၂၇ မေ
မန္တလေးတွင် အဆောက်အအုံများနှင့်ယှဉ်ပြီး နေရပ်လိပ်စာကိုမှတ်သားကြသည်။ ရှေးသရောအခါက ဘယ်သူမှ အိမ်နံပါတ်၊ အကွက်နံပါတ်နှင့် စကားမပြောကြ။ ယုတ်စွအဆုံး စာတိုက်မှ လိပ်စာပေး၍ စာထည့်လျှင်ပင်အိမ်နံပါတ်၊ လမ်းနံပါတ်သုံးလေ့မရှိ။ ရပ်ကွက်ကြီးနာမည်ပြောမည်။ အနီးဆုံး အဆောက်အအုံကြီးအမည်ပြောမည်။ ဥပမာ - ဆိုပါစို့။ ကိုဖိုးရင်၊ ဂုန္တန်ဝင်း၊ နဂါးဆေးလိပ်ရုံကြီးအနီး လက်ဆည်ကန်ရပ်ဆိုတာမျိုးပေါ့။
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုအတွက်
နောက်တော့ အိမ်နံပါတ်တွေ၊ ရပ်ကွက်နံပါတ်တွေဖြစ်ကုန်သည်။ မန္တလေးမှာ အဆောက်အအုံများနှင့်ပတ်သက်ပြီး နဂါးဆေးလိပ်လို၊ ကာတစ်တိုက်လို၊ မာရဂျမ်းတိုက်ကြီးလို အထင်ကရတွေလည်းရှိမည်။ ဓမ္မဗိမာန်လို၊ မလွန်သာသနာ့ဗိမာန်လို သာသနိက အဆောက်အအုံတွေလည်းရှိသည်။ တချို့အဆောက်အအုံတွေက လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွေနှင့် ဆက်စပ်နေ၏။ အိမ်တော်ရာ ဘုရားဝင်းအတွင်းရှိ ၁၄ ခန်းဇရပ်ကြီးဆိုလျှင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုအတွက်၊ ဘာသာသာသနာအတွက်၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရဟန်းသံဃာ၊ ရပ်မိရပ်ဖများ စုစည်းညီညွတ်ကြရာနေရာဖြစ်သည်။ ဟော.. ဓမ္မဗိမာန်ဆိုပါတော့။ အနောက်ကျုံးလမ်းမှာရှိသော ဓမ္မဗိမာန်ကား တစ်ချိန်က မြန်မာစာပေနှင့်ပတ်သက်၍ အာရုံစိုက်စရာကောင်းလှသည့် စာတမ်းအသီးသီး ဖတ်ကြားခဲ့ရာ နေရာဖြစ်၏။ မန္တလေးစာပေမျိုးဆက်များကို လက်ဆင့်ကမ်း အမွေပေးခဲ့ရာနေရာလည်းဖြစ်သည်။
ယခင်က ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားမှာ နေသူရိန်ဇာတ်ရုံကြီး ရှိခဲ့ဖူးသတဲ့။ လွတ်လပ်ရေးအတွက် နေသူရိန်ညီလာခံတွေ၊ ဒုတိယကမ္ဘာစစ်အပြီး လူငယ်များကာယဗလနှင့် စိတ်ဓာတ်ကြံ့ခိုင်ရေးအတွက် ပွဲလမ်းကြီးတွေကျင်းပခဲ့သည့်နေရာကြီးဖြစ်သည်။ အိုလံပစ်တို့၊ ယဉ်တစ်ကိုယ်မယ်တို့၊ လှကြစမ်းပါဗျာတို့ ... စသည့်သီချင်းများ မွေးဖွားခဲ့ရာနေရာ ဖြစ်သည်။ ယခုတော့မရှိတော့။
ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်
