သမိုင်းကိုပြောနေသော မြန်မာ့ရုပ်ရှင်များ

၂ ဇန်နဝါရီ

 

မြန်မာ့ပထမဆုံးရုပ်ရှင်

 

မြန်မာ့ရုပ်ရှင်ကို စပြောလျှင် ပထမဆုံးရိုက်ကူးခဲ့သော “မေတ္တာနှင့် သူရာ ဇာတ်ကားကို စပြောလေ့ရှိကြပါသည်။ မြန်မာ့ရုပ်ရှင်အစ ဦးထွန်းရှိန်ဈာပန သတင်းကားဟု ပြောကြသည်လည်း ရှိကြသည်။ ထိုသို့ပြောခြင်းမှာ ဦးပု၊ ဦးဘဖေ၊ ဦးထွန်းရှိန်တို့သည် ကရက်ဒေါက်စီမံကိန်းကို မကြိုက်၍ အင်္ဂလန်သို့သွားကာ အရေးဆိုကြသည်။ မြန်မာပြည်သို့ ပြန်ရောက်ပြီး မကြာမီ ဦးထွန်းရှိန် ကွယ်လွန်ရာ ဦးထွန်းရှိန်၏ ဈာပနကို အမျိုးသားရေး ဂုဏ်ပြုသတင်းအဖြစ် မှတ်တမ်းတင် ရိုက်ကူးတင်ပြလိုက်သောကြောင့်လည်း ဖြစ်သည်။ 

 

မြန်မာ့ရုပ်ရှင်သမိုင်းတွင် ရုပ်ရှင်ဇာတ်ကားပေါင်း ထောင်နှင့်ချီ၍ ရိုက်ခဲ့ကြသည်။ ဇာတ်လမ်းတိုများ၊ မှတ်တမ်းတင် ကားတိုများလည်း ပါဝင်သည်။ ကျွန်တော်ကတော့ သမိုင်းကို ပြောသော မြန်မာ့ရုပ်ရှင်ဇာတ်ကားအဖြစ် “မေတ္တာ နှင့် သူရာ ကို ဖွဲ့ပါမည်။ 

 

မေတ္တာနှင့် သူရာ

 

ဇာတ်ကား ခေါင်းစီးကိုက "မေတ္တာနှင့် သူရာ"ဟူ၍ ဖွင့်ဆိုထားရာ ရုပ်ရှင် ဖခင်ကြီးများသည် မြန်မာတို့၏ ဗြဟ္မစိုရ်တရား လေးပါးအစ မေတ္တာကို ရိုးမယ်ဖွဲ့ ပါသည်။ သူရာ၏ ဆိုးကျိုးနှင့် စာရိတ္တသီလလည်း ပါရှိသည်။ "ဘိန်းဘင်းကစော်လှော်စာသောက်စားပြုသူများ စီးပွားပျက်မည်သိ"ဟူ၍ နီတိစာများ ရှိသည့်အတိုင်း အရက်ဝင်လာလျှင် နဂိုစိတ်ပျောက်ပြီး လောဘ၊ ဒေါသ၊ မောဟ စရိုက်ဆိုးများ ဝင်လာသည်ကို ပြခဲ့သည်။

 

ကမ္ဘာ့ပထမဆုံး ဇာတ်လမ်းရုပ်ရှင်ကို ပြောလျှင် ၁၉၀၃ ခုနှစ်က ထွက်ပေါ်လာသော Edwin S Porter ၏ Great Train Robbery ၁၀ မိနစ်ရုပ်ရှင်ကိုပြောကြသည်။ မီးရထားကို ဓားပြတိုက်ပုံကို ရိုက်ကူးထားသည့် ရုပ်ရှင် ဖြစ်သည်။

 

ရုပ်ရှင်နှင့် မြန်မာ့သမိုင်း မြန်မာ့ရုပ်ရှင်က “မေတ္တာနှင့် သူရာ ကို ဖော်ကျူးသည်။ ထိုခေတ်၊ ထိုအချိန်ကာလက ထိုသူတို့၏ ရိုးရာ ယဉ်ကျေးမှု စရိုက်လက္ခဏာ အစဉ်အလာများသည် ရုပ်ရှင်တွင် ထင်ဟပ်နေသည်။ မြန်မာအဆွေမှ တင်ဆက်လာသည့် အောင်သပြေဇာတ်ကားထဲတွင် သီပေါမင်း ပါတော်မူခန်းကို ထည့်ပြသွားခဲ့သည်။ မြန်မာတို့၏ ဇာတိမာန်စိတ်ဓာတ်ကြောင့် နယ်ချဲ့ တို့ဂယက်ထသွားခဲ့သည်။ ဤငွေရတု ကာလမှာပဲ ဗြိတိသျှဘားမား၏ ဘွိုင်ကော့တာ ရုပ်ရှင်တွင် တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြသော ဦးနု၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးရာရှစ်၊ ဦးအေးချို၊ ဦးစိန်ခို၊ ဦးထွန်းအုံတို့ ပါဝင်ခဲ့ကြပြီး သမိုင်းတွင်သည့် ဇာတ်ကားတစ်ကား ဖြစ်ခဲ့သည်။ 

