ချစ်နိုင်(စိတ်ပညာ)


ကျွန်တော်ရင်းနှီးကျွမ်းဝင်ခြင်းမရှိတဲ့ အမျိုးသမီးကလောင်တစ်ချောင်း။ အမည်က ခင်ဦးတဲ့။ ကျွန်တော်နဲ့ တပ်ရင်းတစ်ရင်းတည်းအတူတကွ တာဝန်ထမ်းဆောင်ခဲ့ရပြီး နောင်အခါ ကျောက်မျက်ဦးဆောင်òန်ကြားရေးမှူး ဦးခင်ဦးဆိုတာရှိဖူးတော့ သူ့ဝတ္ထုတိုလေးကို စိတ်ဝင်စားမိတာနဲ့ စဖတ်ကြည့်တယ်။ ကလောင်သစ်ဆရာမခင်ဦး (သို့မဟုတ်) ခင်မေခ။

“ကျွန်မငယ်ငယ်တုန်းက အဖေ့ကို မချစ်ခဲ့ပါ”တဲ့။ “ကြောက်စိတ်နှင့်ရွံစိတ်သာရှိခဲ့ပါတယ်” တဲ့။ ဟာဗျာ အဖွင့်ဝါကျကို ဒီလိုစတာတော့ ကျွန်တော်ခံတွင်း မတွေ့လှ။ “အဖေနဲ့တူတဲ့ သမီးလို့ ကျွန်မကိုပြောတဲ့အခါတိုင်း မကြိုက်ခဲ့ပါဘူး” တဲ့။ ဒီလေသံမျိုးဆို ကျွန်တော် မကြိုက်ချင်ပါဘူး။ သို့ပေမယ့် သူ့အဖေပုံပန်းကို ဆက်ရေးတော့ ဆက်ဖတ်ဖြစ်ပါတယ်။ “အဖေ သို့မဟုတ် ကျွန်မ၏ စံပြပုဂ္ဂိုလ်” ဟူသောစာတစ်ပုဒ်ကို။ 


ပုံပန်း
“ညိုမှောင်တဲ့အသားအရေ၊ အရပ်မြင့်မြင့်၊ ခေါင်းဖြူဖြူ၊ မျက်ခုံးမျက်လုံး ကောင်းကောင်းတွေဟာ အဖေရဲ့ ထင်ရှားတဲ့ အမှတ်သညာတွေပါပဲ” တဲ့။ စသည်ဖြင့် ရုပ်လုံးပေါ်အောင် ရေးဖွဲ့လာပါတယ်။သဘောထားစာဖတ်သူရဲ့ မျက်စိထဲမှာသူ ့ဖခင်ရဲ့ ရုပ်ဆင်းအဂ ̄ ပုံပန်းသ္ဌာန်ကို ထင်ရှားပေါ်လွင်အောင် သရုပ်ဖော်တင်ပြပြီးတဲ့အခါမှာတော့ အဖေ့သဘောထားကို ဖော်ပြလာပါတယ်

“အဖေအိမ်မှာရှိရင် ကျွန်မတို့ကတော့ ကြောင်ရှိတဲ့ ြွကက်တွေလိုပါပဲ။ စကားကျယ်ကျယ်ပြောပြီး အငြင်းအခုံ မလုပ်ရဲ၊ ရန်မဖြစ်ရဲ၊ မဆော့ရဲကြပါဘူး။ အဖေကိစ္စတစ်ခုခုနဲ့ အပြင်သွားတိုင်း အလွန်ပျော်ကြတာ ကျွန်မတို့အငယ် မောင်နှမ သုံးယောက်ပါပဲ။ ကျွန်မတို့ မွေးချင်း ၁၁ ယောက် ရှိခဲ့တယ်။ အဖေမရှိရင် အိမ်မှာလွတ်လပ်ရေးပါပဲ။ ဗြောင်းဆန်အောင် ဆော့ကြ၊ ရန်ဖြစ်ကြ၊ ငြင်းကြ၊ ခုံကြ၊ ငိုကြ၊ ပူကြဆူကြတာ ကျွန်မတို့တွေပေါ့။”


