ရန်ကုန် ၈ သြဂုတ်
Smart Card ယာဉ်မောင်းလိုင်စင်ကို အတုပြုလုပ်၍မရအောင် လုံခြုံမှုအဆင့်မြှင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တွင် ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ အဖွဲ့ဝင်၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန် (ခ) ငမ်ခိုင်ပါးပါးက ပြောသည်။
"Smart Card လိုင်စင်နဲ့ပတ်သက်ပြီး အဆင့်မြှင့်ထားတာဖြစ်ပါတယ်။ အရင်တုန်းကလည်း Smart Card ဖြစ်ပါတယ်။ ဒါပေမယ့် အထဲက လုံခြုံရေးအဆင့့််မြှင့်တယ်၊ အတုလုပ်လို့မရအောင် အထဲမှာ ဘာရှိလဲဆိုတဲ့ဟာ၊ အရင်တုန်းက Smart Card လုပ်တုန်းက အသုံးပြုတဲ့ ပြည်သူတွေက အတု အစစ် ခွဲနိုင်အောင်ဆိုပြီး ကျွန်တော်တို့ ဘယ်ဟာတွေပါတယ်ဆိုတာ အသေးစိတ် ရုံးကနေ ကြော်ငြာပေးတာတွေရှိတယ်။ အခုတော့ အဲဒါကို ကြော်ငြာလို့မရပါဘူး။ ပြောလို့မရပါဘူး။ အထဲမှာ ဘာရှိတယ်ဆိုတဲ့ဟာတွေ ကိုင်တဲ့သူတွေ သိအောင်လို့ ကျွန်တော်တို့ ထုတ်ပြန်တဲ့အတွက်ကြောင့် အတုလုပ်တဲ့သူတွေက အဲဒီအတိုင်း လိုက်လုပ်တဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ဒီဟာတော့ ဘာတွေပါတယ်၊ ဘာတွေလျှို့ဝှက် ထည့်ထားတယ်ဆိုတဲ့ဟာကို လျှို့ဝှက်ထားပါတယ်"ဟု ဦးလျန်ကျင့်မန် (ခ) ငမ်ခိုင်ပါးပါးက ပြောသည်။
အဆိုပါ Smart Card မော်တော်ယာဉ်လိုင်စင်များကို ဇူလိုင် ၁ ရက်မှစ၍ အဆင့်မြှင့်ထားပြီး ကောက်ခံသည့်နှုန်းထားကိုလည်း ပြောင်းလဲခြင်းမရှိ ထုတ်ပေးခဲ့ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ပြီးခဲ့သည့်နှစ်တွင် အဆိုပါ Smart Card မော်တော်ယာဉ်လိုင်စင်များကို အတုပြုလုပ်သည့်အဖွဲ့များကို ဖမ်းဆီးအရေးယူထားပြီး အရေးယူမှု ၁၇ မှုရှိကာ တရားစွဲဆိုထားကြောင်း သိရသည်။
လက်ရှိ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် Smart Card ယာဉ်မောင်းလိုင်စင် လျှောက်ထားသူများကို စစ်ဆေးပြီး ယာဉ်မောင်းလိုင်စင် ထုတ်ပေးသည့်အပြင် မော်တော်ယာဉ်များ ယာဉ်အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ မော်တော်ယာဉ်နှင့် ပတ်သက်သည်တို့ကို မှန်ကန်ချက် ရှိ၊ မရှိ စစ်ဆေးခြင်း၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရန်အတွက် ဥပဒေ နည်းဥပဒေများ ထုတ်ပြန်ခြင်း၊ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခြင်းနှင့် နိုင်ငံတော်အတွက် ဘဏ္ဍာငွေရှာဖွေခြင်း လုပ်ငန်းများကို လုပ်ဆောင်ပေးနေကြောင်း သိရသည်။
ထို့ပြင် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် နယ်လှည့်စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပြီး မြို့နယ်တစ်မြို့နယ်ကို လေးလတစ်ကြိမ်ဖြင့် လစဉ် နယ်လှည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ လုပ်ဆောင်ရာတွင် ဝန်ထမ်းအင်အားမှာ လွန်ခဲ့သည့် ဆယ်နှစ်က ဖွဲ့စည်းပုံအတိုင်း တိုးလာခြင်းမရှိပဲ မော်တော်ယာဉ်များသာ တိုးလာသဖြင့် မနိုင်မနင်းဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။
ထို့ပြင် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ နေ့စဉ် လုပ်ငန်းလာရောက်လုပ်ဆောင်သည့် ယာဉ်စီးရေမှာ တစ်ထောင်ခန့်ရှိသောကြောင့် ယာဉ်ကြောကြပ်တည်းမှုကို ဖြစ်ပေါ်စေခဲ့သဖြင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ အွန်လိုင်းဘိုကင်စနစ်ကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့သဖြင့် ယာဉ်ကြောကြပ်တည်းမှုများကို ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိ မြန်မာတပြည်လုံးတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်အစီးရေမှာ ဆယ်သိန်း ကိုးသောင်းကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင်မူ အစီးရေ ငါးသိန်းလေးသောင်းကျော် ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ မော်တော်ယာဉ်အစီးရေသည် မြန်မာတစ်ပြည်လုံး၏ ထက်ဝက်ခန့်ရှိကြောင်း သိရသည်။
ငြိမ်းငြိမ်း


