သီဆို၊ တီးမှုတ်၊ ကခုန်ခြင်း အနုပညာသည် မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်း ၁၅၀၀ ကျော်ခန့်ကပင် ထွန်းကားခဲ့သည်။ ခရစ်နှစ် ၈ ရာစုတွင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးသွားရောက်ခဲ့သည့် သရေခေတ္တရာ ပျူယဉ်ကျေးမှုအဖွဲ့အကြောင်း တရုတ်ပြည်မှ မှတ်တမ်းများတွင် ဖော်ပြထားရာ ပျူယဉ်ကျေးမှုအဖွဲ့၏ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားပုံနှင့် သီဆို၊ တီးမှုတ်၊ ကခုန်၊ ဖျော်ဖြေပုံတို့ကို အသေးစိတ်မှတ်တမ်းတင် ချီးကျူးခဲ့သည်။

 

ပုဂံခေတ်တွင် ပျူ၊ မွန်၊ မြန်မာ ယဉ်ကျေးမှုများရောနှော ပေါင်းစပ် တိုးတက်ထွန်းကားခဲ့သော်လည်း ထိုခေတ်၏ တေးသီချင်း၊ ဂီတနှင့် ကနည်းကဟန်တို့မှာ မှတ်တမ်းတင်မကျန်ရစ်ခဲ့ဘဲ နံရံဆေးရေး ပန်းချီများ၊ စဉ့်ကွင်းရုပ်ပုံများ၊ ကျောက်စာအထောက် အထားများတွင်သာ တွေ့ရှိရတော့သည်။ ပုဂံခေတ် ကုန်ဆုံးပြီးနောက် မြန်မာ့တေးသီချင်း၊ ဂီတများနှင့် စပ်လျဉ်း၍ အစောဆုံး မှတ်တမ်းအဖြစ် ပင်းယခေတ် ကာချင်း၊ တျာချင်းတို့ပေါ်ပေါက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ကဗျာ၊ လင်္ကာ၊ တေးဂီတ အနုပညာရပ်များ ထုနှင့်ထည်နှင့် ထွန်းကားခဲ့သောကာလမှာ အင်းဝခေတ်ဖြစ်သည်။ ထိုခေတ်တွင် ပဒေသရာဇ်မင်းမိဖုရားတို့၏ နန်းတော်အတွင်း၌ ထီးသုံး နန်းသုံး ကြိုးဘွဲ့သီချင်းခံတို့ ရေးဖွဲ့ သီဆိုခဲ့ကြသလို ပြည်သူများနေထိုင်ရာ မြို့ပြနှင့် ကျေးလက်ဒေသ များတွင်လည်း အဲချင်း၊ အိုင်ချင်းတို့ သီကုံးခဲ့ကြပြီး မိရိုးဖလာဓလေ့ထုံးတမ်းများအကြောင်း၊ သဘာဝပတ်ဝန်းကျင်များအကြောင်း၊ လူမှုဘဝများ အကြောင်းတို့ကို ဖွဲ့ဆိုခဲ့ကြသည်။

 

မြန်မာ့သမိုင်း ခေတ်အဆက်ဆက်တွင် ရေးဖွဲ့သီဆို ကခုန်တီးမှုတ်ခဲ့ကြသည့် ရိုးရာယဉ်ကျေးမှု အနုပညာရပ်များသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့မှုကြောင့် ပစ္စုပ္ပန်ကာလသို့တိုင် တည်မြဲခဲ့ခြင်းဖြစ်သည်။ “မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပညာရပ်တွေဟာ National Treasure ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကာလများမှာ မြန်မာ့ ယဉ်ကျေးမှုအကကို ဖက်စပ်ဖန်တီးမှုတွေကြောင့် ဖက်စပ်အကတွေ ခေတ်စားလာရပြီး မြန်မာ့ယဉ်ကျေးမှုအတွက် စိုးရိမ်ရေမှတ် အနေအထားအထိ ဖြစ်လာပါတယ်။ ရွှေတိဂုံစေတီ ပုံရိပ်ပေါ်မှာ ဖိနပ်နင်းအက ကခဲ့ရတဲ့အထိ ဘာသာရေးနဲ့ ယဉ်ကျေးမှုနယ်ပယ် ပျက်စီးခဲ့ရပါတယ်။ မြန်မာ့ဓလေ့ရဲ့ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားဆိုတဲ့ မွန်မြတ်လှသော အလေ့အကျင့် တွေအပေါ် Online Media တွေအသုံးချကာ လူငယ်တို့ရဲ့ ယဉ်ကျေးသိမ်မွေ့မှု အခြေခံစိတ်ဓာတ်တွေကို ဖျက်ဆီးခံခဲ့ရပါတယ်” ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ်ပြည့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

 

သမိုင်းအစဉ်အလာကြီးမား၍ ဂုဏ်သိက္ခာမြင့်မားလှသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကို မပျောက်မပျက် အောင် ထိန်းသိမ်းသည့်အနေဖြင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို မကြာ မတင်သော ကာလတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပတော့ မည်ဖြစ်သည်။ ရိုးရာယဉ်ကျေးမှု လက်ဆင့်ကမ်းအမွေကို ကောင်းစွာထိန်းသိမ်းရန်နှင့် အနာဂတ် မျိုးဆက်သစ်များသို့ လွှဲပြောင်းပေးအပ်နိုင်ရန်မှာ မျက်မှောက်ခေတ်မျိုးဆက်တို့၏ အမျိုးသားရေး တာဝန်ဖြစ်သည့်အလျောက် မကြာမီကျင်းပတော့မည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို တစ်ခဲနက် ပါဝင်အားပေးကြရပါမည့်အကြောင်း။ ။

 

မြန်မာ့အလင်း