၇ နိုဝင်ဘာ
နေပူပူမှာ ရင်အေးစေတဲ့ သလဲသီးလေးကို စားတဲ့အခါ အရည်ပဲစုပ်ပြီး အစေ့ကို ပြန်ထွေးပစ်ကြ တာလား။ တကယ်တော့ နှမျောဖို့ကောင်းပါတယ်နော်။ အရည်နဲ့အစေ့မှာပါတဲ့ အစွမ်းအာနိသင် တွေကို အကုန်ရနိုင်ဖို့က ဖျော်ရည်အဖြစ် ကြိတ်သောက်ပစ်လိုက်တာပဲဖြစ်ပါတယ်။
သလဲသီးရဲ့အချိုရည်ထဲမှာ အပင်ထွက်ဓာတုပစ္စည်း အမျိုးပေါင်း ၁၀ဝ ကျော်ပါဝင်တာကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက ဆေးဖက်ဝင်ပစ္စည်းအဖြစ်အသုံးပြုလာခဲ့ကြပါတယ်။
ကနေ့ခေတ်မှာလည်း သလဲသီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်း သုတေသနတွေ ပြုလုပ်ခဲ့ကြပြီးနောက် ၎င်းက ကင်ဆာကာကွယ်နိုင်၊ ကိုယ်ခံအားကို ကောင်းစေပြီး သားသမီး ရရှိနိုင်ဖို့လည်း အထောက်အကူပြုတယ်လို့ တွေ့ရှိရပါတယ်။
သလဲသီးရဲ့ အကျိုးကျေးဇူးတွေကတော့ –
(၁) ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတယ်
သလဲသီးရဲ့အစေ့တွေမှာ ပိုလီဖနောဓာတ်တွေပါတာကြောင့် အနီရဲရဲအရောင်ရှိပါတယ်။ သည်ဓာတ်တွေက အစွမ်းထက်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ပါတယ်။
သလဲသီးမှာ တခြားသစ်သီးဖျော်ရည်တွေမှာထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှုပိုများပြီး ဝိုင်နီနဲ့ လက်ဖက်စိမ်းတို့မှာထက်လည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်း သုံးဆပိုများပါတယ်။ သူ့မှာပါတဲ့ သည်ဓာတ်တွေက free radicals တွေကို ဖယ်ရှားပေးပြီး ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးတဲ့အပြင် ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။
(၂) ဗီတာမင် C များတယ်
သလဲသီးတစ်လုံးစာ ဖျော်ရည်မှာ တစ်နေ့စာလိုအပ်တဲ့ ဗီတာမင် C ပမာဏရဲ့၄၀ ရာခိုင်နှုန်းကျော် ပါဝင်ပါတယ်။ ထုပ်ပိုးမှုမှာ အပူဓာတ်နဲ့ပိုးသတ်တာတွေလုပ်တဲ့အခါ ဗီတာမင်C ကဓာတ်ပြယ်တတ် တာကြောင့် အာဟာရဓာတ်အပြည့်အဝရ ချင်ရင် အိမ်မှာဖျော်သောက်တာ ကောင်းပါတယ်။
(၃) ကင်ဆာကာကွယ်နိုင်တယ်
သလဲသီးဖျော်ရည်က ဆီးကျိတ်ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို တားဆီးနိုင်တယ်လို့ သုတေသီတွေက မကြာသေးမီက တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် တွေ့ရှိမှုရလဒ်တွေက အစောပိုင်း အဆင့်သာရှိသေးတာဖြစ်ပြီး ရေရှည်မှာ ကင်ဆာကာကွယ်နိုင်သလား၊ ကင်ဆာရောဂါအန္တရာယ်ကို လျော့နည်းစေနိုင်သလားဆိုတာ သက်သေမပြနိုင်သေးပါဘူး။
(၄) အယ်ဇိုင်းမားရောဂါကာကွယ်နိုင်တယ်
သူ့မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အယ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုအရှိန်ကို တန့်စေပြီး မှတ်ဉာဏ်ကို မထိခိုက်အောင်ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။
၅) အစာချေဖျက်မှုကောင်းစေတယ်
သလဲသီးက အူတွင်းရောင်ရမ်းမှုကိုလျော့ကျစေနိုင်ပြီး အစာချေဖျက်မှုကိုကောင်းမွန်စေပါတယ်။ Crohn’s disease၊ အူမကြီးရောင်ရမ်းနာနဲ့ တခြားအူလမ်းကြောင်း ရောင်ရမ်းမှု ရောဂါရှိသူတွေ အတွက် ကောင်းကျိုးပြု တယ်လို့ သိရပါတယ်။
ဒါပေမယ့် ဝမ်းလျှောခြင်းအတွက် သလဲသီးက ကောင်းကျိုးပြုသလား၊ ပိုဆိုးစေနိုင် သလားဆိုတာကို သုတေသီတွေအကြား အငြင်းပွားနေတာတွေရှိတာကြောင့် ရောဂါ သက်သာလာတဲ့အချိန်ထိ သလဲသီးကို ရှောင်ထားပါလို့ ဆရာဝန်အများစုက အကြံပြုကြပါတယ်။
(၆) ရောင်ရမ်းမှုလျော့ကျစေနိုင်တယ်