“အဖေပြန်လာလို့ အတိုင်ခံရရင်တော့ တန်းစီပြီး ကြိမ်လုံးနဲ့ ဆော်ခံတာ ထိပါတယ်။”
အင်းပေါ့လေ။ အဖေ့ကို ကြောက်ရတာ များခဲ့ပေတာ ကိုး။ ကျွန်မငယ်ငယ်က အဖေ့ကိုမချစ်ခဲ့ပါဆိုတာ သဘော ပေါက်ပြီ။
အဖေဟာ အရပ်ထဲမှာ လူချစ်လူခင်ပေါပါတယ်။ ရပ်ထဲလမ်းထဲမှာ အလှူပွဲ မင်္ဂလာပွဲလုပ်မယ်ဆိုရင် အဖေကဦးစီးဦးဆောင်ပြီး အကုန်စီမံခန့်ခွဲတယ်။ ဘယ်သူဘယ်ဝါ ချက်ပြုတ်ရေးအဖွဲ့၊ မဏ္ဍပ်ဆောက်လုပ်ရေး အဖွဲ့၊ ဧည့်ခံကျွေးမွေးရေးအဖွဲ့၊ ဖျော်ဖြေရေးအဖွဲ့ စသည်ဖြင့် အကုန်လုံး ထောင့်စေ့အောင် စီမံပါတယ်။ အလှူရှင်လောင်းလှည့်မယ်ဆိုရင် မြင်းငှား၊ နတ်ပြ၊ ကွမ်းတောင်ကိုင်တွေအထိ မလစ်ရ၊ မဟာရအောင် ကြီးကြပ် နိုင်ပါတယ်။ ဦးဆောင်စီမံရုံတင်မက အောက်ခြေသိမ်းလည်းလိုအပ်ရင် ဝင်လုပ် ပေးသေးတယ်။ 

 