သည်ဘက် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် ကြည့်ပါဦး။ ယခုရတနာပုံသတင်းစာတိုက်ရှေ့က (ယခင်ဟံသာဝတီ သတင်းစာတိုက်နေရာ) ရှေးဟောင်းအဆောက်အအုံကြီးက ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေးအတွက် အထက်ဗမာပြည် ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးရုံးစိုက်ခဲ့ရာ နေရာဖြစ်သည်။ သူနှင့်မလှမ်းမကမ်း ကျောက်သွေးတန်းက ယခုအနုပညာစားတော်ဆက် ဖွင့်လှစ်ထားရာတိုက်ကြီးက ရွှေမောင်းတိုက်တဲ့။ လေဘာတီမမြရင် လျှမ်းလျှမ်းတောက် နာမည်ကြီးစဉ်က တစ်မြို့လုံး ‘မမြရင်၊ မမြရင်’ ဟု တသသဖြစ်နေချိန် ဘာသာခြားတစ်ယောက်၏ကားပေါ် မမြရင်ကို တင်ဆောင်သွားသဖြင့် အခဲမကျေနိုင်သော လူငယ်များသည် ရွှေမောင်းတိုက်ရှေ့စုရုံးကာ ထိုကားကို ပုလင်းဖြင့်ပစ်ပေါက်ခဲ့သည်ဟု ဖတ်မှတ်ဖူးသည်။ ဒါဆိုတော့လည်း ရွှေမောင်းတိုက်က ရာဇဝင်ရှိပြန်သည်။
အခု ကျောက်သွေးတန်းတစ်ဝိုက်က ဘာသာရေးစာအုပ်များ ရိုက်နှိပ်ထုတ်ဝေသည့် ပိဋကတ်တော်ပြန့်ပွားရေး ပုံနှိပ်တိုက်လည်းမရှိတော့။ မန္တလေး၏ ပွဲလမ်းတိုင်းတွင် မပါမပြီးသည့် ပွဲထိုင်ကိတ်မုန့်တိုက်လည်းမရှိတော့။ ရွှေမန်းတင်မောင်၏ တိုက်မရှိတော့။
သတင်းစာဆရာ စာရေးဆရာမောင်နှံ လူထုဦးလှနှင့်လူထုဒေါ်အမာတို့ နေထိုင်ခဲ့ကြသည့် လူထုသတင်းစာတိုက်က ယခင်ပုံစံမဟုတ်တော့ဘဲ ပုံစံသစ်အဖြစ် ဆက်လက်တည်ရှိနေသည်။ လူထုသတင်းစာသည် အထင်ကရဖြစ်ခဲ့၏။ မြန်မာသတင်းစာသမိုင်းတွင် တစ်နေရာက မားမားမတ်မတ်ရပ်တည်နေသည့် သတင်းစာဖြစ်သည်။ အခုတော့ဗိုလ်ချုပ်အောင်ဆန်းလမ်း ဆိုတာပင် သိသူမရှိတော့။
ဗိုလ်ဗထူးလမ်းပေါ်
မဟာမုနိဘုရားကြီးမြောက်မုခ် ဗိုလ်ဗထူးလမ်းပေါ် ‘မဟာမုနိဘုရားကြီး ဗုဒ္ဓပြတိုက်’ ဟူသော အဆောက်အအုံကား ယခုအထိရှိသေးသည်။ ဒီအဆောက်အအုံက နှယ်နှယ်ရရမဟုတ်။ ဖက်ဆစ်ဂျပန်ကို မတ်လ ၂၇ ရက်နေ့ထက်စောစီးစွာ မတ်လ ၈ ရက်ကတည်းက စစ်ကြေညာတိုက်ပွဲဝင်ခဲ့သော ဗိုလ်မှူးဗထူး၏ အထက်ဗမာပြည်စစ်ရုံးချုပ်၊ ရုံးစိုက်ခဲ့ရာ အဆောက်အအုံဖြစ်သည်။ ထိုအဆောက်အအုံပေါ်မှပင် ဗိုလ်မှူးဗထူးက စစ်မိန့်ကို လက်မှတ်ထိုးခဲ့သည်ဆို၏။ ဗိုလ်ဗထူးလမ်း ပေါ်မှာ ဆရာမြ၏ နာမည်ကျော် ခြင်္သေ့ရုပ်တုကြီးရှိသည်။ မြန်မာမှုပညာရှင် ဆရာဆိုင်၏ ပန်းတော့လက်ရာ နယားရုပ်ကြီးရှိသည်။ အုတ်ပြာသာဒ်ကြီးရှိသည်။ ထိုလက်ရာများ အားလုံးက မဟာမုနိဘုရားကြီးမြောက်မုခ် ဗိုလ်ဗထူးလမ်းပေါ်မှာ ဖြစ်သည်။ အရှေ့ဆက်တော့ ၄၅ တာ ဘောလုံးကွင်း၊ ဒီကွင်းက နှယ်နှယ်ရရမဟုတ်၊ ၄ ပေ ၆ လက်မတမ်း ကလေးဘောလုံးပြိုင်ပွဲများ၏ ဘူမိနက်သန်ဖြစ်သည်။ သည်ပြိုင်ပွဲတွေက တိုင်းလက်ရွေးစင်မှသည် နိုင်ငံ့ဂုဏ်ဆောင် ဘောလုံးသမားအထိ မွေးထုတ်ပေးခဲ့သည်။
