၁၃  သြဂုတ်

မြန်မာနိုင်ငံ၏သမိုင်းတင်ခေတ်ကို လေ့လာရာတွင် ကျောက်စာများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့သည့် မြန်မာနိုင်ငံ၏သမိုင်းကို ဖော်ထုတ်ရာတွင် ရှေးခေတ်များက ရေးထိုးခဲ့သည့် ကျောက်စာများသည် ပညာရှင်နှင့် သုတေသီများ အဓိကအားကိုးကြရသည့် ခိုင်မာသော အထောက်အထားများ ဖြစ်ကြပေသည်။ သို့သော် ရှေးကျောက်စာများကို မျက်မှောက်ခေတ်သုံး အက္ခရာများဖြင့် ရေးထိုးခဲ့ခြင်း မဟုတ်သဖြင့် ယင်းတို့၏ အဓိပ္ပာယ်ကိုသိရှိရန် ကျောက်စာပညာကို လေ့လာသင်ယူကြရသည်။ ကျောက်စာများကို လေ့လာခြင်းဖြင့် ကျောက်စာရေးထိုးသောခေတ်က ယုံကြည်မှုအယူဝါဒများ၊ ယဉ်ကျေးမှုအနုပညာများနှင့် လူမှုဆက်ဆံရေးများကို မှန်းဆအကဲခတ်နိုင်သဖြင့် နိုင်ငံသမိုင်းကို များစွာအထောက်အကူဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ရေးသားထားသည်။

လူသားများသည် စာပေအရေးအသားကို မတီထွင်နိုင်မီက မိမိတို့ပြောလိုသည့် အကြောင်းအရာများကို အရုပ်များ၊ သင်္ကေတများဖြင့် မှတ်တမ်းတင်ခဲ့ကြပြီး အက္ခရာစာလုံးများကို အသုံးပြုနိုင်ခဲ့ချိန်တွင် စာသားများဖြင့် ရေးသားခဲ့ကြသည်။

ကျောက်စာ စာအုပ်များ

ထို့ကြောင့် ရှေးဟောင်းကျောက်စာများကို လေ့လာနိုင်ရန် ပညာရှင်များ စုဆောင်းပြုစုခဲ့သည့် ကျောက်စာလေ့လာမှုဆိုင်ရာ စာအုပ်များကို ခေတ်အဆက်ဆက်ထုတ်ဝေခဲ့ကြသည်။ ၁၈၈၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပါဠိဘာသာပါမောက္ခမှ ကမ္ပည်းကျောက်စာဌာန၊ ကျောက်စာဝန်ဖြစ်လာခဲ့သူ ဒေါက်တာ အီးဖောချမ်းမား (Dr.E Forchhammer)သည် မြန်မာနိုင်ငံအတွင်းရှိ ကျောက်စာများကို မင်ဖြင့် မိတ္တူများ ကူးယူခဲ့သည်။ ဖောချမ်းမား ကွယ်လွန်ပြီးနောက် ယင်းစုဆောင်းခဲ့သည့် ကျောက်စာများကို ကျောက်စာဝန် မစ္စတာတော်စိန်ခိုက ပုဂံ၊ ပင်းယ၊ အင်းဝရှိကျောက်စာများ(၁၈၉၂)( Inscription of Pagan, Pinya, Ava,1892)၊ ဘိုးတော် ဘုရားစုရုံးခဲ့သော ကျောက်စာများမှကူးသော မန္တလေးမြို့ မဟာမြတ်မုနိဘုရားရှိ ကျောက်စာများအတွဲ နှစ်တွဲ (၁၈၉၇) (The Inscriptions copied from the stones collected by King Bodwpaya and placed near the Arakan Pagoda Vol. I,II, 1897)၊ အထက်မြန်မာ ပြည်၌ စုဆောင်းထားသော ကျောက်စာများအတွဲ နှစ်တွဲ (၁၉၀ဝ နှင့် ၁၉၀၃)၊ (The Inscriptions collected in upper Burma, 1900 and 1903)၊ ဘိုးတော်ဘုရားစုရုံးခဲ့သော အမရပူရမြို့ ၊ ပုထိုးတော်ကြီးဘုရားအရံအတွင်းရှိ မူလ ထိုးကျောက်စာများ(၁၉၁၃) (The Original Inscriptions collected King Bodawpaya and now palaced near the Patodawgyi Pagoda, Amarapura, 1913) အမည်တို့ဖြင့် ထုတ်ဝေခဲ့သည်။

