မကွေး ၂၃ သြဂုတ်
မကွေးမြို့မှ ရေနံချောင်း၊ နတ်မောက်နှင့် နေပြည်တော်လမ်းခွဲများဆုံရာ ကန်ပြားကျေးရွာ၌ သမိုင်းအမွေအနှစ်များ ထိန်းသိမ်း ထားရာ မကျီးတောဘုန်းတော်ကြီးကျောင်းတည်ရှိပြီး သက်တမ်း ၂၀၅ နှစ်ရှိ ဘုန်းတော်ကြီးကျောင်းမှာ ယိုယွင်းနေပြီဖြစ်သည့် အတွက် ပြင်ဆင်ထိန်းသိမ်းခြင်းများ ပြုလုပ်ရန် လိုအပ်နေကြောင်း သိရသည်။
“ ဥသြတွန်မည် ” ဟူသော စာအမှတ်အသားအရ ဘုန်းတော်ကြီးကျောင်းကို မြန်မာသက္ကရာဇ် ၁၁၇၅ ခုနှစ်ကတည်ဆောက်ခဲ့ ကြောင်း သိရပြီး တိုင်ပေါင်း(၉၇)လုံး ၊ ကျောင်းဆောင်(၇)ဆောင် ၊ အမိုးဘုံသုံးဆင့်ဖြင့် တည်ဆောက်ထားသည့် အဆိုပါ ကျောင်းတိုက်တွင် မင်းတုန်းမင်းလက်ထက် သိမ်အလှူစာချွန်တော်များ ၊ ရွှေပေလွှာများ ၊ မကျီးစေ့ကမ္မဝါများ ၊ ရှေးဟောင်း ကြွေအိုးများ ၊ ပေစာပုရပိုက်သိမ်းသည့် စာတိုက်နှင့် သံဃာတော်သုံး ရှေးဟောင်းကုဋီများကို လေ့လာတွေ့ရှိနိုင်သည်။
“ ဒီနေရာက ကန်ပြားကျေးရွာမတည်ခင်ကတည်းက ရှေးဘုရင်တွေလက်ထက် မင်းမိန့်စာချွန်လွှာတွေ ၊ အမိန့်ပြန်တမ်းတွေ ဖြန့် ဝေတဲ့ စီရင်စုဖြစ်ခဲ့ဖူးတဲ့နေရာပါ။ ဘုန်းတော်ကြီးကျောင်းက ရှေးနှစ်ပေါင်း၂၀ဝ လောက်ကတည်းက ရှိခဲ့တဲ့ကျောင်း။ လက်ရှိက ဒုတိယအကြိမ်ပြင်ဆင်တည်ဆောက်ထိန်းသိမ်းထားတာ။ စဆောက်တုန်းကတော့ ခေါင်မိုးကိုပေပြင်ကြီးတွေနဲ့ မိုးခဲ့ကြတာပေါ့။ ခေတ်ကာလအရ ပျက်စီးယိုယွင်းလာလို့ ဘုံသုံးဆင့်အမိုးကို သွပ်နဲ့ပဲပြန်မိုးလိုက်ရတယ်” ဟု မကျီးတော ကျောင်းထိုင်ဆရာ တော်ကြီးက မိန့်ကြားသည်။
ယင်းသို့ပြုပြင်ရာတွင် ငွေကျပ် သိန်း ၂၀ဝ ခန့်ကုန်ကျနိုင်သည်ဟု တတ်ကျွမ်းနားလည်သူများက ဆရာတော်ကြီးထံလျှောက်ထားကြပြီး ကျေးရွာဒေသခံများ၏ စီးပွားရေးအခြေအနေအရ တတ်နိုင်သည့်အနေအထားမရှိကြောင်း သက်တော်(၇၀)ရှိ ကျောင်းထိုင်ဆရာတော် ဦးတေဇနိထံမှ သိရသည်။
ရှေးမြန်မာတို့သည် နေ့နံစာချိုးတို့ဖြင့် သမိုင်းကို မှတ်တမ်းတင်လေ့ရှိပြီး“ ဥသြအော်မည် ကုန်းဘောင်တည် ” ဟူသော စာအရ ကုန်းဘောင်မင်းဆက်ကို မြန်မာသက္ကရာဇ် ၁၁၁၅ ခုနှစ်၌လည်းကောင်း ၊ “ ဥကျစ်ကျော်အေး မန္တလေး ” ဟူ သောစာအရ မန္တလေးမင်းနေပြည်တော်မြို့ကြီးကို မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်၌လည်းကောင်း အစပြုတည်ဆောက်ခဲ့ကြောင်း ၊ မကျီးတော ဘုန်းတော်ကြီးကျောင်းမှာ ကုန်ဘောင်မင်းဆက်၏ နှစ်(၆၀)အကြာတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့တည်နှစ်ထက် ၄၆ နှစ်စောကြောင်း မှတ်တမ်းများအရ သိရှိရသည်။
ဇေယျတု(မကွေး)