အိမ်တော်ရာမှသည်
၁၉၃၈ ခု ဒီဇင်ဘာ ၃၁ ရက် (၁၃၀ဝပြည့် ပြာသ လဆန်း ၁၀) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်နယ်မြေရှိ ဗုဒ္ဓံသရဏံပန်းပွင့်နီရဲရဲများကြားမှ ပြဋ္ဌာန်းခဲ့သော အမျိုးသားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ထောက်ခံသောအားဖြင့် ၁၉၃၉ ခုနှစ်ဆန်း ဖေဖော်ဝါရီ ၉ ရက်(၁၃၀ဝ ပြည့် တပို့တွဲလပြည့်ကျော် ၆ ရက်) နေ့တွင်မဟာလောကရံသီ အိမ်တော်ရာစေတီတော် ပရိဝုဏ်အတွင်း (၁၄) ခန်းဇရပ်ကြီး၌ ရဟန်းရှင်လူ ကျောင်းသားမြို့လူထုပရိသတ် နှစ်သောင်းကျော်စုစည်းကာ နယ်ချဲ့အုပ်ချုပ်ရေးကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည် တုံ့ပြန်ခဲ့ကြသည်။
၁၄ ခန်းဇရပ်ကြီး၌ နံနက် ၁၁ နာရီတွင် စတင်စုဝေးကြပြီး မွန်းလွဲ ၂ နာရီအချိန်တွင် မြောက်ဘက် ၂၆ ဘီလမ်းအတိုင်း အရှေ့ပုလိပ်ရုံး (ယခု စည်ပင်သာယာရုံး) သို့ ဦးတည်ခဲ့ရာ ရိုးကုမ္ပဏီတိုက်ရှေ့ (ယခုဘဏ် ၁)တွင် တစ်ကြိမ်၊ အင်ပီရီယယ်ဘဏ်ရှေ့တွင် (ယခုဟောင်ကောင်စတိုး) ရှေ့တွင် တစ်ကြိမ်၊ ကြေးနန်းရုံး (ယခု ဆက်သွယ်ရေးရုံး) တောင်ဘက်တွင်တစ်ကြိမ်အင်္ဂလိပ်စစ်ပုလိပ်က ပစ်ခဲ့ခတ်ခဲ့သည်။
ဘီလမ်းပေါ်မှာ
ထိုစဉ်က အခြေအနေ အရပ်ရပ်၏ သတင်းဓာတ်ပုံများကား ကျွန်တော်တို့ငယ်စဉ် သတင်းစာအသီးသီး၌ မကြာခဏ ကြည့်ရှုခဲ့ရသည်။ အထူးသဖြင့် နာရီစင်နောက်ခံနှင့် သုံးရောင်ခြယ်အလံများ။ မြားနတ်မောင်ဟူသော ရုပ်ရှင်ပိုစတာ ချိတ်ဆွဲထားသော အယ်လ်ဖင်စတုန်း ရုပ်ရှင်ရုံရှေ့လမ်းမကြီးပေါ်မှ တုန်လှုပ်ဖွယ် မြင်ကွင်းများ။ ကျွန်တော်တို့ သိမီသောအခါ ထိုနေရာတွင် ရုပ်ရှင်ရုံမရှိတော့။ သူ့နောက်ကျော ရွှေတိုက်ဝင်းထဲမှာပင် ရုပ်ရှင်ရုံမရှိတော့။ ပြိုကျနေသော ရွှေတိုက်ရုပ်ရှင်ရုံကိုတော့ မြင်ဖူးခဲ့သေးသည်။ ထားပါတော့ ...။၂၆ ဘီလမ်းပေါ်မှ သမိုင်းဝင်ဓာတ်ပုံများကို ထိုစဉ်ထိုကာလ သတင်းစာများ၌ အမှတ်တရ ပြန်လည် ဖော်ပြမှုမျိုးဖြင့် ကြည့်ရှုဖူးနေရာမှ ၁၉၇၉ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာ ၃ ရက်တိုင် ရာပြည့်ကွင်းကြီး၌ ၆ ရက် ၆ လီ ကျင်းပခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုအဖွဲ့ချုပ်၏ဥက္ကဋ္ဌချုပ်ဆရာတော် ဦးဇောတိက (အဂ္ဂမဟာပဏ္ဍိတ)၏ ဈာပနပွဲတွင် ဓာတ်ပုံပန်းချီကားချပ်ကြီးများဖြင့် ခမ်းနားစွာ ပြသထားသည်ကို သေချာစေ့ငှစွာ ကြည့်ရှုဖူးပြီး ရင်ထဲ၌ မှတ်မှတ်ထင်ထင် စွဲဝင်သွားခဲ့သည်။