ရပ်ရေးရွာရေး
တစ်ရက်မှာ အလှူတစ်ခုရှိလို့ ကိုယ့်လမ်းထဲကအိမ်ကို အဖေသွားပြီးကူညီလုပ်ကိုင်ပေးနေတာတစ်နေကုန်။ အလှူသာပြီးသွားတယ် အဖေအိမ်ပြန်ရောက် မလာသေး။ အိမ်ကိုဧည့်သည်လာလို့၊ အဖေနဲ့တွေ့ချင်ပါတယ်ဆိုလို့ အမေက အဖေ့ကို သွားခေါ် ခိုင်းပါတယ်။ 
မဏ္ဍပ်ထဲမှာ အဖေ့ကို ရှာမတွေ့ပါ။ မဏ္ဍပ်အလွန် ကွင်းစပ်ဘက်အသံတွေကြားလို့ သွားကြည့်လိုက်တဲ့အခါ ဒန်အိုးအကြီးကြီးတစ်လုံး တိုက်ချွတ်ဆေးကြောနေပါတယ်။ ခေါ်လာပြီး အိမ်ပြန်ရောက်တဲ့အခါ အမေ့ကိုပြောပြတဲ့အခါ အမေကအဖေ့ကို “ကိုကြိုင်-ရှင်ကလေ သူများကိစ္စကူတာတော့ ကူပေါ့တော်။ လွန်လွန်းတယ်။ ဒန်အိုး တောင်တိုက်ရသလာ”လို့ အငေါ်တူးပါတယ်။
အဖေကတော့.....
“မရီရယ် အားလုံးကအလှူရက် မတိုင်ခင်ကတည်းက လုပ်ကိုင်နေကြရလို့ ပင်ပန်းနေကြပြီ။ အလုပ်ဆိုတာသာတယ်၊ နာတယ်မဟုတ်ပါဘူးဟယ်။ ကိုယ်နိုင်တဲ့ ဘက်က ဝင်ကူတာ ကုသိုလ်ရပါတယ်”တဲ့။
အမေကတော့ အဖေ့ကို ယောကျာ်းရွှေမိဆိုပြီး “ကိုရွှေမိ”လို့ ခေါ်တတ်ပါတယ်။ (ကလေးဆယ့်တစ်ယောက်ရဲ့ အဖေနဲ့အမေ ကိုကြိုင်နဲ့ မရီရဲ့ ချစ်စနိုးလေးတွေ အမြတ်တနိုးခေါ်တတ်ပုံကလည်း သတိပြုမိစရာပါ)။ 
အရပ်ထဲကတော့ ဦးလေးကြိုင်၊ ဘကြီးကြိုင်နဲ့ခေါ် ကြပြီး ရပ်ရေးရွာရေး ဟူသမျှ ကိုရွှေမိပါမှ။ အဖေဟာငယ်ဘဝ၊ အိမ်ထောင်သည်ဘဝ သားသမီး တစ်ကျိပ်ကျော်ကို မပူမပင်ရအောင် လုပ်ဆောင်ကျွေးမွေးခဲ့ပေမယ့် အသက် ၆၀ နီးတော့ သမီးကြီးကတစ်လှည့် တစ်အိမ်လုံးကိုကြည့်ရှုနိုင်တဲ့ ကုန်သည်ကြီး ဖြစ်လာတဲ့အခါ အဖေငွေရှာတဲ့တာဝန် မထမ်းရတော့ပါ။ 
အဖေဟာ အိမ်မှုကိစ္စတွေမှာ မနေနိုင်စွာ အိမ်သားအားလုံးအတွက် ဝင်ကူရှာ ပါတယ်။ ထမင်းချက်၊ အဝတ်လျှော်၊ ပန်းပင်ရေလောင်း၊ ချုံရှင်း၊ မီးပူတိုက်တာက အစ အမေ့ကို ကူလုပ်ပေးတယ်။ အလုပ်လုပ်ဖို့ရာ မပျင်း။
ရပ်ရွာလူမှုရေးလုပ်ငန်းဟူသမျှလည်း သူကရှေ့ဆုံးပဲ။ ရပ်ကွက်ထဲ ရေမြောင်း သန့်ရှင်း၊ ရေဆိုးလဲ၊ ပုဆိုးတိုတိုနဲ့ သူပါတာပဲ။
အဖေဦးဆောင်ပြီဆိုရင်လည်း တစ်ရပ်ကွက်လုံး သူ့နောက်ကတစ်အုပ်တစ်သင်း အားလုံးပါဝင်လာကြတာပဲ။ “လုပ်အားပေးပွဲပြီးရင်ကျွေးဖို့ ကောက်ညှင်းပေါင်းပါဦး မရီရယ်။ ငါးရံ့ခြောက်လေးလည်း ရှိတယ်မဟုတ်လား၊ ဖုတ်ထားနှင့်ကွယ်” ကိုယ်တိုင်လည်းပါဝင် ဦးဆောင်လုပ်အားပေးတဲ့အပြင် အကျွေးအမွေးလည်း ကူညီသေး။ တစ်ရပ်လုံးက ချစ်ခင်ကြ၊ ရိုသေကြတာပေါ့။