ကမ္ပည်းကျောက်စာဌာနသည် ၁၉၁၉ ခုနှစ်မှစ၍ နှစ် ၂၀ အတွင်း မြန်မာပြည်ကမ္ပည်းကျောက်စာများ (Epigraphia Birmanica) စာစဉ် ခုနစ်အုပ်ကို ထုတ်ဝေခဲ့သည်။ ၁၉၂၁ ခုနှစ်အထိ တွေ့ရှိထားသော ကျောက်စာများကို အမှတ်စဉ်၊ သက္ကရာဇ်၊ တွေ့ရှိသည့်နေရာ၊ ယခုရှိနေသည့် နေရာ၊ ကျောက်စာထိုးဘာသာစကား၊ အကြောင်းအရာစသည်တို့ကို စုစည်း၍ မြန်မာပြည်တွင် တွေ့ရှိရသည့် ကျောက်စာများစာရင်း(A List of Inscriptions found in Burma) စာအုပ်ကို ထုတ်ဝေခဲ့သည်။

ထို့အတူ ပါမောက္ခဦးဖေမောင်တင်နှင့် ဂျီအိပ်ချ်လုစ်တို့က ၁၉၂၈ ခုနှစ်တွင် ပုဂံကျောက်စာညွန့်ပေါင်း၊ ၁၉၃၃ ခုနှစ်မှ ၁၉၅၆ ခုနှစ်အတွင်း တိုင်းရင်းမြန်မာကျောက်စာများ ငါးတွဲ၊ ပါမောက္ခဦးဧမောင်က ၁၉၅၈ ခုနှစ်တွင် ပုဂံကျောက်စာ လက်ရွေးစင်စာအုပ်ကို ထုတ်ဝေခဲ့ကြသည်။ ရှေးဟောင်းသုတေသနဦးစီးဌာနမှ သုတေသနလက်ထောက် ဦးငြိမ်းမောင် စုစည်းခဲ့သည့် မြန်မာသက္ကရာဇ် ၄၇၄ ခုနှစ်မှ ၉၉၈ ခုနှစ် အတွင်း ရေးထိုးခဲ့သော ရှေးဟောင်းမြန်မာကျောက်စာများ အတွဲ ငါးတွဲကိုလည်း ထုတ်ဝေခဲ့သည်။ လက်ရှိအချိန်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာ့ရှေးဟောင်းကျောက်စာ စာအုပ်များကို ဆက်လက်ထုတ်ဝေလျက်ရှိသည်။

ထူးထူးခြားခြား ကျောက်စာများ

မူလထိုးကျောက်စာများတွင် ကျောက်စာအမည်များ မပါရှိသော်လည်း ရေးထိုးသူအမည်ကို အစွဲပြု၍ ရာဇကုမာရ် ကျောက်စာ၊ ရှင်ဒိသာပါမောက်ကျောက်စာ၊ မနူဟာကျောက်စာ၊ ဓမ္မစေတီကျောက်စာ၊ ကျောက်စာရေးထိုးခဲ့သည့် နေရာဒေသကို အစွဲပြုလျက် သထုံမြသပိတ်စေတီကျောက်စာ၊ ပဲခူးကလျာဏီသိမ်ကျောက်စာ၊ ကျောက်စာတည်ရှိသည့် စေတီ၊ ဘုရားနေရာကို အစွဲပြု၍ ရွှေစည်းခုံစေတီကျောက်စာ၊ ထီးလိုမင်းလိုကျောက်စာ၊ ကုသိုလ်တော်ဘုရားကျောက်စာ၊ အကြောင်းအရာကို မူတည်၍ ကျစွာမင်းအမိန့်ပြန်တမ်း ကျောက်စာ၊ စောရဟန်းသိမ်ကျောက်စာ၊ ကျောက်စာများ စုစည်းထားရှိသည့်နေရာကို မူတည်၍ နန်းတွင်းကျောက်စာ၊ ထူပါရုံကျောက်စာ၊ ဟန်လင်းကျောက်စာရုံကျောက်စာ စသည်ဖြင့် ခေါ်ဆိုခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်း နေရာဒေသအသီးသီး၌ တွေ့ရှိရသည့် ရှေးဟောင်းကျောက်စာများကို ပါဠိ၊ သက္ကတ၊ မြန်မာ၊ မွန်၊ ပျူ၊ ရခိုင် စသည့်ဘာသာစကားများဖြင့် ရေးထိုးခဲ့သဖြင့် ခေတ်ကာလဆိုင်ရာ ဘာသာစကား၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး စသည့်သမိုင်းနောက်ခံများကို ဖော်ထုတ်နိုင်ခဲ့ကြသည်။ ကမ္ပည်းကျောက်စာအများစုသည် ကုသိုလ်ကောင်းမှုဆိုင်ရာ မှတ်တမ်းများ ဖြစ်ကြသော်လည်း ထူးခြားသော ကျောက်စာများကိုလည်း တွေ့ရှိကြရပေသည်။

သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဆွေက မင်ဝိုင်း ကျောက်စာတွင် မြေရှင်၊ မြေငှား၊ မြေရောင်းဝယ်ပုံ၊ လေးမျက်နှာကျောက်စာတွင် ကျွန်အရောင်းအဝယ်ပြုပုံ၊ ဓမ္မရာဇိက ဘုရားကျောက်စာတွင် ပုဂံခေတ်နိုင်ငံရေးနှင့် ခရိုင်အမည်၊ ခေမာရ်ဘုရားကျောက်စာတွင် ငရဲကြီးရှစ်ထပ်၊ မင်းမတ် ဉာဏဝိစည်ကျောက်စာတွင် အနုပညာသည်များ၊ မြောက်ဂူကြီးဘုရားကျောက်စာတွင် ဂီတတူရိယာ၊ စောရဟန်းသိမ် ကျောက်စာတွင် ဗိသုကာပညာ၊ ရှင်ဒိသာပါမောက်ကျောက်စာတွင် တရုတ်ပြည်သံတမန်မှတ်တမ်း၊ ရှင်ပင်ဗောဓိကျောက်စာတွင် သတ္တုများသုံးစွဲပုံ၊ ဖုန်သည်မင်းအနန္တသူကျောက်စာတွင် ပေပြုလုပ်ပုံများကို ရေးထိုးခဲ့ကြောင်း မှတ်တမ်းပြုခဲ့သည်။

မူလထိုး၊ ဆင့်ထိုး၊ စပ်ထိုးကျောက်စာများ

ကျောက်စာများတွင် မူလထိုး၊ ဆင့်ထိုးနှင့်စပ်ထိုးဟုရှိရာ မူလထိုးကျောက်စာများသည် အထောက်အထား အခိုင်မာဆုံးဟု ဆိုကြသော်လည်း ဆင့်ထိုး၊ စပ်ထိုးကျောက်စာများကိုလည်း အကိုးအကားပြုကြရသည်။ မူလထိုးကျောက်စာသည် ပထမဆုံးရေးထိုးခဲ့သည့် ကျောက်စာဖြစ်၍ မူလကျောက်စာပါ အကြောင်းအရာများကို ပြန်လည်ရေးထိုးသည့် ကျောက်စာများသည် ဆင့်ထိုးဖြစ်၍ မူလကျောက်စာအကြောင်းအရာများကို တစ်ခု၊ နှစ်ခု စသည်ဖြင့် ပေါင်းစပ်ရေးထိုးထားလျှင် စပ်ထိုးဖြစ်သည်။ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်တွင် ကောက်ယူခဲ့သည့် အခွန်စစ်တမ်းများအရ မြန်မာနိုင်ငံအရပ်ရပ်မှ သယ်ယူခဲ့သည့် ကျောက်စာများအနက် ပျက်စီးမှုနည်းပါးသည့် ကျောက်စာများကို မန္တလေးနန်းတွင်းရှိ ကျောက်စာရုံ နှစ်ရုံတွင် စိုက်ထူထားခဲ့ရာ တောင်ဘက်ကျောက်စာရုံ၌ ၆၂၅ ချပ်၊ မြောက်ဘက်ကျောက်စာရုံ၌ အချပ် ၁၄၀ ရှိသည်။