 

ပဲရော့ ဦးဆန်နီသည် လောင်းကစားကြောင့် မွဲပြာကျရသည့် ဆိုးကျိုးများကို “၃၆ ကောင် ” ဇာတ်ကားဖြင့် သရုပ်ဖော်ခဲ့သည်။

 

ဒေါင်းဒင်္ဂါး၊ ဒို့ဒေါင်းလံ စသည့် ဇာတ်ကားများလည်း ရှိပါသေးသည်။ 

 

သတင်းကားများ

 

“ဆရာစံ သတင်းကား ဖြစ်ရပ်မှန်မှာ တောင်သူလယ်သမားတို့နှင့်အတူ နွံနစ် ခံနေရသော ဒုက္ခကြောင့် ကြွေးတင်ကျွန်ဖြစ် ဖြစ်နေသည်ကို မြင်တွေ့ခံစားရသော ဂဠုန်ဆရာစံ သူပုန်ထသည်။ နယ်ချဲ့တို့က ဖမ်းဆီးမိပြီးနောက် ကြိုးပေးသတ်ခဲ့သည်။ ထိုအဖြစ်ကို မြန်မာအဆွေ(အေဝမ်း)က မှတ်တမ်းတင် ရုပ်ရှင် ရိုက်ခဲ့သည်။ ထိုခေတ်က ပြသနိုင်ရန် ခက်ခဲသော်လည်း မြန်မာအဆွေမှ မောင်မောင်စိုး (မြန်မာ့ပထမဆုံး ရုပ်ရှင်မင်းသား ဦးညီပု၏ ညီ) အလျှောက်ကောင်းလို့ အထောင်း သက်သာပြီး ရုံတင်ပြသနိုင်ခဲ့သည်။

 

အတွင်းဝန်ရုံး စပတ်လမ်း (ဗိုလ်အောင်ကျော်လမ်း) ၌ တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြရာတွင် နယ်ချဲ့ လက်ပါးစေတို့၏ နံပါတ်တုတ်ကြောင့် ကျောင်းသား ဗိုလ်အောင်ကျော် ကွယ်လွန်သွားခဲ့သည်။ ဤအဖြစ်အပျက်ကိုလည်း မှတ်တမ်းတင်နိုင်ခဲ့သည်။ ပဲခူးငလျင်၊ ဖြူးငလျင်နှင့် မီးရထားမှောက်ခြင်း သတင်း စသည်တို့ကိုလည်း မှတ်တမ်းတင် ရိုက်ကူး ထားနိုင်ခဲ့သည်။

 

ဒုတိယကမ္ဘာစစ်ကြီးအပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရ၍ ကျဆုံးသွားသော မှတ်တမ်းမှတ်ရာ ဓာတ်ပုံများ၊ ရုပ်ရှင်နှင့် ပြဇာတ် အစည်းအရုံးမှ အေဝမ်းဦးတင်မောင် ဦးဆောင်သည့် ရုပ်ရှင်ပညာသည်များ ရွှေတိဂုံဘုရားလမ်းရှိ ဂျူဗလီဟောလ်သို့ သွားရောက် ဂါရဝပြုသည့်ပုံများ၊ ၁၉၄၉ ခုနှစ်က အင်းစိန်တိုက်ပွဲတွင် ရုပ်ရှင်မင်းသမီးများနှင့် သူနာပြုတပ်ဖွဲ့ဝင်များက ရှေ့တန်းသို့ သွားရောက်ပြုစုနေပုံများ၊ ရိက္ခာပေးပို့ပုံများမှာလည်း သမိုင်းကိုပြောသော ရုပ်ရှင်များ ဖြစ်ခဲ့သည်။ 

 

သမိုင်းကိုပြောသော ရုပ်ရှင်များ ပဒေသာဖလင်မှ ဒါရိုက်တာ ဦးတင်ယု ရိုက်ကူးခဲ့သော "မန္တလေး နန်းတွင်း အရေးတော်ပုံ" ဇာတ်ကားသည် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်အောင် ကြိုးစားနေသော ခေတ်ကို ရိုက်ချိုးခြင်းခံရသည့် သမိုင်းဝင် အဖြစ်အပျက်ကို ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ဗြိတိသျှဘားမားမှ ဒါရိုက်တာ ဦးချစ်ခင်၏ "ငဘ" ဇာတ်ကားသည် တောင်သူ လယ်သမားတို့၏ ဘဝကို ရိုက်ကူးဖော်ပြခဲ့ပြီး ဦးချစ်ခင် ရိုက်ကူးခဲ့သော “ဖြေလျှော့ခွေ ဇာတ်ကားသည် အရင်းရှင်တို့၏ ဝိသမလောဘနှင့် အလုပ်သမားတို့၏ နင်းပြားဘဝကို ဖော်ပြခဲ့သည်။ အလုံ (မြင့်မြင့် ခင်)၏ "မြစ်ကြီး ဧရာဝတီ" ဂန္ထဝင်သီချင်း သည်လည်း ဧရာဝတီမြစ်ကြီး၏ အလှသဘာဝနှင့် အမိမြေ၏ အသက် ၊ သွေးကြောကြီးကို ပုံရိပ်ထင်ဟပ်စေ ခဲ့သည်။

