သမိုင်းအမွေခံစားနိုင်ပါစေ

မောင်စိန်လွင်(မင်းကင်း)

နှစ်စဉ် ဇူလိုင်လဆန်းရောက်လာလျှင် ရေဒီယို၊ တီဗွီတို့မှအာဇာနည်နေ့နှင့်သက်ဆိုင်သော သီချင်းသံများ ကြားရ မြဲဖြစ်သည်။ ယနေ့နံနက် ကျောင်းအနီးရှိအိမ်မှ အာဇာ နည်နေ့သီချင်းသံ ထွက်ပေါ်လာတော့ ကလေးများနား စိုက်ထောင်နေကြသည်ကို ဆရာမလေး ယမင်းခင်သတိပြုမိသည်။ “ဪသည်...ဂီတအနုပညာက အတိတ်သမိုင်းကြောင်းကိုအမှတ်ရအောင် ခံစားမိစေပါလား”အမှန်ပင် ယမင်းခင်တို့လို ပြည်သူအားလုံး အာဇာနည်နေ့ကို မမေ့သင့် အလေးပြုကြရမှာအမှန်ပင်။

အတိတ်သမိုင်း ဖြစ်စဉ်များ
ယနေ့ ယမင်းခင် တစ်ကိုယ်လုံး ပေါ့ပါးနေသည်။ ကျောင်းကအပြန် လမ်းလျှောက်ရင်း အတွေးများက အစီအရီဖြစ်နေသည်။ တကယ်တော့ ယမင်းခင်တို့လိုခေတ်လူငယ်များသည် အာဇာနည်နေ့ကိုမီခဲ့သူများ မဟုတ်ကြ။ ယမင်းခင်ကို မွေးဖွားခဲ့သည်မှာ ၁၉၈၈ ခုနှစ်ဇူလိုင်လဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသော ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့နှင့်ဆိုလျှင် ၄၁ နှစ်ကွာပါသည်။ ဒီတော့ အာဇာနည်နေ့ပေါ်ပေါက်လာခဲ့ရသော အတိတ်သမိုင်းဖြစ်စဉ်များ ယမင်းခင် သိမှတ်ခဲ့ရသည်မှာ လူကြီးမိဘနှင့် ဆရာ ဆရာမတို့ ပြောပြခဲ့သည်မှတစ်ဆင့် သိရှိခဲ့ရ၊ မှတ်သား ခဲ့ရခြင်းဖြစ်သည်။ ယမင်းခင်တို့ ကြီးပြင်းလာတော့ကျောင်းက သင်ပေးသည့် နိုင်ငံသမိုင်းနှင့် အခြားစာစောင်များ ဖတ်တတ်လာသောအခါ လူကြီးမိဘများ ပြောကြား ခဲ့သော စကားတို့မှာ ပိုပြီးပြက်ပြက်ထင်ထင် ဖြစ်လာခဲ့သည်

ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော ပုဂ္ဂိုလ်မှာ ယမင်းခင်တို့နိုင်ငံတွင် ယနေ့မျက်မှောက်ကာလတိုင်အောင်ပင် တစ်ဦးတစ်ယောက်မျှ မပေါ်ထွန်းသေးသော ပုဂ္ဂိုလ်မျိုး။ ကလေးဘဝ ငယ်စဉ်ကတည်းက ဇွဲသတ္တိကောင်းသူ။ အမှန်ကိုဖုံးကွယ်ပြီး လိမ်လည်ပြောသည်ကို မကြိုက်သူ။ ကျောင်းနေစဉ် အတန်းထဲတွင် ထူးချွန်ခဲ့သူ။ ကျောင်းမှာ ရောအိမ်မှာပါ စာအလွန်ဖတ်သူ။ ရေနံချောင်းမြို့အမျိုးသားအထက်တန်းကျောင်းသားဘဝကတည်းက သူ့ကျွန်ဘဝရောက်ခဲ့ရသော ကိုယ့်တိုင်းပြည် လွတ်လပ်ရေးပြန်လည်ရရှိရန် စဉ်းစားနေတတ်သူ။