ထို့အတူ ပျက်စီးမှုနည်းပါးသော မူလထိုးကျောက်စာများကို စစ်ကိုင်းမြို့ ၊ ထူပါရုံစေတီဝင်းအတွင်းနှင့် ပုဂံပြတိုက်တွင် ဆက်စပ်စိုက်ထူခဲ့သည်။ ပျက်စီးမှုများပြားကာ မူလကျောက်စာ အတိုင်းဆက်စပ်၍ မစိုက်ထူနိုင်တော့သည့် ကျောက်စာများကို ပြန်လည်ရေးထိုး၍ မန္တလေးမြို့ မဟာမုနိဘုရားဝင်းအတွင်း အနောက်တောင်ထောင့်တွင် စိုက်ထူခဲ့သည်။ အချို့ကျောက်စာများကို မူလစာသားများအပြင် နောက်ပိုင်းတွင် လှူဒါန်းသည့် အလှူရှင်များ၏ အမည်များပေါင်းစပ်၍ ကျောက်စာအသစ်များ ရေးထိုးစိုက်ထူခဲ့ရာ မဟာမုနိ အရှေ့ဘက်ကျောက်စာရုံတွင် သဲကျောက်ဖြင့်ပြုလုပ်ထားသည့် ကျောက်စာ ၁၈၇ ချပ်နှင့် အနောက်ဘက်ကျောက်စာရုံတွင် စကျင်ကျောက်တွင် ရေးထိုးထားသည့် ကျောက်စာ ၅၂၃ ချပ်ကို ထိန်းသိမ်းထား ရှိသည်။

မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့သည့် ကျောက်စာများအနက် ပျူယဉ်ကျေးမှုထွန်းကားခဲ့သည့် သရေခေတ္တရာနှင့် ဟန်လင်းမှ တွေ့ရှိခဲ့သည့် ကျောက်စာများသည် အစောဆုံးဖြစ်ကြသည်။ သရေခေတ္တရာမှ တူးဖော်ရရှိခဲ့သည့် ကျောက်အရိုးအိုးများတွင် ပျူဘုရင်များ၏ အမည်များနှင့် နတ်ရွာစံသည့်သက္ကရာဇ်များ ရေးထိုးထားသဖြင့် ဝိကြမမင်းဆက်ကို ခြေရာကောက်နိုင် ခဲ့ကြသည်

ကျောက်စာများသာမက ရွှေပြားစာ၊ ငွေပြားစာ၊ အုတ်ခွက်စာ၊ ခေါင်းလောင်းစာ၊ ပလ္လင်စာ စသည်တို့ လည်းရှိခဲ့ရာ ရာဇကုမာရ်ကျောက်စာနှင့်ဘုရားထောင်အရိုးအိုး အပါအဝင် ကျောက်အိုးများပေါ်တွင် ရေးသားထားသည့်စာများကို အဓိပ္ပာယ် ပြန်ဆိုနိုင်ခဲ့သည်။ရခိုင်ပြည်နယ် သံတွဲနှင့် မြို့ဟောင်းအနီးမှ အေဒီ ခုနစ် ရာစုနှင့် ရှစ်ရာစုထိုးကျောက်စာများကို တွေ့ရှိခဲ့ပြီး သျှစ်သောင်း ဘုရားရှိ စန္ဒြမင်းဆက်ကျောက်စာအရ ရခိုင်မင်းဆက်နှင့်သမိုင်း ဖြစ်ရပ်များကို သိရှိနိုင်ခဲ့ကြသည်။ ထို့အတူပင် မွန်ပြည်နယ်မှ တြာပ်နှင့်ပဏ္ဍိတ် ကျောက်စာနှစ်ချပ်ကို တွေ့ရှိခဲ့သည်။မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြား၌ တွေ့ရှိရသည့် ကျောက်စာများသည် အချပ်ရေ ၃၀ဝ၀ ခန့်ရှိမည်ဖြစ်ကြောင်း ဆရာကြီး ဦးမြင့်အောင်က မှတ်တမ်းပြုခဲ့သည်။ ကျောက်စာများကို ဝေဘူကျောက်၊ သဲကျောက်နှင့် စကျင်ကျောက်များတွင် အများဆုံး ရေးထိုးခဲ့ကြကာ ကျောက်စာအများစုကို မြန်မာနိုင်ငံအလယ်ပိုင်း၊ မိုးခေါင်ရေရှားရပ်ဝန်းဒေသများတွင် တွေ့ရှိခဲ့ရသည်။ ယင်းတို့အနက် ကုသိုလ်တော် ဘုရားကျောက်စာ ၇၂၉ ချပ်နှင့် ရာဇကုမာရ်ကျောက်စာတို့သည် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် (Memory of the World) များအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။

