နေပြည်တော် ၁၂ ဇွန်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ကြီးမှူး ကျင်းပသည့် ပထမအကြိမ် သမိုင်းဆိုင်ရာ အတွေ့အကြုံများ စကားဝိုင်းဆွေးနွေးပွဲကို အမျိုးသားပြတိုက် (ရန်ကုန်) ပထမထပ်ရှိ အမျိုးသားစာကြည့်တိုက်ခွဲတွင် ယနေ့ နံနက် (၁ဝ)နာရီက ကျင်းပရာ ယင်းစကားဝိုင်း ဆွေးနွေးပွဲတွင် ဒေါက်တာကျော်ဝင်း၊ အတွင်းရေးမှူး၊ မြန်မာသမိုင်းအဖွဲ့ (သမိုင်းပါမောက္ခ(ငြိမ်း)၊ ရန်ကုန် တက္ကသိုလ်)က ဦးဆောင် ဆွေးနွေးပြီး မြန်မာ့သမိုင်းအဖွဲ့ဝင်များဖြစ်သော ဦးသန်းလွင်နှင့် ဦးဂျယ်ရီကြိုင် တို့ကလည်း ပါဝင်ဆွေးနွေးကြသည်။

ဒေါက်တာကျော်ဝင်းက ဆွေးနွေးရာတွင် သမိုင်းကိုလေ့လာသင်ယူခဲ့သည့် အတွေ့အကြုံများ၊ ၁၉၆၆-၂ဝဝ၆ ခုနှစ်အထိ သမိုင်းဆရာအဖြစ် ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများနှင့် သင်ကြားရေး အတွေ့အကြုံများ၊ မြန်မာသမိုင်းအဖွဲ့တွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း တွေ့ကြုံရသည့် အတွေ့အကြုံ အခက်အခဲများနှင့် သမိုင်းဆရာအဖြစ်သာမက စာပေရေးသားထုတ်ဝေရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံများကို ဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ မြန်မာသမိုင်းပညာရှင်များ၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွန်ကြားရေးမှူးများ၊ သုတေသနဝန်ထမ်းများ၊ တက္ကသိုလ်များမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဧည့်လမ်းညွှန်များ၊ မီဒီယာများ၊ သမိုင်းကို စိတ်ဝင်စားသူများ စုစုပေါင်း လူဦးရေ (၂၇ဝ)ကျော် တက်ရောက်ကြသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြသည်။ အဆိုပါ ဆွေးနွေးပွဲကို (၄)လလျှင် (၁)ကြိမ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)