ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာနိုင်ငံလွတ်လပ်ရေး၏ ဗိသုကာကြီး၊ အမျိုးသားခေါင်းဆောင်ကြီးဟူသော ဂုဏ်ပုဒ်များ နှင့်အတူ မြန်မာတစ်မျိုးသားလုံးက လေးစားကြသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ရချိန်တွင် သူ၏အသက်မှာ ၃၂ နှစ်ခန့်သာရှိသေးသည့် လူငယ်တစ်ယောက်ဖြစ်သည်။ သို့ရာတွင် ဗိုလ်ချုပ် ရှင်သန်ခဲ့ရသည့် သက်တမ်းတိုတိုကလေးသည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့်အချိန်။ နယ်ချဲ့ကိုလိုနီ လက်အောက်တွင် နှစ်ပေါင်းရာချီ၍နေခဲ့ရသည့် ကျွန်သပေါက်ဘဝမှ လွတ်မြောက်အောင် တစ်မျိုးသားလုံးက ရုန်းကန်ထကြွလာသည့်အချိန်။ ထိုကဲ့သို့သော သမိုင်းနောက်ခံကာလတွင် မွေးဖွားလာခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း သည် သမိုင်း၏လိုအပ်ချက်အရ ပေါ်ထွန်းလာခဲ့သည့် ခေါင်းဆောင်။ သို့ရာတွင် တစ်ခေတ်တွင်တစ်ယောက် ပေါ်နိုင်ခဲ့သည့် ခေါင်းဆောင်မျိုးဟူ၍ ဗိုလ်ချုပ်ကို သိမီခဲ့သူများက သုံးသပ်ပြောကြားခဲ့သည့် မှတ်တမ်းများကလည်း ယနေ့တိုင် ပြော၍မဆုံးနိုင်အောင် မြောက်မြားလှစွာ။
ခေါင်းဆောင်ဟူသည် ခရီးကို ကိုယ်တိုင်သိသူ။ ရှေ့မှလည်း ဦးဆောင်သူ။ နောက်မှလိုက်ပါသူတို့ကိုလည်း ဆွဲဆောင် ခေါ်ယူသူဖြစ်သည်။ အမျိုးသားခေါင်းဆောင်အဖြစ်နှင့် နိုင်ငံလွတ်လပ်ရေး၊ သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းသည့်အခါတွင်မူ ဗိုလ်ချုပ်အောင်ဆန်း၏ ထူးခြားထင်ရှားသည့် ဂုဏ်ရည်မှာ ရိုးသားဖြောင့်မတ်ခြင်း ဖြစ်သည်။ ထို့အပြင် အတ္တလိုအင် လွန်စွာနည်းပါးသူ။ ရောင့်ရဲတတ်သူ။ ဉာဏ်ပညာ အမြော်အမြင်နှင့် ပြည့်စုံသူ။ အမှန်တရားကို မြတ်နိုးသူ။ ရဲရင့်သူ၊ စွန့်လွှတ်စွန့်စားသူ စသည့်ဂုဏ်ပုဒ်များစွာတို့မှာလည်း သူဖြတ်သန်းခဲ့သည့် ဘဝ တစ်လျှောက် သူ၏နေထိုင်ပုံ၊ ပြုမူလုပ်ကိုင်ပုံ၊ ပြောဆိုဆက်ဆံပုံတို့မှတစ်ဆင့် ထွက်ပေါ်လာပြီး ခေတ်ပြိုင်မှတ်တမ်း များမှတစ်ဆင့် နှောင်းလူတို့လည်း သိရှိကြရပြီး စံနမူနာယူဖွယ်ရာ သူရဲကောင်းတစ်ဦးအဖြစ် လေးစားကြည်ညို ကြရသည်။
“ခေါင်းဆောင်လုပ်တဲ့သူဟာ ကိုယ်ယုံကြည်တဲ့ကိစ္စကို တိုင်းသူပြည်သားတွေကို ပြောရဲရမယ်၊ ရှင်းပြနိုင်ရမယ်၊ အသက်စွန့်သင့်တဲ့နေရာမှာ စွန့်ရဲရမယ်၊ ပရိယာယ်သုံးသင့်တဲ့နေရာ သုံးရမယ်၊ အချိန်အခါလိုက်လုပ်ရမယ်” ဟူ၍ ဗိုလ်ချုပ်က မိန့်ကြားခဲ့ရာ ပြောသည့်အတိုင်း နေထိုင်ကျင့်ကြံခဲ့သည်ကို သမိုင်းက သက်သေခံလျက်ရှိပြီ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီး ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းလိုက်ရပြီးသည့် နောက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရာထူးမရှိတော့သည့် အရပ်သားတစ်ယောက် ဖြစ်လာသည်။ သို့ရာတွင် နိုင်ငံရေးအသင်းအဖွဲ့များနှင့် ခေါင်းဆောင်များ ပါဝင်ဖွဲ့စည်းထားသည့် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ကြီး၏ ခေါင်းဆောင်(ဥက္ကဋ္ဌ)။ ထိုအချိန်မှစ၍ သူသည် မြန်မာနိုင်ငံအနှံ့ တောင်ပေါ်မြေပြန့် တစ်နံတစ်လျားမှာ လှည့်လည်စည်းရုံးရေးလုပ်ခဲ့သည်။ ဗိုလ်ချုပ်၏ ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း၊ ရဲဝံ့ခြင်း၊ ပြတ်သားခြင်းတို့ကြောင့် ကိုလိုနီနယ်ချဲ့တို့၏ အနှောင့်အယှက်များကြားထဲမှပင် တိုင်းရင်းသားတို့ စည်းလုံးညီညွတ်မှုအင်အားကို ရရှိခဲ့သည်။ ၎င်းအင်အားကပင် နိုင်ငံနှင့် လူမျိုးတစ်ရပ်လုံးကို သူ့ကျွန်ဘ၀မှ လွတ်မြောက်စေခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးကို မြတ်နိုးသူ၊ ပင်ကိုသဘာဝအရ လွတ်လပ်စွာနေလိုသူဖြစ်သည်။ မိမိကိုယ်တိုင်သာမက နိုင်ငံနှင့် လူမျိုးကိုလည်း လွတ်လပ်စေလိုသူ။ လွတ်လပ်မည်ဆိုပါက လူရိုင်းဘ၀မျိုး ရောက်ချင်ရောက်သွားပါစေ၊ မလွတ်လပ်သော လူယဉ်ကျေးဘဝထက် အဆတစ်ရာ ပို၍ကြိုက်နှစ်သက်သည်ဟု ဆိုခဲ့သူဖြစ်သလို အသက်ကိုပင်စွန့်လွှတ်ကာ နိုင်ငံနှင့်လူမျိုးကို လွတ်လပ်ရေးပန်းတိုင်ဆီ အရောက်ပို့ခဲ့သူဖြစ်သည်။ လွတ်လပ်ပြီးသည့်ဘဝတွင်မူ လွတ်လပ်မှုကို တန်ဖိုးထားစောင့်ရှောက်ခြင်းဖြင့် အမျိုးသားခေါင်းဆောင်ကြီးနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊ မိမိတို့၏ ဘိုးဘွားများ စွန့်လွှတ်ခဲ့ရသည့် သွေးနှင့်အသက်တို့ကို လေးစားတန်ဖိုး ထားနိုင်ကြရပါမည့်အကြောင်း။ ။
မြန်မာ့အလင်း