မြန်မာ့ရှေးဦး ကျောက်စာဝန်နှစ်ဦး

မြန်မာစာပေသမိုင်းတွင် ၁၈ ရာစု နောက်ပိုင်းမှစ၍ ၁၉ ရာစု နှစ်ဦးပိုင်းအထိ ရာဇဝင်ကျမ်းများပေါ်ထွက်ခဲ့ရာ ညောင်ရမ်းဆက် တနင်္ဂနွေမင်း (ခရစ်နှစ် ၁၇၁၄-၁၇၃၃) လက်ထက်တွင် ဦးကုလားရာဇဝင်၊ ကုန်းဘောင်ခေတ်ဗဒုံမင်း (ခရစ်နှစ် ၁၇၈၂-၁၈၁၉) လက်ထက်တွင် တွင်းသင်းမဟာ ရာဇဝင်သစ်နှင့် စစ်ကိုင်းမင်း (ခရစ်နှစ် ၁၈၁၉-၁၈၃၇)လက်ထက်တွင် မှန်နန်းရာဇဝင်တို့ကို ရေးသားပြုစုခဲ့ကြသည်။ ယင်းသမိုင်းကျမ်းများကို ပေရွက်များပေါ်တွင် ရေးသားခဲ့ပြီး ပုံနှိပ်နည်းပညာများ တိုးတက်လာချိန်တွင် စာအုပ်များအဖြစ် ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ကုန်းဘောင်ခေတ်ဘုရင် ဗဒုံမင်းသည် ကျောက်စာများကို အထောက်အထားပြု၍ သာသနာ့မြေနှင့် ဘုရင့်မြေကို ခွဲခြားသိရှိနိုင်ရန် မြန်မာနိုင်ငံတစ်ဝန်းရှိ ကျောက်စာများကို စုဆောင်း၍ ဖတ်ရှုစေခဲ့သည်။ ယင်းကျောက်စာများကို ကြီးကြပ်ရသည့် တွင်းသင်းတိုက်ဝန် မဟာစည်သူနှင့် သက်ပန်းအတွင်းဝန် ဗလရာဇာကျော်ထင်တို့သည် မြန်မာနိုင်ငံ၏ ပထမဆုံးကျောက်စာဝန်များ ဖြစ်ကြပေသည်။

ဗဒုံမင်းက ရှေးရာဇဝင်ကျမ်းများတွင် ကျောက်စာများနှင့် မကိုက်ညီမှုများကို တွေ့ရှိခဲ့သဖြင့် တွင်းသင်းတိုက်ဝန် မဟာစည်သူအား ကျောက်စာများနှင့် ညီညွတ်သည့် ရာဇဝင်သစ် တစ်စောင်ပြုစုရန် တိုက်တွန်းခဲ့ရာမှ တွင်းသင်း မဟာရာဇဝင်သစ် ထွက်ပေါ်ခဲ့သည်။ ဗဒုံမင်းသည် ကျောက်စာများ၏ သမိုင်းတန်ဖိုးကို ကောင်းစွာသိရှိခဲ့သဖြင့် တွင်းသင်းမဟာရာဇဝင်သစ်သည် ကျောက်စာများကို အကိုးအကားပြုသည့် ပထမဆုံး ရာဇဝင်ကျမ်းဖြစ်လာခဲ့သည်။ မဟာရာဇဝင်ကြီး ဋီကာနိဿယတွင် ရာဇဝင်စကားနှင့်ကျောက်စာ စသည်တို့ မညီမညွတ် ဖြစ်ကုန်မူကား ရာဇဝင်စကားကို မယုံကြည်အပ်၊ ကျောက်စာ စသည်တို့သာ ယုံကြည်အပ်ဟုပင် ရေးသားထားသည်။