မြို့နယ်လူကြီးတွေက လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူထုလှုပ်ရှားမှုပါရမယ့် လုပ်ငန်းဟူသမျှ ဦးလေးကြိုင်ကို ထိပ်ဆုံးကပင့်ဖိတ်တိုင်ပင်ပြီး စီမံချက်ဆွဲ၊ အကောင်အထည်ဖော်။ လူထုအင်အားနဲ့ စုပေါင်းလုပ်ရင် အောင်မြင်တာချည်းပဲလေ။
အရပ်ထဲလူငယ်ဘာဝ ခိုက်ရန်ဒေါသဖြစ်ကြရင်လည်း ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှု ကျေအေးပပျောက်အောင် နှစ်ဖက်ဖျောင်းဖျဆုံးမပြီး ဒဏ်ကြေးအဖြစ် မြောင်းပေါက်၊ မြက်ခုတ်ခိုင်းလိုက်တာပါပဲ။ ရဲစခန်းမရောက်ရ၊ တရားရုံးမရောက်ရ။ ရပ်ကွက်ရုံးမှာတင်ပြီးပြတ်အောင် ဦးဆောင်နိုင်တဲ့ ဩဇာရှိတယ်။ (ရာထူးသူကြီး၊ ဆယ်အိမ်မှူးမဟုတ်ပေမယ့် အာဏာမသုံးရဘဲ ဩဇာသက်ရောက်မှုနဲ့ စီမံဝေဖန်တတ်တယ်)ရပ်မိရပ်ဖလူကြီး။
မိဘဆုံးမလို့မနိုင်တဲ့ သားသမီးတချို့ဆို အဖေ့ဆီကိုအပ်ကြတယ်။ အဖေက ချိုချိုသာသာနဲ့ နားဝင်အောင် ပြောပြတတ်လို့ ပြုပြင်ပြောင်းလဲသွားကြတာပဲ။ ရပ်ကွက်၊ ကျောင်း၊ မိဘဆရာအသင်းမှာလည်း ဥက္ကဋ္ဌလုပ်ရတယ်။ ကျောင်းတိုးတက်ရာ တိုးတက်ကြောင်းကို ကျောင်းအုပ်ဆရာကြီးတွေထက် အဆများစွာပါဝင်လှုပ်ရှားတယ်၊ ပင်ပန်းခံနိုင်ပါတယ်။ ရပ်ရွာအပေါ် စေတနာသန့်သူမဟုတ်လား။ ဥပမာ ကျောင်းကို မပျက်စီးအောင် ထိန်းသိမ်းဖို့၊ ကျောင်းနံရံသစ်သား၊ ဝါးထရံတွေကို ရေနံချေးသုတ် တဲ့အခါ လူငယ်တွေနဲ့အတူ သူကိုယ်တိုင် ဝင်သုတ်တဲ့အဖေပါ။ (တခြားလူတွေက ရေနံ ချေး စွန်းပေမှာစိုးလို့ အနားတောင်မလာပါ။)
လူကြီးလူငယ်မရွေးအဖေ့ကို ချစ်ကြလွန်းလို့၊ ကြည်ညိုကြလို့ အမေက မျက်စိဆံပင်မွေးစူးပါတယ်။ ဟိုကလည်း ဦးလေးကြိုင်၊ ဒီကလည်း ဘကြီးကြိုင်နဲ့ “ကိုရွှေမိ” ဖြစ်နေတဲ့ အဖေ့ကို .. 
“ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူတယ်။ သမီးကောင်းလို့ ရှင်အခုလိုခေါင်းပေါင်း ဖြူရတာ ကိုကြိုင်ရဲ့။ အမလေး၊ ကိုယ့်ထမင်းကိုယ်စားပြီး ဘကြီးနွားကျောင်းတာ လည်း လွန်လွန်းတယ်တော်”တဲ့။
အဖေကတော့ ဟဲဟဲ.. ဟဲဟဲနဲ့ ရယ်နေတာပါပဲ။ အပြင်မှာ မျက်နှာချိုလှတဲ့အဖေဟာ ကျွန်မတို့အပေါ်မှာတော့ မျက်နှာအင်မတန်တည်ပါတယ်။ မျက်နှာသာမပေးပါဘူး။ အဲဒါကြောင့်လည်း ကျွန်မတို့က အဖေ့ကို မချစ်ပါဘူးတဲ့။
ဒါပေမယ့် ........
အရွယ်ရောက်လာတဲ့အခါမှာ စဉ်းစားကြည့်တော့ အဖေက သားသမီးတွေကို လိမ္မာစေချင်လို့၊ စာတော်စေချင်လို့၊ ဒီလိုနေထိုင်တာပဲဆိုတာ တွေးမိလာပါတယ်။ ပညာရေးကိုလည်း အင်မတန်အားပေးတဲ့ အဖေပါ။