သလဲသီးက ခန္ဓာကိုယ်အနှံ့ကရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်ပြီး ဓာတ်တိုးမှု ဖြစ်စဉ်နဲ့ ထိခိုက်မှုတွေ ဖြစ်မလာအောင် ကာကွယ်ပေးပါတယ်။
(၇) အဆစ်ရောင်ရောဂါကာကွယ်တယ်
သလဲသီးမှာပါတဲ့ ဖလေဗနောက အရိုးပွအဆစ်ရောင်နာနဲ့ အရိုးနုပျက်စီးမှုတို့ဖြစ်စေတဲ့ ရောင်ရမ်းမှုကို တားဆီးပေးနိုင်ပါတယ်။
(၈) နှလုံးကျန်းမာရေးအတွက်ကောင်းတယ်
သလဲသီးဖျော်ရည်က နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးထဲမှာပါဝင်ပြီး နှလုံးနဲ့ နှလုံးသွေးကြောတွေ အတွက် ကောင်းကျိုးပြု ကာကွယ်ပေးပါတယ်။ သူကနှလုံး သွေးကြောအတွင်း အဆီနဲ့ကိုလက်စထရော စုပုံကပ်ငြိမှု အန္တရာယ်ကိုနှေးကွေးစေနိုင်ပါတယ်။ ဒါပေမယ့် statins တွေလိုမျိုး သွေးတိုးနဲ့ကိုလက်စထရောဆိုင်ရာ ဆေးဝါးတွေနဲ့ မကောင်းတဲ့ ဓာတ်ပြုမှုရှိတတ်တာကြောင့် သည်ဆေးတွေနဲ့ကုသမှုခံယူနေရရင် သလဲသီးကို အားဖြည့် ဓာတ်စာအဖြစ်သောက်သုံးဖို့ ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။
(၉) သွေးတိုးထိန်းတယ်
သလဲသီးဖျော်ရည်ကိုနေ့တိုင်းသောက်ရင် သွေးတိုး(အပေါ်သွေး)ကျစေနိုင်ပါတယ်။ ဒါပေမယ့် ရေရှည်မှာ အပေါ်သွေး၊အောက်သွေး (သွေးဖိအားများခြင်း) ကို ကျစေနိုင်မလားဆိုတာ လေ့လာမှုတွေထပ်လုပ်ဖို့ လိုပါသေးတယ်။
(၁၀) ရောဂါပိုးမွှားတွေကိုသေစေနိုင်တယ်
ဗီတာမင် C နဲ့ ဗီတာမင် E တို့လို တခြားကိုယ်ခံအားမြှင့်တင်တဲ့အဟာရဓာတ်တွေကြားမှာ သလဲသီးက ဖျားနာခြင်းကို ကာကွယ်ပြီး ရောဂါကို ခုခံတိုက်ထုတ်ပေးပါတယ်။ ဓာတ်ခွဲခန်း စစ်ဆေးမှုတွေအရ သလဲသီးတွေဟာ ဘက်တီးရီးယားသေစေနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။
(၁၁) ဗီတာမင်တွေကြွယ်ဝတယ်
ဗီတာမင် C နဲ့ E အပြင် သလဲသီးမှာ ဖောလစ်အက်စစ်၊ ပိုတက်ဆီယမ်နဲ့ ဗီတာမင် K တို့ကြွယ်ဝစွာပါဝင်ပါတယ်။
(၁၂) မှတ်ဉာဏ်ကောင်းစေတယ်
တစ်နေ့ကို သလဲသီးဖျော်ရည် ၈အောင်စ သောက်ပေးရင် သင်ယူလေ့လာနိုင်စွမ်းနဲ့ မှတ်ဉာဏ်တို့မှာ တိုးတက်ကောင်းမွန်လာစေနိုင်တယ်လို့ မကြာသေးမီက သုတေသနတစ်ခုမှာဖော်ပြထားပါတယ်။
(၁၃) လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်နဲ့ သားသမီးရရှိနိုင်စွမ်း မြှင့်တင်ပေးတယ်
သလဲသီးဖျော်ရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှုများပြားတာကြောင့် သန္ဓေအောင်ခြင်းကို အလားအလာ ကောင်းစေနိုင်ပါတယ်။ ဓာတ်တိုးဖြစ်စဉ် (Oxidative stress) တွေက သုက်ပိုးချို့ယွင်းမှုကိုဖြစ်စေပြီး အမျိုးသမီးတွေမှာလည်း မျိုးဥသန္ဓေအောင်နိုင်စွမ်း နည်းပါး စေပါတယ်။
သလဲသီးဖျော်ရည်ကို သောက်သုံးခြင်းဖြင့် အမျိုးသားနဲ့အမျိုးသမီးတွေမှာ testosterone ဟော်မုန်းပမာဏ တိုးစေ ပါတယ်။
(၁၄) အားကစားစွမ်းဆောင်ရည်မှာ ခံနိုင်ရည်အားပြည့်စေတယ်
ဖျော်ရည်က အားကစားစွမ်းဆောင်ရည်ကိုမြှင့်တင်ပေးမယ့် ဆေးတစ်မျိုးဖြစ်နေပြီး နာကျင်မှုကို သက်သာစေ၊ ခွန်အားပြန်လည်ဖြည့်တင်းမှုကိုကောင်းမွန်းစေနိုင်ပါတယ်။
(၁၅) ဆီးချိုရောဂါအတွက် အကျိုးပြုတယ်
သလဲသီးကို အရှေ့အလယ်ပိုင်းနဲ့အိန္ဒိယတို့မှာ ဆီးချိုရောဂါအတွက်ဆေးဝါးအဖြစ် အရင်တည်းက သုံးစွဲခဲ့ကြပါတယ်။ သူ့ရဲ့အကျိုးပြုပုံသက်ရောက်မှုကို အများကြီးမသိရသေးပေမယ့် အင်ဆူလင် မတုံ့ပြန်နိုင်မှု ကို လျော့ပါးစေပြီး သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။
ရေးသားသူ -Yun Sandi Nan Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”