ပြင်းပြထက်သန်
ဆယ်တန်းအောင်ပြီး ၁၉၃၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ရောက်သည့်အခါ ရိုးရိုးသားသားဝတ်ဆင်နေထိုင်ခဲ့သလို ကျောင်းပြင်ပဗဟုသုတရဖို့ ပြင်ပစာပေ များကို ရှာဖွေဖတ်ရှုကာနေတတ်သူ။ နိုင်ငံလွတ်လပ်ရေး အတွက်သာ အာရုံရှိနေသဖြင့် နိုင်ငံရေးကျမ်းများဖတ်ရှုကာ လွတ်လပ်ရေးအတွက် မဖြစ်မနေကြိုးပမ်းလိုစိတ်ပြင်းပြထက်သန်နေသူ။ ယမင်းခင်တို့ သူငယ်ချင်းတစ်စုကလည်း ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်လေးစားစိတ်၊ ကြည်ညိုစိတ်၊ အလွန်အားကျဂုဏ်ယူစိတ်များ ဖြစ်ပေါ် ခံစားမိခဲ့ကြသည်။ ယမင်းခင်အနေနဲ့ ပြောရလျှင်တစ်ခေတ်လျှင် တစ်ယောက်ဆိုသောစကားထက်ကိုလိုနီကျွန်ဘဝမှ ယနေ့မျက်မှောက်ကာလတိုင်တစ်ယောက်ဟုဆိုနိုင်သော ဗိုလ်ချုပ်၏အကြောင်းများ မှာ တိုင်းပြည်လွတ်လပ်ရေးအတွက် ဒူးမထောက် လက်မမြှောက်တမ်း ကြိုးပမ်းခဲ့သည့် အကြောင်းများဟုဆိုချင်ပါသည်။

နိုင်ငံသမိုင်းမှာ အထင်ကရမှတ်တိုင်များအနေဖြင့်၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် လန်ဒန်မြို့ ဒေါင်းနင်းလမ်း အမှတ် (၁၀) ဟုတွင်သည့် ဗြိတိသျှ နန်းရင်းဝန်အိမ်၌ အောင်ဆန်း-အက်တလီစာချုပ်ကိုချုပ်ဆိုနိုင်ခဲ့သည်။ ထိုစာချုပ်အရ တောင်တန်းဒေသနေ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များကိုယ်တိုင်က ပြည်မနှင့် အေးအတူပူအမျှ လွတ်လပ်ရေးကို အတူရယူလိုပါသည်ဟူသောအချက်အတွက်လည်း ၁၉၄၇ ခုနှစ်ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကိုဗိုလ်ချုပ်နှင့် တိုင်းရင်းသားကိုယ်စားလှယ်ခေါင်းဆောင်များ လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့သည်။

ဒီလို နိုင်ငံ၏သမိုင်းအထင်ကရမှတ်တိုင်များ စိုက်ထူခဲ့သည့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသည်ကား အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီး ခြောက်လမပြည့်သေးမီ ပင်လုံစာချုပ်ကိုချုပ်ဆိုနိုင်ခဲ့သည်။ ထိုစာချုပ်ကြောင့်ပင် နယ်ချဲ့ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို လွတ်လပ်ရေးပြန်လည်ပေးအပ်ခဲ့ရသည်။ ပင်လုံစာချုပ် ချုပ်ဆိုပြီးငါးလတာနှင့် သီတင်း တစ်ပတ်အကြာမှာပင် မသမာသူ နယ်ချဲ့လက်ပါးစေလူတစ်စု၏ ရက်စက်ယုတ်မာသော လုပ်ကြံမှု၌ အသက်ဆုံးရှုံးခဲ့ရလေသည်။ ယမင်းခင် တွေးကြည့်မိပါသည်။ ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့်နေ့မှစ၍ ရေတွက်လိုက်တော့ ငါးလတာနှင့်၁၆ ရက်မြောက်သောနေ့တွင် မိမိတို့နိုင်ငံ ကျွန်သပေါက်ဘဝမှ ပြန်လည်လွတ်လပ်ခဲ့သည်။ အလွန်ဝမ်းနည်းစရာ ကြီးပင် မဟုတ်ပါလား။