 

သျှောင်ထုံး၊ နားပေါက်၊ ထိုးကွင်း
ကြည့်ဦး။ သမီးတွေစာကျက်ပျက်မှာစိုးလို့ သမီးတွေရဲ့ ချွေးခံအင်္ကျီကအစ လျှော်ပေးတဲ့ အဖေပါ။ စာကျက်ရင်လည်း နားထောင်နေတတ်ပါတယ်။ 
ငယ်ငယ်က ရွာမှာနေရတဲ့အဖေဟာ ဘုန်းကြီးကျောင်းထွက်ပါ။ ဘဝအခြေအနေနဲ့ အလုပ်တွေကရခဲ့တဲ့ အတွေ့အကြုံကြောင့် အင်္ဂလိပ်စကားနဲ့ ကုလားစကားကို ထမင်းစားရေသောက် ပြောနိုင်ပါတယ်။ (ပညာကိုလိုလားတဲ့ အကျင့်၊ ပညာကို အားပေးတဲ့ အလေ့အထရှိတာ ထင်ရှားသိသာပါတယ်။)
အဖေ့ကို ကျွန်မကြိုက်တဲ့အချက်က ပေါင်မှာထိုးကွင်းတွေ အပြည့်ထိုးတာပဲ...တဲ့။
နားမှာလည်း နားပေါက်ကြီးနဲ့ ။ “အဖေ ဒါကဘာလဲ” လို့မေးရင် “လူပျိုဘဝကသျှောင်ထုံးနဲ့၊ နားကပ်နဲ့”လို့ ပြောပါတယ်။ အဖေ့ကိုကြည့်ပြီး ကျွန်မသီချင်းတစ်ပုဒ်ကို သတိရပါတယ်တဲ့။ (အဲဒါ ဆရာရွှေပြည်အေးရေးပြီး ရုပ်ရှင်မင်းသမီး မေချစ်ဆိုခဲ့တဲ့ ထိုးကွင်းလေးနဲ့ ခြင်းခတ်သူသီချင်းပါ)
“ချစ်တဲ့သူ ကိုဆံရှည် သျှောင်ကြီးဗွေ၊ ရွာတောင်ခြေ၊ ညောင်ပင်မလေ၊ အရိပ် ဖြာဝေ၊ လူပျိုတစ်တွေ၊ မိတ်သဟာဆွေ၊ ဒီမြေတလင်း၊ လယ်ကွင်းဆင်းတာလေ... ဘယ်ခြေညာခြေ၊ ဒူးပေါင်ရိုးအတွင်းမှာလေ၊ ထိုးကွင်းနဲ့အလှသားအေ၊ ခြင်းလုံးကို သူခတ်ကစားနေ... ခါးတောင်းမြောင်အောင်ကျိုက်ကာထား.......”
ယောကျာ်းပီသတဲ့အပြင် သတ္တိလည်းရှိလှတဲ့အဖေ။ သူ့အဖေရဲ့ ရုပ်သွင်ကို မြင်ယောင်အောင် ရေးဖွဲ့ ပြီးစိတ်ဓာတ်သတ္တိကိုလည်း မျက်မြင်အဖြစ်အပျက် တစ်ခု ဖော်ပြပြီးရေးလိုက်တယ်။

 

မမေ့နိုင်တဲ့ဖြစ်ရပ်တစ်ခု
သတ္တိရှိလှတဲ့ အဖေနဲ့ပတ်သက်ပြီး မမေ့နိုင်တဲ့ အဖြစ်အပျက်တစ်ခုဟာ ကျွန်မမျက်စိထဲမှာ စွဲနေပါတယ်။ ကျွန်မတို့ငယ်ငယ်က ကျွန်မတို့လမ်းနဲ့ကပ်လျက် တပ်ဖွဲ့လမ်းထိပ်မှာ လူငယ်တွေရန်ဖြစ်ရာက ဓားတွေ၊ တုတ်တွေနဲ့ ခုတ်နေကြပါတယ်။
သွေးရဲရဲဖြစ်နေတဲ့ ရန်ပွဲကို ဖြေရှင်းဖို့ အဖေ့ကို အပြေးအလွှားလာခေါ် ကြပါတယ်။ အဖေဟာ စွပ်ကျယ်ချိုင်းပြတ်နဲ့ အိမ်ကပြေးဆင်းသွားပါတယ်။ 
စပ်စုလှတဲ့ ကျွန်မကလည်း အဖေ့နောက်ကနေ ပြေးလိုက်သွားပါတယ်။ 
ရန်ပွဲကလည်း ကြောက်ခမန်းလိလိပါပဲ။ ခေါင်းမှာ သွေးချင်းချင်းနီနေတဲ့ တစ်ယောက်။ 
ပခုံးမှာ ဓားခုတ်ရာနဲ့ အင်္ကျီတစ်ခုလုံး သွေးတွေ ရွှဲနေတဲ့ တစ်ယောက်။
ခေါင်းကိုရိုက်ခံထားရလို့ ပုံလျက်သား လဲကျနေတာက တစ်ယောက်။
အုပ်စုလိုက်ရန်ပွဲဟာ မြင်မကောင်းတော့ပါဘူး။ ရပ်ကွက် ကောင်စီဥက္ကဋ္ဌနဲ့ အဖွဲ့က ကွမ်းယာဆိုင်ကနေ လှမ်းအော်နေပါတယ်-
 “ဟေ့ကောင်တွေ တော်တော့၊ တော်တော့” ပြောနေပေမယ့် ဘယ်သူမှ အသိစိတ်မကပ်တော့ဘူး။ (အကုန်သွေးရူးသွေးတမ်း ကြမ်းရမ်း နေကြတာ)
အဲဒီမှာရန်ပွဲကို ရောက်လာတဲ့အဖေဟာ လမ်းထိပ်ထင်းဆိုင်က တုတ်တစ်ချောင်းကိုယူပြီး ရန်ပွဲအလယ်ကောင်ထဲကို ဝင်သွားပါ တော့တယ်။ ဂျပန်ကင်ဒိုဓားကိုင်ပြီး ခုတ်နေတဲ့ကောင်ရဲ့လက်ကို အဖေက ထင်းတုတ်နဲ့ ရိုက်ချလိုက်ပါတယ်။