ကျောက်စာကူးစနစ်

ကျောက်စာပေါ်တွင် ရေးထွင်းထားသည့် စာလုံးများကို တိုက်ရိုက်ဖတ်ရှုခြင်းထက် ကျောက်စာများကို မိုင်းကိုင် စက္ကူပေါ်သို့ ကူးယူပြီးမှ ဖတ်ကြခြင်းက ပိုမိုပီပြင်ရှင်းလင်းစွာ ဖတ်ရှုနိုင်ကြသည်။ ထို့ကြောင့် ကျောက်စာသင်တန်းများတွင် ပညာရှင်ဆရာများက ကျောက်စာများကို သင်တန်းသားများအား လက်တွေ့ရေးကူးစေသည်။ ကျောက်စာမကူးမီ လိုအပ်သည့် ပစ္စည်းများကို စုစည်းပြီး ပထမဦးစွာ ကျောက်စာမျက်နှာပြင်ကို အဝတ်ဖြင့်ပွတ်ပြီး ရေဖြင့် ဆေးကြောခြင်းဖြင့် ကျောက်စာစာလုံးများအကြားတွင် ရှိနေနိုင်သည့် ဖုန်များ၊ အမှိုက်စများကို ရှင်းလင်းရသည်။ ထို့နောက် မိုင်းကိုင်စက္ကူ၏ ကြမ်းသည့်မျက်နှာဘက်ကို ရေစိုနေသည့် ကျောက်စာပေါ်သို့တင်ပြီး ကျောက်စာပေါ်တွင် ကပ်နေစေရန် ဝက်မှင်ဖြင့် လေခိုကာ ဖောင်းနေသည့် နေရာများမှ လေများထွက်သွားသည်အထိ ဖြည်းညင်းစွာ ရိုက်ရသည်။

ကျောက်စာများသည် ပုံသဏ္ဌာန်၊ အရွယ်အစား၊ အထူအပါးကွဲပြားလျက် အကောင်းအကျိုးမျိုးစုံရှိကြသဖြင့် မိုင်းကိုင် စက္ကူများကို စာသားမြင်ရသည့် နေရာများအားလုံး အုပ်မိသည်အထိ ကပ်ရသည်။ ရေစိုနေသည့်စက္ကူများ မခြောက်သွေ့မီ ကျောက်စာပေါ်တွင် ရေးထွင်းထားသည့် စာလုံးများပေါ်လာစေရန် စက္ကူပေါ်သို့ အနက်ရောင်မင်ကို တင်ကြရသည်။ မိုင်းကိုင်စက္ကူပေါ်သို့ မင်တင်ရာတွင် ဂွမ်းကိုထုပ်ထားသည့် စွပ်ကျယ်စအလုံးကို မင်ဖြင့်တို့ပြီး စာလုံးများပေါ်သို့ ဖိ၍ ဖြစ်စေ သို့မဟုတ် မင်ပေါ်တွင် လှိမ့်ထားသည့် ဒလိမ့်တုံးငယ်ဖြင့် ကျောက်စာပေါ်တွင် လှိမ့်၍ဖြစ်စေ ကျောက်စာပေါ်မှ စာလုံးများကို စက္ကူပေါ်တွင် ထင်လာစေရန် စိတ်ရှည်စွာ ပြုလုပ်ကြရသည်။ မိုင်းကိုင်စက္ကူတွင် ကျောက်စာပေါ်ရှိ စာလုံးများ အားလုံးပေါ်လာသည်အထိ စာကြောင်းတစ်ကြောင်းချင်း ပြုလုပ်ကြရသည်။ စွပ်ကျယ်လုံးဖြင့် ဖိရာတွင် အချိန်အဆ အရေးကြီးသကဲ့သို့ ဒလိမ့်တုံးဖြင့် လှိမ့်ရာတွင်လည်း အဖိအဖော့အရေးကြီးသည်။ ကျောက်စာကို အုပ်ထားသည့် စက္ကူပေါ်တွင် ကျောက်စာပေါ်မှ စာလုံးများအားလုံး ထင်ပြီးလျှင် စက္ကူစုတ်ပြဲခြင်းမရှိစေရန် ကျောက်စာထိပ်မှစ၍ အောက်သို့ လိပ်၍ခွာယူပြီး အခြောက်လှန်းရသည်။ ခြောက်သွေ့သွားသော မိုင်းကိုင်စက္ကူပေါ်တွင် ကျောက်စာ အမည်၊ ရေးကူးသူနှင့် ရေးကူးသည့် ရက်စွဲတို့ကိုရေးသားပြီး လိပ်၍ ကျည်တောက်များဖြင့် သိမ်းဆည်းကြရသည်။ ကျောက်စာကို မင်ကူးရာတွင် မင်ကူးသူကျွမ်းကျင်မှုအပေါ် မူတည်လျက် ရှင်းလင်းစွာ ဖတ်ရှုနိုင်သော မင်ကူးကျောက်စာများကို ရရှိနိုင်သည်။ ကျောက်စာကူးပညာရှင်များက ကျောက်စာတစ်ချပ်ကို အနည်းဆုံး မင်ကူးမိတ္တူ လေးခုရှိသင့်ကြောင်း မိန့်ဆိုကြပါသည်။