တွေးကြည့်မိခဲ့
ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ထိုကာလတွင်မရှိတော့ပါ။ ဗြိတိသျှတို့၏ အလံကိုချ၍ မြန်မာ နိုင်ငံအလံကိုလွှင့်တင်သည့် အခမ်းအနား။ ပထမဆုံး လွတ်လပ်ရေးအောင်ပွဲအခမ်းအနား ကျင်းပပုံကိုဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊ လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့သူအပေါင်းတို့သည်တမလွန်ဘဝမှ တွေ့မြင်နေကြလိမ့်လေမလား။ ယမင်းခင်တွေးကြည့်မိခဲ့ခြင်းဖြစ်သည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် (စနေနေ့) နံနက်၁၀ နာရီ ၃၇ မိနစ်တွင် ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ နယ်ချဲ့လက်ပါးစေတို့၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်။ ထိုနေ့ကား အတွင်းဝန်များရုံးတွင်ဗိုလ်ချုပ်နှင့် အစိုးရဝန်ကြီးများ အစည်းအဝေးကျင်းပ ချိန်ဖြစ်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများ ကျရှုံးခဲ့ရ ခြင်းဖြစ်ပါသည်။
အာဇာနည်ခေါင်းဆောင်ကြီးများမှာ -- 
-ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇)
- သခင်မြ (၁၈၉၇-၁၉၄၇)
- ဦးဘချို (၁၈၉၃-၁၉၄၇)
- ဦးရာဇတ် (၁၈၉၈-၁၉၄၇)
- ဦးဘဝင်း (၁၉၀၁-၁၉၄၇) 
-မန်းဘခိုင် (၁၉၀၃-၁၉၄၇)
- မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း (၁၉၀၇-၁၉၄၇)
- အတွင်းဝန် ဦးအုန်းမောင် (၁၉၁၃-၁၉၄၇)
- သက်တော်စောင့်ရဲဘော်ကိုထွေး(၁၉၂၉-၁၉၄၇) တို့ဖြစ်ကြသည်။ 
ထို့ကြောင့် နှစ်စဉ်ဇူလိုင်လ ၁၉ ရက်နေ့သည် မိမိတို့နိုင်ငံ၏ မမေ့သင့်သည့် အာဇာနည်နေ့။ အခုဆို လျှင် (၇၂) နှစ်မြောက်ခဲ့ပြီ။

ဗိုလ်ချုပ်ကျဆုံးချိန်တွင် အသက် ၃၂ နှစ်ပင်ရှိသေးသည်။ ယမင်းခင် အခုလတွင် ၃၁ နှစ်ပြည့်ပါသည်။ ဒီအသက်အရွယ်နှင့် ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်၏ခေါင်းဆောင်။ အခုယမင်းခင်မှာ အလယ်တန်းပြဆရာမ ဘဝ။ သူ့အသက်အရွယ်မျှနှင့် ကိုလိုနီလက်အောက်ရောက်နေသော ကိုယ့်နိုင်ငံကိုကြည့်ခဲ့ပြီး ဘာတစ်ခုမျှ ကိုယ်ကျိုး မယူ။ အသက်ကိုပင် စွန့်သွားခဲ့သော ဗိုလ်ချုပ်ဘဝ စွမ်း ဆောင်ကြိုးပမ်းမှုတို့ကား အာဇာနည်မှ အာဇာနည်ပါပင်။ ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ရက်စက်စွာ လုပ်ကြံခံရသည်က ယုတ်မာလွန်းပေစွ။ ဆုံးရှုံးရမှု ကြီးမား လွန်းပေစွ။ တစ်တိုင်းတစ်ပြည်လုံး ကြိမ်မီးအုံးဝမ်းနည်းပူဆွေးရလွန်းပေစွ