 

ဦးနုသည် နိုင်ငံရေးသမား၊ နိုင်ငံတော်၏ ဝန်ကြီးချုပ်ဖြစ်ပြီး သူ့တွင် နိုင်ငံရေး အမြူတေ ရှိသည်။ သူသည် အခွင့်အရေးရခိုက်တွင် ကွန်မြူနစ် ဆန့်ကျင်ရေး “လူထုအောင်သံ ဇာတ်ကားကို ဖော်ကျူးခဲ့သည်။

 

မြန်မာတို့၏ ဗြဟ္မစိုရ်တရား၊ လောကပါလတရားတွေ ပွတ်တိုက် ရွေ့လျားသော ကာလတွင် ဆရာကြီး ဦးသုခ၏ ““ရွှေခြည်ငွေခြည်တန်းပါ လို့ ဇာတ်ကားနှင့် ““ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဇာတ်ကားများက စိတ်တံခါးကို ဖွင့်ပေးသည်။ “ဘယ်သူ ပြိုင်လို့ လှပါတော့နိုင်သည် ဆရာမင်းကျော်၏ စာမတတ်သူ ပပျောက်ရေး ဝတ္ထုဖြစ်သည်။ ဆရာဦးသုခ သရုပ်ဖော်တင်ပြပုံကောင်းသောကြောင့် "အ သုံးလုံး" သင်ကြားမှုနှင့်ပတ်သက်၍ သမိုင်းတွင်သော ရုပ်ရှင်ဖြစ်နေပြီဖြစ်သည်။

 

မြန်မာ့ရုပ်ရှင်တွင် ပထမဆုံး အမျိုးသား သရုပ်ဆောင်ထူးချွန်ဆုရ မင်းသား ကျော်ဝင်း ပါဝင်သော "မာလာရီ" ဇာတ်ကားသည် ဆရာ ရွှေဒုံးဘီအောင်၏ လက်ရာဖြစ်သည်။ သူပုန်ကျော်ဝင်း အမြင်မှန်ရပြီး လက်နက်တွေယူ၍ အလင်းဝင်လာပုံမှာ ခေတ်ကို ရောင်ပြန်ဟပ်နေသော ခေတ်၏ကြေးမုံ ဖြစ်သည်။ ဒါရိုက်တာ အေဝမ်းမောင်လှမျိုး၏ "ဆောင်း" ဇာတ်ကားသည် ယနေ့ကာလ ပြည်သူတို့ မျှော်လင့်တောင့်တနေသည့် ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ကျူးသည်။ ခေတ်ပြိုင် ခံစားမှုတွေ ပါရှိသည်။

 

အေဝမ်းဦးတင်အောင်၏ "ဗိမ္မိသာရ" ရုပ်ရှင်ဇာတ်ကားသည် တကယ့်အဖြစ် ( ဓမ္မနှင့် အဓမ္မ၊ မိဘမေတ္တာတို့ကို ဖွင့်ဆိုထားသည်။ ဒီဘက်ခေတ်တွင် ငြိမ်းမင်း၏ဇာတ်ညွှန်းကို ကျော်သူ ရိုက်ကူးသော "အမေ့နို့ဖိုး" ဇာတ်ကားဆိုလျှင် လည်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် ကျေးဇူးတရားကို ဖော်ပြနေသည်။ ဝင်းဦး၏ "အတွယ်အတာ"နှင့် "မှုံရွှေရည်"စသော ဇာတ်ကားများသည်လည်း သစ္စာတရားနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ကိုယ်စားပြုနေသည်။

 

သမိုင်းမှတ်တိုင် ပုံရိပ်များ

 

ဆိုရလျှင် မြန်မာ့ရုပ်ရှင်သည် ဖျော်ဖြေရေးသက်သက်သာမဟုတ်။ မြန်မာ တို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်မှု၊ အနုပညာ စသည် စသည့် သမိုင်းကြောင်းများကိုလည်း ဖော်ပြနေသော သမိုင်းမှတ်တိုင် ပုံရိပ်များ ဖြစ်ကြပေသည်။ 

 

ချစ်သန်းမြင့်

 

ျ်ိါနမ