ကျောက်စာကို မည်သို့ဖတ်မည်နည်း

ကျောက်စာတစ်ချပ်ကို မဖတ်မီ ယင်းကျောက်စာကို ရေးထိုးထားသည့် အက္ခရာစာလုံးများကို သိရှိထားရန် လိုအပ်ပေသည်။ ဥပမာအားဖြင့် ရှေးဟောင်းမွန်ဘာသာကို မတတ်မြောက်သူသည် မျက်မှောက်ခေတ်သုံး မွန်ဘာသာကို တတ်မြောက်သည့်တိုင် ရှေးဟောင်းမွန်ကျောက်စာကို ဖတ်ရှုနိုင်မည် မဟုတ်ပါချေ။ ထို့အတူ ရှေးခေတ်သုံး မြန်မာစကားလုံးများကို မသိရှိလျှင် ရှေးဟောင်းမြန်မာကျောက်စာများကို ဖတ်ရှုနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ကျောက်စာဖတ်လို သူများသည် ရှေးခေတ်ကျောက်စာသုံး မြန်မာစာလုံးများကို လေ့လာကြရပေသည်။ ရှေးခေတ်အက္ခရာ စာလုံးပုံစံများကို သိရှိသည့်တိုင် ကျောက်စာများသည် ကာလရှည်ကြာလာချိန်တွင် ချွတ်ယွင်းပျက်စီးမှုများ ရှိလာသဖြင့် ည နှင့် သ၊ ဏ နှင့် လာ၊ ဘ နှင့် ဂ၊ ရ နှင့် ပုဒ်မ၊ သ နှင့် ပ၊ ၁ ဂဏန်း နှင့် ပုဒ်မ၊ ရကောက် စသည်တို့သည် ဆင်တူယိုးမှားဖြစ်ကာ မသဲမကွဲဖြစ်လာလေ့ရှိကြသည်။ အက္ခရာစာလုံးများအပြင် ကိန်းဂဏန်းရေးသားပုံနှင့် အပိုင်းကိန်း ရေးသားထားပုံများကိုလည်း လေ့လာကြရသည်။ ရှေးဟောင်းကျောက်စာများကို ဖတ်ရာတွင် ခက်ခဲသောစာများ ပါရှိမြဲဖြစ်သဖြင့် ကြိုးစားဖတ်ရှုကြရမြဲဖြစ်ရာ ကျောက်စာအချပ်ပေါင်း ၁၀ဝ၀ ကျော်ဖတ်ခဲ့သည့် ဆရာဦးငြိမ်းမောင်က ကျောက်စာလေးချပ်ကိုသာ လွယ်လွယ်ကူကူ ဖတ်နိုင်ခဲ့ကြောင်း ရေးသားခဲ့သည်။

ကျောက်စာသင်တန်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် မြန်မာ့သမိုင်းအတွက်သာမက ဘာသာစာပေအရေးအသားနှင့် ရှေးဟောင်းသုတေသန ပညာရပ်များအတွက်ပါ လိုအပ်သည့် ကျောက်စာများကို ကောင်းစွာဖတ်ရှုနိုင်သည့် မျိုးဆက်သစ်များ ပေါ်ထွန်းစေရန် ရှေးဟောင်း မြန်မာ၊ မွန်၊ ပျူ ကျောက်စာ သင်တန်းကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ပို့ချခဲ့သည်။ သင်တန်းများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် တစ်လှည့်စီ ဖွင့်လှစ်ခဲ့ရာ အမှတ်စဉ် (၅) အထိ သင်တန်းသား ၁၄၈ ဦး တက်ရောက်ခဲ့သည်။ သင်တန်းကို အဆင့်သုံးဆင့် ပိုင်းခြားလျက် အခြေခံအဆင့်တွင် ဘာသာစကား ဖြစ်ပေါ်လာပုံသမိုင်းနှင့်အက္ခရာ စာလုံးများ အဆင့်ဆင့်ပြောင်းလဲလာပုံကို သင်ယူကြရသည်။ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်ကျောက် စာရေးထုံးများ၊ ကျောက်စာသုံးဝေါဟာရများကို လေ့လာပြီး ရှေးဟောင်းမြန်မာကျောက်စာများကို ဖတ်ရှုကြရသည်။ အလယ်အလတ်အဆင့်တွင် မွန်ကျောက်စာအခြေခံများကို သင်ယူကြရပြီး ကျောက်စာများကို လက်တွေ့ရေးကူးကြရသည်။