“ဘယ်ဘာသာသင်သင် နိုင်ငံသမိုင်းဆိုတာကိုယမင်းတို့လိုလူငယ်တွေ သိထားရမှာကွဲ့” 
ဦးကြီးတော်သူ အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးလှတင့် ပြောခဲ့ဖူးသည့်စကား။

လေ့လာထားဖို့လို
“ဆရာ ဆရာမဖြစ်လာရင် ကိုယ်သင်တဲ့ ဘာသာ မဟုတ်ပေမယ့် ကိုယ့်နိုင်ငံသမိုင်းကို ခြေခြေမြစ်မြစ်နားလည်ထားဖို့လိုတယ်။နောက်ပြီးက္ဘာ့သမိုင်းဖြစ်ရပ်တွေကိုလည်း လေ့လာထားဖို့လိုတယ် ယမင်းရဲ့”
ဦးကြီး မကြာခဏပြောတတ်သောစကားများကိုယမင်းခင်အမြဲသတိရနေတတ်သည်။ သို့ဖြင့် ယမင်းခင်တစ်ယောက် ကိုယ်သင်ရသောကျောင်းစာအပြင် အတိတ်က မြန်မာ့သမိုင်း၊ က္ဘာ့ခေတ် သမိုင်းအကြောင်းများ ဖတ်ရှုလာတော့ အတိတ်ပစ္စုပ္ပန်ကို တွေးတောခံစားတတ်လာခဲ့သည်။ ဒီတော့ ကိုယ်ကလည်း သမိုင်းလက်ဆင့်ကမ်းရမည့်သူတစ်ဦးဖြစ်လာခဲ့ပြီ။ ဒီနှစ်ကျောင်းဖွင့်ပြီးသည်နှင့် ယမင်း ခင်တစ်ယောက် သူ့တပည့်များကို အလုပ်ပေးခဲ့သည်။
ကလေးများအိမ်ပြန်ရောက်လို့ မိဘများနှင့်နေချိန် အာဇာနည်နေ့အကြောင်း မေးမြန်းခဲ့ဖို့၊ နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊ အာဇာနည်နေ့နှင့် ပတ်သက်သော ရုပ်ပုံ၊ ပန်းချီကား၊ ဓာတ်ပုံ၊ စာရွက်စာတမ်းအထောက်အထား၊ ကဗျာများ စုဆောင်းလာကြရန် အလုပ်လေး များ ဖြစ်သည်။ အလုပ်လေးတွေလုပ်လာဖို့မခိုင်းခင်ကလေး တွေ ခေါင်းထဲသို့ သိထားသင့်သော ဗိုလ်ချုပ်နှင့်အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်းကိုစာသင်ရင်း နေ့စဉ်ရှင်းပြထားသည်။ တကယ့်သမိုင်း အကြောင်းပြောပြတော့ ယမင်းခင်၏ ဆဋ္ဌမတန်းကလေး များ စိတ်ဝင်စားကြပါသည်။

တစ်ပတ်အကြာမှာ ကလေးများစုဆောင်းလာ သော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေး အကျဉ်း၊ ဓာတ်ပုံ၊ ပန်းချီကား၊ ကဗျာ၊ အထောက်အထား များကို ယမင်းခင်နှင့် သူ့တပည့်များ ဖြတ်ညှပ်ကပ်ဝိုင်း လုပ်နေကြသည်။ အာဇာနည်နေ့အကြို ဟောပြောပွဲနေ့တွင် ပြခန်းတစ်ခုပြရန်ဖြစ်သည်။ ကျောင်းအုပ်ဆရာ ကြီးတွေ့သွား၍ ဤသို့ စကားဆိုလာခဲ့သည်
“ဆရာမဒေါ်ယမင်းခင်”
“ရှင် ဆရာကြီး”
“ဆရာမနဲ့ ဆရာမတပည့်တွေက သိပ်တော်တာပဲ”
“ရှင်”
“မရှင်နဲ့ဆရာမ။ ဒီနှစ်အာဇာနည်နေ့အကြို ဟော ပြောပွဲ ဆရာမကို တာဝန်ပေးပါတယ်။ ဆရာမကိုကျွန်တော်ယုံကြည်သွားပြီ”