ပြီးတော့ တုတ်အကြီးကြီးကိုင်ပြီး ရိုက်နေတဲ့ကောင်ရဲ့ ခြေထောက်ကိုထပ်ပြီး ရိုက်ချလိုက်ပါတယ်။ အဓိကလူ နှစ်ယောက် ဖယ်ပြီးသွားတဲ့အခါမှာ ရန်ပွဲဟာ ငြိမ်ကျသွားပြီ။ အဖေ့ကိုခုတ်မလို့ ပြေးလာတဲ့ ကောင်လေးက အဖေ့မျက်နှာကိုလည်း မြင်ရော “ဘကြီးကြိုင်” ဆိုပြီး ဓားချသွားပါတယ်။ ဆေးရုံပို့တဲ့လူပို့ ၊ ရဲစခန်းပို့တဲ့လူပို့။ အဖေကတော့ ဆေးရုံလိုက်သွားပြီး အားလုံးစီမံပေးပါတယ်။ 

 

နောက်ဆုံးခရီး
အဖေ့အသက် ၆၃ နှစ်မှာ ကွယ်လွန်ပါတယ်။ အများကြည်ညို လေးစားကြတဲ့ အဖေဆုံးတဲ့အခါ ဘုန်းကြီးပျံလောက် စည်ကားခဲ့ပါတယ်။ ရပ်ကွက် လူငယ် အဖွဲ့ကဦးဆောင်ပြီး အဖေ့ဈာပနကို တခမ်းတနား လုပ်ကြပါတယ်။ ရပ်ကွက်မီးသတ်တပ်ဖွဲ့ လူငယ်တွေနဲ့ စတင်တည်ထောင်ဖွဲ့စည်းပြီး တူညီ ဝတ်စုံကအစ ထောက်ပံ့လှူဒါန်း မတည်ခဲ့တာ အဖေပါပဲ။ ၁၉၈၃ ခုနှစ်မှာ အဖေကွယ်လွန်ခဲ့တာ။ (ကြည့်စမ်း ၃၆ နှစ်တောင် ကြာခဲ့ပါပြီ။ နောက်နှစ် ၂၀၂၀ ပြည့်နှစ်ဆို အဖေ့နှစ် ၁၀ဝ။ အဖေက ၁၉၂၀ ပြည့်နှစ်က မွေးခဲ့တာလေ)
လူငယ်တွေစိတ်ကြိုက် ဈာပနဖြစ်တဲ့အတွက် မှန်ခေါင်းနဲ့ သဂြ ငိ်ု္ဟ်ပါတယ်။ အိမ်ကနေ ရပ်ကွက်လမ်းထိပ်အထိ အဖေ့အလောင်းကို ရပ်ကွက်လူငယ်၊ လူကြီးတွေက ထမ်းပို့ကြပါတယ်။
မီးသတ်၊ ကြက်ခြေနီ၊ အခြားလူမှုရေးအဖွဲ့အစည်းတွေ၊ ဝတ်အသင်းတွေ၊ အဖွဲ့တွေ ကြိတ်ကြိတ်တိုးပါပဲ။ ရာထူးအာဏာမရှိဘဲ၊ မယူဘဲ ရပ်ကွက်ရဲ့ ကောင်းကျိုး မှန်သမျှ ရှေ့ဆုံးက ပါဝင်လုပ်ဆောင်ပေးသူ၊ ဆိုးကျိုးမှန်သမျှ မညည်းမညူ ရင်စည်းခံခဲ့သူ၊ ရပ်ရွာကချစ်ခင်ကြည်ညို၊ လေးစားခံရတဲ့ပုဂ္ဂိုလ်။ အဖေသေတဲ့ အခါမှာ အလောင်းလှပါတယ်။ တစ်ရပ်ကွက်လုံး ယူကျုံးမရ ငြွေိုကးကြတဲ့ပွဲလို့ ဆိုရမှာပါပဲ။
ငယ်ငယ်တုန်းက စည်းကမ်းတင်းကျပ်လွန်းလို့ အဖေ့အပေါ်မှာ မကြည်ဖြူခဲ့တဲ့ ကျွန်မဟာ အရွယ်ရောက်လို့ လုပ်ငန်းခွင်ဝင်တဲ့အခါ အဖေ့သွေးတွေ စီးမျောနေပါ တယ်တဲ့။ဘယ်ကိုပဲသွားသွား “ဒါ ဦးလေးကြိုင် သမီးလား”ဆိုတဲ့ မေးခွန်းစကားဟာ ကျွန်မကို ယုံကြည်မှုတွေ ပြည့်ဝစေပါတယ်တဲ့။ သူမပြောပေမယ့် သိမြင်လိုက်ရတာက “သမီးလေ... အဖေ့သမီးဖြစ်ရတာ သိပ်ဂုဏ်ယူတယ်” ဆိုတဲ့ သူ့ခံစားမှုပါပဲ။


