နေပြည်တော် မေ ၂၃
SME နှစ်ဆင့်ချေးငွေစီမံကိန်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့ (Working Committee) (၁/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့ဉက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက JICA (ODA) SME နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့်-၁ ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအဆင့်-၂ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ စီမံကိန်းအဆင့်-၁ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း များဖြစ်သော PFI ဘဏ် (၆) ဘဏ်မှတစ်ဆင့် ၂၀၂၄ ခုနှစ်၊ ဧပြီလကုန်အထိ SME လုပ်ငန်းရှင် (၆၁၆)ဦးသို့ ချေးငွေကျပ် ၁၄၂ ဒသမ ၀၃၈ ဘီလီယံထုတ်ချေးခဲ့ပြီး ဖြစ်ကြောင်း၊ စီမံကိန်း အဆင့်-၂ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများဖြစ်သော PFI ဘဏ်(၁၁)ဘဏ်မှ တစ်ဆင့် ၂၀၂၄ ခုနှစ်၊ ဧပြီလကုန်အထိ SME လုပ်ငန်းရှင်(၁၈၆၉)ဦးသို့ ချေးငွေကျပ် ၃၆၈ ဒသမ ၃၆၉ ဘီလီ ယံထုတ်ချေးခဲ့ပြီး ဖြစ်ကြောင်း။
Working Committee အဖွဲ့ဝင်များ အနေဖြင့် ယနေ့ဆွေးနွေးသည့် အချက် အလက်များအပေါ်မူ တည်၍ နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများနှင့် ညီညွတ်အကျုံး ဝင်သည့် SME လုပ်ငန်းများထံသို့ အတိုးနှုန်းသက်သာသည့် နှစ်ဆင့်ချေးငွေများ ရောက်ရှိ စေရေးနှင့် ထိရောက်စွာ သုံးစွဲနိုင်ရေး အတွက် ဆွေးနွေးပေးစေလိုကြောင်း၊ ယခုစီမံကိန်း သည် အောင်မြင်သည့် စီမံကိန်းတစ်ခုဖြစ်သည့်အပြင် SME လုပ်ငန်းများအတွက်လည်း များစွာအကျိုးကျေးဇူးဖြစ်ထွန်းပါကြောင်း၊ နိုင်ငံတော်မှ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဦးတည်ဆောင်ရွက်နေချိန် ရည်ရွယ်ချက်နှင့် ကိုက်ညီသည့် စီမံကိန်း တစ်ခုလည်းဖြစ်ကြောင်း၊ ချေးငွေများကို ပြန်လည်ပေးဆပ်သည့်အချိန်တွင် အပြည့်အဝ ပြန်လည် ရရှိရန် လိုအပ်ကြောင်း၊ ချေးငွေအသစ်များကို ထုတ်ချေးရာတွင်လည်း သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်ကမ်းများ၊ မူဝါဒများနှင့် ကိုက်ညီစေရန် စနစ်တကျ စိစစ်ထုတ်ချေးရန်လိုအပ်ကြောင်း။
မြန်မာ့စီးပွားရေးဘဏ် အပါအဝင် PFIs ဘဏ်များအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒဖြစ်သည့် သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်း များ၊ ဒေသထွက် ကုန်ကြမ်းများကို အခြေခံသည့် MSME လုပ်ငန်းများကို ဦးစားပေးထုတ် ချေးနိုင်ရေး ဆောင်ရွက်ရန်နှင့် ထုတ်ချေးပြီးသည့် ချေးငွေများ NPL မဖြစ်ပေါ်စေရေး အတွက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယင်းချေးငွေသည် အတိုးနှုန်းသက်သာသည့် ချေးငွေဖြစ်သည့်အပြင် နိုင်ငံတော်မှ ချမှတ်ထားသည့် ဦးစားပေးကဏ္ဍများနှင့် ကိုက်ညီမှု ရှိသဖြင့် စဉ်ဆက်မပြတ် ထုတ်ချေးနိုင်ရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် အစည်းအဝေးကို အစီအစဉ်အတိုင်း ကျင်းပပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ကြသည်။
မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် လိုအပ်သော ငွေကြေး ထောက်ပံ့မှုများကို ကူညီပံ့ပိုးပေးနိုင်ရန် SME နှစ်ဆင့်ချေးငွေစီမံကိန်း အဆင့်-၁ ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၂ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်ကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်