ရဟန်းပျိုအဖွဲ့
တကယ်တော့ ဆရာတော် ဦးဇောတိကသည် စစ်မြေပြင် အကြိမ်ကြိမ်ဖြစ်ခဲ့ရသော မန္တလေးတွင် မြန်မာတို့၏ ဦးထိပ်ပန်ဆင်ရာ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ကို စစ်ဘေး၊ မီးဘေး၊ လူသူဘေးမှ ကင်းဝေးလွတ်ငြိမ်းအောင် ရဟန်းပျိုများနှင့်အတူ စွမ်းစွမ်းတမံ ကာကွယ်စောင့်ရှောက်ခဲ့သော ဆရာတော်တစ်ပါးဖြစ်သည်။ ထို့ပြင် အမျိုးဘာသာသာသနာအတွက် ခေတ်အဆက်ဆက်တွင် ပြည်သူလူထု ကျောင်းသားများနှင့်အတူ ရဟန်းပျိုအဖွဲ့ကြီးက ရှေ့တန်းမှပါဝင်ကာ သက်စွန့်ကြိုးပမ်းခဲ့မှုများ၌လည်း ဦးဆောင်ပြုခဲ့သည့် ဆရာတော်ကြီးလည်းဖြစ်၏။ ထို့ကြောင့် ဆရာတော်၏ဈာပနတွင် ဘော်သားကြာကလပ်မီးလောင်တိုက်ကြီး၊ စဉ်ရှင်ကြီးပန်းပြာသာဒ်၊ သိုင်းပြာသာဒ်၊ လိုက်ပြာသာဒ်၊ စံကျောင်းမဏ္ဍပ်ကြီး၊ ဧည့်ခံမဏ္ဍပ်များနှင့်အတူ ဇာတ်၊ အငြိမ့်၊ ရုပ်ရှင်ပဒေသာကပွဲ၊ ရုပ်ရှင်ပွဲ၊ ပလေးဘွိုင်တီးဝိုင်း၊ မြန်မာ့လက်ဝှေ့ပွဲများ၊ ပခုက္ကူမြို့မှ အတောင်၂၀ ကျော်အမြင့် သိုင်းပြာသာဒ် ကစားပွဲကြီးများနှင့်အတူ ဆရာတော်ကြီး၏ နိုင်ငံရေးကြိုးပမ်းမှုသမိုင်းဓာတ်ပုံ ပန်းချီကားကြီးများလည်း တခမ်းတနား ချိတ်ဆွဲပြသခဲ့ခြင်းဖြစ်သည်။
နာမည်ကျော် အာဇာနည်လမ်း
ကြေးနန်းရုံဆိုသော ...၊ ရွှေတိုက်ရုံဆိုသော အသုံးအနှုန်းလေးမှ ... စိတ်ဝင်စားစွာ လေ့လာလိုက်မိတော့၂၆ ဘီလမ်းမကြီး ပေါ်မှ ရတနာပုံခေတ် မြို့ဝန်ဦးသာအိုး ဝင်းနေရာ (ယခု ဘဏ် ၁ နှင့် မျက်နှာချင်းဆိုင် ဟိုတယ်ဝင်း) ဘဏ် ၁ နေရာမှ နာရီစင်အထိ တည်ရှိခဲ့ဖူးသော ရိုးကုမ္ပဏီနှင့် ကုန်တိုက်ကြီးများနေရာ၊ အဟူဂျာဓာတ်ပုံတိုက်နေရာ၊ တိုကီဝါဓာတ်ပုံတိုက်နေရာ၊ ခန့်ခန့်ကြီး ဓာတ်ပုံတိုက်နေရာ၊ အင်ပရီရယ်ဘဏ်တိုက်နေရာ၊ အဝိန်ကိုး အချုံကိုး ကုမ္ပဏီနေရာများအထိသိရှိရတော့၏။ ဒါက စီးပွားရေးမျက်နှာစာ ...။
ထိုမှတစ်ဆင့် ဘာသာရေး၊ နိုင်ငံရေး မျက်နှာစာအနေနှင့်မူ အယ်လ်ဖင်စတုန်းရုပ်ရှင်ရုံမှသည် ဆယ့်လေးခန်းဇရပ်အလယ် ရဟန်းပျိုအဖွဲ့ချုပ်အထိ သမိုင်းကြောင်းက ရှည်လျားသွားတော့သည်။ နာမည်ကျော် အာဇာနည်လမ်းတဲ့။
သို့သော် သမိုင်းကားမဆုံးသေး...။
ဆူးငှက်