နိုင်ငံတကာ အရေးကိစ္စများကို တရားမျှတစွာဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် နိုင်ငံများ၏ ငြိမ်းချမ်းရေးကို ရှေးရှုဆောင်ရွက်ပေးနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံအား ကိုယ်စားပြု၍ ဖွဲ့စည်းထားသော ကုလသမဂ္ဂ အဖွဲ့ကြီး၏ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များမှာ မေးခွန်းထုတ်စရာများ ဖြစ်နေသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်ကိစ္စများနှင့် ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့အစည်း အချို့က ဖိအားပေးမှု နည်းလမ်းစုံကို တစိုက်မတ်မတ် ပြုလုပ်လျက်ရှိသည်။
မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့(FFM) ၏ အစီရင်ခံစာများ (ဒါရူစမင်၏ အစီရင်ခံစာများ)၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIM) အားဖွဲ့စည်းမှု၊ ရခိုင်ပြည်နယ် အရေးကိစ္စအပေါ် အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး(ICC)မှ တရားစီရင်ရေးနှင့် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ၏ ပါဝင်ဆောင်ရွက်မှုနှင့် စပ်လျဉ်းသော ရိုဆင်သယ်၏ အစီရင်ခံစာ စသည်တို့ဖြင့် မြန်မာနိုင်ငံအပေါ် အမျိုးမျိုးအဖုံဖုံ၊ အကြိမ်ကြိမ် ဖိအားပေး ဆောင်ရွက်လျက်ရှိသည်။
(၇၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ၏ ပဉ္စမနေ့ အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က ကုလသမဂ္ဂအနေဖြင့် နိုင်ငံများ၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာ ပိုမိုကောင်းမွန်ပြီး အရည်အသွေး ပြည့်ဝသော လုပ်ငန်းများကို အတူတကွ ပူးပေါင်းလုပ်ဆောင်သင့်ပါကြောင်းနှင့် စံနှုန်းနှစ်မျိုး ကျင့်သုံးမှုနှင့် ခြွင်းချက်ထားသည့် မူဝါဒ (exceptionalism)ကို သမာသမတ်ရှိစွာ ရှောင်ရှားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအစိုးအရအနေဖြင့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားလိုက်နာ၍ ပြည်သူများအားလုံး ငြိမ်းချမ်းသာယာဝပြောပြီး အကြောက်တရားများကင်းဝေးသည့် လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရေးကို သန္နိဋ္ဌာန်ချထားသည်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အရည်အသွေးမြင့် ပညာရေး ဖော်ဆောင်ရေး၊ ရာသီဉတုပြောင်းလဲမှု တိုက်ဖျက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ဖွဲ့စည်းပုံအခြေခံဉပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အခြေအနေများအား ဖြေရှင်းရေးတို့ကို တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် အချို့ကဏ္ဍများမှာ ဆောင်ရွက်ဆဲဖြစ်ပြီး အချို့ကဏ္ဍများတွင် အောင်မြင်မှုများ ရှိနေသည်ကို လက်တွေ့လေ့လာကြည့်လျှင် သိမြင်နိုင်မည်ဖြစ်သည်။ တိုတောင်းသော အချိန်ကာလအတွင်း ထိရောက်သောဆောင်ရွက်ချက်များကို ပြုလုပ်နိုင်သောကြောင့် နိုင်ငံအများကပင် အသိအမှတ်ပြုလာကြပြီ ဖြစ်သည်။ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအပေါ် မိတ်ဆွေ၊ မိတ်ဖက်နိုင်ငံများ၏ စစ်မှန်သည့် စိတ်ကောင်း စေတနာများအပေါ် အခြေခံသော အကူအညီများနှင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပေးနေကြပြီ ဖြစ်သည်။
ဤသို့ မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲ ဖြစ်ပေါ်မှုများအပေါ် နိုင်ငံများက အသိအမှတ်ပြုလာခြင်းကို ကုလသမဂ္ဂ အဖွဲ့ကြီးအနေဖြင့် မျက်ကွယ်ပြုထား၍ မရချေ။ မြန်မာနိုင်ငံအပေါ် စွမ်စွဲထားသည့် အစီရင်ခံစာ အမျိုးမျိုးမှာ တိကျမှု မရှိဘဲ လိုသလိုဆွဲယူထားသည့် အချက်များသာ ဖြစ်သည်။ အလွန်အကျွံ ဘက်လိုက်ပြီး လိုရာကို ကောက်ချက်ချထား သည့် ထင်မြင်ယူဆချက်များသာ ဖြစ်သည်။ ခွဲခြားဆက်ဆံသည့် လေ့လာစောင့်ကြည့်မှုများနှင့် မလိုမုန်းထးသည့် ရည်ရွယ်ချက်နှင့် နိုင်ငံရေးဖိအားပေးမှုများသည် ပြဿနာကို ဖြေရှင်းရာမရောက်ဘဲ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာကို ဝင်ရောက်စွက်ဖက်ရာ ရောက်နေသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ခိုင်မစွာ အမြစ်တွယ်စေရန်အတွက် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အပြုသဘောဆောင်သည့် နည်းလမ်းဖြင့် လက်တွဲပါဝင် ဆောင်ရွက်နိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် အခြားနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို တန်ဖိုးထားသော်လည်း အချုပ်အခြာအာဏာ ပိုင်ဆိုင်သည့် လွတ်လပ်သည့်နိုင်ငံ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ သမာသမတ်ရှိမှုကို လက်ခံပြီး မျှတမှုနှင့် စဉ်းစားချင့်ချိန်မှုမရှိသည့် အကျပ်ကိုင်မှုများကို လက်ခံမည် မဟုတ်ပါကြောင်း။ ။
(ကြေးမုံ)