အဆင့်မြင့်တန်းတွင် ကျောက်စာမျိုးစုံကို ဖတ်ရှုကြခြင်းဖြင့် ရှေးဟောင်းကျောက်စာများကို ဖတ်ရှုနိုင်သည့် မျိုးဆက်သစ်များ ထွက်ပေါ်လာရန် ပျိုးထောင်ပေးလျက်ရှိသည်။ ကျောက်စာများကို စိတ်ဝင်စားသူများသည် တစ်စထက်တစ်စ နည်းပါးလာပြီး သင်တန်းသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တက္ကသိုလ် အသီးသီးမှ ရှေးဟောင်းသုတေသန၊ မြန်မာစာ၊ အရှေ့တိုင်းပညာ စသည့်ဌာနများမှ ဆရာ ဆရာမများသာ အများဆုံး တက်ရောက်ကြသည်။

ရှေးဟောင်းမြန်မာကျောက်စာ၊ ပျူကျောက်စာသင်တန်း အမှတ်စဉ်(၆/၂၀၁၉)ကို ရန်ကုန်တိုင်းဒေသကြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ညွှန်ကြားရေးမှူးရုံးတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ဩဂုတ်လ ၁၆ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းသား ၁၉ ဦး တက်ရောက်ခဲ့သည်။ သင်တန်းတွင် ပျူစာပေပညာရှင် ဦးစိန်ဝင်း(အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားဦးစီးဌာန)နှင့် ဦးခင်မောင်ဆွေ(လက်ထောက်ညွှန် ကြားရေးမှူး၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန) တို့က စာတွေ့လက်တွေ့ပို့ချခဲ့ကြသည်။ သင်တန်းသားများသည် သင်တန်းမပြီးဆုံးမီ လက်တွေ့ ကွင်းဆင်းခရီးအဖြစ် မန္တလေးတိုင်းဒေသကြီးသို့ သွားရောက်၍ မန္တလေးနန်းတွင်းကျောက်စာရုံတွင် ကျောက်စာများ ရေးကူးခြင်း၊ မဟာမုနိကျောက်စာရုံရှိ ဆင့်ထိုးစပ်ထိုး ကျောက်စာများ၊ မြစ်သားမြို့ရှိ မြနဒီကျောက်စာ၊ စောလူးမင်းကျောက်စာနှင့် အင်းဝရှေးဟောင်းသုသေတနပြတိုက်ရှိ ကျောက်စာများကို လေ့လာခဲ့ကြသည်။

ခေတ်အဆက်ဆက်ရေးထိုးခဲ့သည့် ကျောက်စာများသည် ခိုင်မာသည့် သမိုင်းမှတ်တမ်းများ ဖြစ်ကြသဖြင့် ရှေးဟောင်း ကျောက်စာများကို ထိန်းသိမ်းလျက် ကျောက်စာများကို ကောင်းစွာဖတ်ရှုနိုင်သည့် မျိုးဆက်သစ်များကို မွေးထုတ်ခြင်းဖြင့် သမိုင်းမှတ်တမ်းများကို ဖော်ထုတ်ရာတွင် များစွာအထောက်အပံ့ဖြစ်စေမည် ဖြစ်ပေသည်။ ။

မောင်သာ (ရှေးဟောင်းသုတေသန)

ကိုးကားမြန်မာ့စွယ်စုံကျမ်း အတွဲ(၂)(၉)

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု သုတေသန (ဦးမြင့်အောင်)

ရှေးဟောင်း မြန်မာကျောက်စာများ(ဦးငြိမ်းမောင်)