ဇူလိုင် ၇
လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ်နီးပါးခန့် ၁၉၆၂ ခုနှစ်ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဖြိုချဖျက်ဆီးခံလိုက် ရသည်။ ထိုအဆောက်အအုံနှင့်အတူ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းပါ တဖြည်းဖြည်းချင်း မှိန်ဖျောက်ခံခဲ့ရလေသည်။ တန်ဖိုးထား မြတ်နိုးသူတို့က ကျောင်းသားသမဂ္ဂဟူသည့် ဝိညာဉ်ကို ဆက်လက်ထိန်းသိမ်းထားခဲ့ခြင်းဖြင့်သာ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းတို့ ရှင်သန်ကျန်ခဲ့သည်ဟု ဆိုသော်ရကောင်း၏။
အမှန်တော့ မြန်မာ့လွတ်လပ်ရေးသမိုင်း၌ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂသည် အလွန်တန်ဖိုးကြီးသော အမွေအနှစ်တစ်ခု ဖြစ်ချေ၏။ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဦးအောင်ဆန်း၏ လွတ်လပ်ရေးလှုပ်ရှားမှု နိဒါန်းပျိုးရာ၊ ဘူမိနက်သန်အသေအချာ ဖြစ်ပေ၏။ အနှီး ကျောင်းသား သမဂ္ဂကပင် မြန်မာ့လွတ်လပ်ရေးသမိုင်းထဲက ခေါင်းဆောင် အမြောက်အမြားကို မွေးထုတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ။
ထို့ကြောင့်ပင် ရန်ကုန်တက္ကသိုလ်သည် လည်းကောင်း၊ တက္ကသိုလ် ကျောင်းသားသမဂ္ဂသည် လည်းကောင်း၊ အမျိုးသား လွတ်လပ်ရေးသမိုင်း၏ တန်ဖိုးကြီးလှသော အမွေအနှစ် ဖြစ်ချေ၏။ နိုင်ငံများတွင် မိမိတို့ တန်ဖိုးထားထိန်းသိမ်းကြသည့် အမွေအနှစ်များရှိကြ၏။ အမျိုးသားအမွေအနှစ်၊ ယဉ်ကျေးမှု အမွေအနှစ်၊ သမိုင်းအမွေအနှစ်၊ သဘာဝအမွေအနှစ် စသည်ဖြင့် ရှိကြ၏။ အမွေအနှစ် ဟူသည် တန်ဖိုးထားမှုပေါ်တွင် တည်၏။
မိမိနိုင်ငံ၏ သမိုင်းကို ချစ်မြတ်နိုးသူတို့အတွက် သမိုင်းဆိုင်ရာ အချက်အလက်များ၊ သမိုင်းထဲက လူပုဂ္ဂိုလ်များ၊ သမိုင်းထဲက စကားများ၊ သမိုင်းထဲက အယူအဆအတွေးအခေါ်နှင့် မိန့်ဆိုချက်များ၊ သမိုင်းထဲကအမှတ်တရပစ္စည်းများ၊ အဆောက် အအုံများတို့သည် တန်ဖိုးမဖြတ်နိုင်။ ။
ထိုအမွေအနှစ်များသည်ကား တန်ဖိုးထားတတ်သူ၊ တန်ဖိုးကို သိနားလည်တတ်သူတို့ကသာ မြတ်နိုးထိန်းသိမ်းတတ် လေ့ရှိကြ၏။
သမိုင်း အမွေအနှစ်ဖြစ်စေ၊ ဘာသာရေး အမွေအနှစ်ဖြစ်စေ၊ ယဉ်ကျေးမှု အနုပညာ အမွေအနှစ်ဖြစ်စေ၊ အမျိုးသားရေး အမွေအနှစ်ဖြစ်စေ၊ သဘာဝ အမွေအနှစ်ဖြစ်စေ၊ မည်သို့သော အရပ်ဒေသက မည်သို့သော အမွေအနှစ်များဖြစ်စေ၊ အမွေအနှစ်တို့၏ တန်ဖိုးကို သိနားလည်သူတို့က တိုင်းပြည်နယ်နိမိတ်တို့၏ စည်းကိုကျော်ကာ မြင်၏။ ကမ္ဘာ့လူသားအားလုံးနှင့် သက်ဆိုင်သော တန်ဖိုးထားအပ်သည့် အမွေအနှစ်များအဖြစ် သတ်မှတ်ထိန်းသိမ်းကာ မြတ်နိုးကြလေသည်။
လူသားတို့၏ အမွေအနှစ်ကို တန်ဖိုးထားတတ်မှ လူ့သမိုင်းသည် အသက်ရှည် ရှင်သန်မည်ဖြစ်၏။ နိုင်ငံ၏ အမျိုးသားအမွေအနှစ်များ၊ ယဉ်ကျေးမှုအနုပညာ အမွေအနှစ်များ၊ သာသနိက အမွေအနှစ်များ၊ သဘာဝအမွေအနှစ်များကို တန်ဖိုးထားတတ်မှ နိုင်ငံ၏သမိုင်းနှင့်အတူ နိုင်ငံတော်အသက်ရှည် ရှင်သန်မည် ဖြစ်ပေသည်။
လူ့သမိုင်း၏ တိုးတက်ပြောင်းလဲလာမှု အဆင့်ဆင့်ကို အမွေအနှစ်များက ဖော်ပြ၏။ ယင်းတို့ကို တန်ဖိုးထားခြင်းသည် သမိုင်းတိုးတက်ပြောင်းလဲလာမှုကို တန်ဖိုးထားခြင်းဖြစ်၏။ သမိုင်းကို တန်ဖိုးမထားတတ်လျှင် အနာဂတ်ကို မျှော်လင့်လို့ မရနိုင်။
အာဏာကိုသာ တန်ဖိုးထားတတ်သူတို့ မြန်မာနိုင်ငံ၏သမိုင်း တန်ဖိုးအမြင့်ဆုံးထဲက တစ်ခုဟု ဆိုနိုင်သည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဗုံးခွဲဖြိုဖျက်လိုက်သော်လည်း၊ သမိုင်းအမွေ အနှစ်တို့၏ တန်ဖိုးကို နားလည်သူတို့က မည်သို့မည်ပုံ စနစ်တကျ ထိန်းသိမ်းကြမည်ကို ကြံဆကြရန်လိုပါမည်။ ။
မြန်မာ့အလင်း