စိတ်ပါလက်ပါဖတ်ရှု
အကြိုဟောပြောပွဲနံနက်တွင် ယမင်းခင်နှင့်တပည့်များ ပြခန်းလေးတစ်ခု ပြနိုင်ခဲ့သည်။ ကျောင်း သား ကျောင်းသူအာလုံး စိတ်ဝင်တစား ကြည့်ရှုလေ့လာကြသည်။ ထိုအထဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ စစ်ဝတ်စုံဖြင့်ပါရှိသော ငွေစက္ကူများကို ကျောင်းသား ကျောင်းသူများပါမက ဆရာ ဆရာမများလည်း မတွေ့မမြင်ဖူး၍ စိတ်ဝင်တစား ကိုင်တွယ်ကြည့်ရှုကြသည်။ ဗိုလ်ချုပ်တို့ ကျဆုံးသည့်နေ့က မိုးကောင်းကင်သည်နိမိတ်ပြသည့်အလား မိုးဖွဲဖွဲရွာနေခဲ့ပြီး ဗိုလ်ချုပ်တို့လုပ်ကြံခံရပြီဆိုသောသတင်းဆိုးက တောမီးပမာပျံ့နှံ့ကြားသိကြရသောအခါ လူထုအပေါင်း ဝမ်းနည်းကြပုံများကိုလည်း ကလေးများ စိတ်ပါလက်ပါဖတ်ရှုကြသည်။ ဖတ်ရှုပြီး ကလေးတွေမှာ စိတ်ခံစားကြရပုံလည်း တွေ့ရကြသည်။

