုံးပြုကြကာ လူသားတို့ပင် ခံစားနေကြရသည်ကိုသတိပြုရမည်ဖြစ်သည်။ သမုဒ္ဒရာဝမ်းတစ်ထွာနှင့် ကြီးပွားချမ်းသာလိုမှုကြောင့် လုပ်ကိုင်နေကြသော်လည်း လောကသတ္တဝါများ အသက်ချမ်းသာ ရရေးကိုလည်း ကြည့်ရှုကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိသတ္တဝါများအား ပျက်စီးခြင်းကိုဖြစ်စေသည့် လေထုညစ်ညမ်းမှုများသည် လူသားများ ပြုပြင်စီရင်ဖန်တီးမှုများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်၍ လူသတ္တဝါများ ဆက်လက်ရှင်သန်ရေးအတွက် ဆင်ခြင်စီမံဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။
ကြေးမုံ