 မရေးဘဲ၊ မပြောဘဲနဲ့ ပြသနိုင်ခဲ့တယ်။ တော်ပါတယ်။ နှစ်ခါ သုံးခါဖတ်မိတိုင်းမျက်ရည်ဝိုင်းမိတယ်။ မွေးရကျိုးနပ်တဲ့ သမီးလေးပဲ။ သူကစာရေးတတ်တယ်။ အဖေ့ကိုမချစ်ခဲ့ဘူး။ မချစ်ဘူးဆိုရင် အဖေကောင်းပုံ၊ တော်ပုံတွေကို ဆရာမ ခင်မေခက ရေးပြတတ်ပါတယ်။ ကွက်ကွက်ကွင်းကွင်း ရေးတတ်လွန်းလို့ ချီးကျူးမိပါတယ်။


ဆရာမခင်မေခဆိုတာ ကလောင်သစ်စာရေးဆရာမ တစ်ဦးပါ။ စာဖတ်အား လည်းရှိပုံရတယ်။ ရေးသားမှုလေ့ကျင့်ခဲ့တာလည်း ရှိမယ်ထင်ပါတယ်။ သူရေးခဲ့ သမျှထဲက လက်ရွေးစင် စာအပုဒ် ၄၀ ကို “နှလုံးသားလေးဆယ်” ဆိုပြီး စုစည်း ထုတ်ဝေလာတယ်။ အကြောင်းအရာ ရည်ရွယ်ချက်ကောင်းတာလေးတွေ ရွေးချယ် ရေးတတ်တယ်။ ရည်ရွယ်ချက်ကောင်း၊ စိတ်ကောင်းနှလုံးကောင်းနဲ့ ရေးခဲ့တော့ လှပတယ်။ အတတ်ပညာရေးသားမှုအနုပညာမှာတော့ လေ့ကျင့်ရင်း ပိုပိုကောင်း လာဦးမှာပါ။ 


မိဘကို ကျေးဇူးသိတတ် ကျေးဇူးဆပ်တဲ့သားသမီးများဆိုတာ ကောင်းစား တင့်တယ်စမြဲပါ။ ဆရာမခင်မေခ တိုးတက်အောင်မြင်မှာပါလို့ အားပေး ကြိုဆိုလိုက်ပါတယ်။ မြန်မာ့အလင်း