ရန်ကုန်မြို့ရှိ ဂျူဗလီဟော၌ ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးတို့၏ ရုပ်ကလာပ်များကိုခြောက်လတိုင်တိုင် ပြည်သူများ ကြည့်ရှုရန် ထားရှိပုံကိုလည်း ကလေးများစိတ်ဝင်တစား မှတ်သားကြသည်။ ရုပ်ကလာပ်များကို ဇူလိုင်လ ၂၁ ရက်နေ့က ယူဆောင်လာကာ ထားရှိခြင်းဖြစ်သည်။ ဇူလိုင်လ ၂၆ ရက်နေ့သည် ရက်လည်နေ့ဖြစ်သည်။ အစိုးရက ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ရုံးများ၊ ကျောင်းများ၊ ရုပ်ရှင်ရုံများ ပိတ်ထားကြသည်။ လူတန်းစားအလွှာစုံလာရောက်ကြကာ အာဇာနည်ကြီးများအား အရိုအသေ ပေးကြသည်မှာ တစ်သုတ်ပြီးတစ်သုတ် မိုးချုပ်သည့်တိုင်အောင် လူမစဲပုံမှာ ခေါင်းဆောင်ကြီးများကို တန်ဖိုး ထားကြောင်း ဆရာ ဆရာမများကိုယ်တိုင် သဘော ပေါက်မိလာကြသည်။ အားလုံးစိတ်ဝင်စားသော အခြား တစ်ခုမှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ် ၃ ရပ်ကွက်အမှတ် (၂၅) ဗိုလ်ချုပ်ပြတိုက်လမ်းမှာရှိသည့် ဗိုလ်ချုပ်နေထိုင်ခဲ့ရာ နေအိမ်ကို ဗိုလ်ချုပ်ပြတိုက်အဖြစ် ထားရှိကြောင်း ဓာတ်ပုံနှင့် အကြောင်းအရာ အချက်အလက်တို့ပင် ဖြစ်သည်။ တစ်ရက်ရက် လေ့လာရေးခရီးသွား ဖြစ်လျှင် ကလေးများကို ဗိုလ်ချုပ်ပြတိုက်သို့ လေ့လာ ရေးပို့ပေးမည်ဟု ယမင်းခင် တွေးထားလေသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီးနောက် ယမင်းခင် ဆက်ဟော ပြောရသည်။ ယမင်းခင်ကချည်း တောက်လျှောက်ပြော မနေတော့ပါ။ ကလေးများနှင့် အဓိကအကြောင် အရာများကို လိုရင်းရောက်အောင် ကိုယ်ကမေးရင်း သူ့တပည့်များက ဖြေရင်း ပြောရင်း မမေ့အပ်သည့်အာဇာနည်နေ့အကြိုဟောပြောပွဲ ပီပီပြင်ပြင်ဖြစ်လာခဲ့သည်။
“ကဲ နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့ဆိုတာဘာနေ့လဲ”
“အာဇာနည်နေ့ပါ ဆရာမ”
“ဒါဆိုရင် အာဇာနည်ပုဂ္ဂိုလ်တွေဟာ မေ့မေ့လျော့လျော့ရှိရမယ့် ပုဂ္ဂိုလ်တွေလားကွယ်”
“ဘယ်တော့မှ မမေ့အပ်ပါ ဆရာမ”
“အေး....မမေ့အပ်တဲ့ အာဇာနည်ဆိုတာ ဘယ်လိုမျိုးလဲလို့ ကျော်ကျော် တစ်ယောက်တည်းထဖြေပါ ဦးကွယ်”
“အာဇာနည်ပုဂ္ဂိုလ်ဆိုတာ သာမန်လူထက်လက်ရုံးရည်ရယ်၊ နှလုံးရည်ရယ် ထူးကဲသာလွန်ပြီးအများ အကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်ကြသူများ ဟာ မမေ့အပ်တဲ့ အာဇာနည်များဖြစ်ပါတယ် ဆရာမ”
“အေး မှန်ပါတယ်ကွယ်”

ကျောင်းဖွင့်ပြီး သီတင်းပတ်တွင် ယမင်းခင် ကြိုးစား မှုများက အောင်မြင်မှုအပြည့်အဝရရှိခဲ့လေပြီ။အခု ယမင်းခင် အသက်နှင့်ပင်ကွာလှသော အာဇာနည်နေ့သမိုင်းအသိကို လက်ဆင့်မကမ်းကြလျှင်ဝေးသည်ထက် ဝေးသွားကြပေလိမ့်မည်။ ထိုသို့ယမင်းခင် အဖြစ်မခံနိုင်၍ အတိတ်သမိုင်းအမွေတာဝန်ကျေခဲ့ရပြီ။ ဟောပြောပွဲအပြီး ယမင်းခင် အိမ်ပြန်အရောက်တွင် တီဗွီမှ ခေတ်ဟောင်းအဆိုတော်ကြီး ဒေါ်မေလှမြိုင်၏သီချင်းက ဆီးကြိုနေလေပြီ။
“နှစ်လနာရီ ခါရာသီရွေ့ပေမယ့် အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ.....။ ယနေ့ဖြင့် သတိတရား ထားကြဖို့အခြေ အများပြည်သူတွေ-----အများပြည်သူတွေ အာဇာနည်နေ့ကိုလေ တွေးရှုကာပဲ အလေး ပြုပါမယ်လေ .......။”
ဪသည်..ဂီတအနုပညာက အတိတ်သမိုင်းဖြစ်ရပ်ကို အမှတ်ရအောင် ခံစားမိပါတကား။ ဒေါ်ယမင်းခင်ရင်ထဲမှာတော့ အာဇာနည်နေ့သမိုင်းအသိစွဲငြိသွား လေပြီ ......