မုံရွာ  ၉ အောက်တိုဘာ

သမားတော်ချစ်စံ(မုံရွာ)ဟု Facebook ပေါ်တွင်  ကိုဗစ်နိုင်ဆေးလျက်ဆား ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အခြေအနေအား မုံရွာခရိုင် စီမံခန့်ခွဲမှုကော်မတီက ဖွဲ့စည်းတာ၀န်ပေးသော ခရိုင်တိုင်းရင်းဆေး၊ ထွေ/အုပ်၊ ရဲတပ်ဖွဲ့၊ စည်ပင်၊ စားသုံးသူရေးရာ ဌာနတို့မှ တာဝန်ရှိသူများက အောက်တိုဘာ ၇ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ယင်း ကိုဗစ်နိုင်ဆေးလျက်ဆားသည် မှတ်ပုံတင်ထားမှုမရှိခြင်း၊ စစ်မှန်အစွမ်းထက်မှုနှင့် ဘေးအန္တရာယ် ကင်းရှင်းမှုအတွက် အာမခံချက်မရှိခြင်းတို့ကြောင့် သုံးစွဲရန်မသင့်ကြောင်းကို တိုင်းရင်းဆေးပညာ ဦးစီးဌာနက အသိပေးကြေညာချက်အား မြန်မာ့ရုပ်မြင်သံကြားမှလည်း ထုတ်ပြန်ထားပြီးဖြစ်သည်။

 

ကိုဗစ်နိုင်ဆေးလျက်ဆားထုတ်လုပ်မှုနှင့် စပ်လျဉ်း၍ ရန်ကုန်မှ သူငယ်ချင်းက အကူအညီတောင်းသဖြင့် တိုင်းရင်းဆေးမှတ်ပုံတင်အမှတ် ၁၊ ၂၊ ၂၉ ဆေး ၃ မျိုးကို ရောစပ်ပေးရာ သက်သာသည်ဆိုသဖြင့်  အချိန်တိုအတွင်း မှတ်ပုံတင်ခြင်းမပြုဘဲ နာမည်ပေးတံဆိပ်ကပ်၍ ပေးပို့ခြင်းသာဖြစ်ပြီး၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု မရှိကြောင်း၊ Facebook  post ကိုလည်း မိမိတင်ခြင်း မဟုတ်ကြောင်း၊ ကြေညာချက် ထုတ်ပြန်ပြီးသည့်နောက် ဆက်လက်ဆောင်ရွက်မှု မပြုတော့သဖြင့် ရောနှောပေါင်းစပ်ထားသည့် ဆေးမရှိတော့ကြောင်း  သမားတော်ချစ်စံ(မုံရွာ)က ပြောကြားသည်။

ထွန်းကိုကို(ယင်းမာပင်)