မင်းခေါင်
၂၀၂၆ ခုနှစ် မတ်လ ၂၇ ရက်နေ့သည် (၈၁)နှစ်မြောက် တပ်မတော်နေ့ဖြစ်သည်။ မြန်မာ့တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ရဲဘော်သုံးကျိပ်မှ စတင်သန္ဓေတည်ခဲ့ပြီး လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် အနယ်နယ်အရပ်ရပ်မှ ဝင်ရောက်လာခဲ့ကြသော ပြည်သူများကြားမှ ပေါက်ဖွားလာသည့် ပြည်သူ့တပ်မတော်တစ်ရပ် ဖြစ်ပေသည်။
သို့ကြောင့်ပင် တစ်ချိန်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက “ငါတို့တွေဟာ ကြေးစားစစ်တပ်မဟုတ်ဘူး၊ ပြည်သူတွေထဲက ပေါက်ဖွားလာပြီးတော့ ပြည်သူတွေကို အလုပ် အကျွေးပြုရလိမ့်မည်”ဟု မိန့်ကြားခဲ့ပေသည်။
ထိုတပ်မတော်သည် ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးနှင့် ဖက်ဆစ်တော်လှန်ရေးကာလအတွင်း အသက်သွေးချွေးပေါင်းမြောက်မြားစွာ ရင်းနှီးပေးဆပ်ကာ အမိနိုင်ငံတော်၏ လွတ်လပ်ရေးကို ပြန်လည်ရယူဆောင်ကြဉ်းပေးခဲ့သည်။
တပ်မတော်၏ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “ကျုပ်ခေါင်းဆောင်နေတဲ့ တပ်မတော်သားတွေကအစ ဒီလောက်အပင်ပန်းခံ တိုက်နေတာ လခလည်း တစ်ပြားမှ မရသေးဘူး။ အဝတ်အစားလည်း ချို့တဲ့တယ်၊ ဆေးဝါးလည်း ကောင်းကောင်းမလုံလောက်ဘူး၊ လက်နက်ခဲယမ်း မီးကျောက်လည်း မပြည့်စုံဘူး၊ အနားလည်းမရဘူး၊ အသက်လည်းစွန့်ရတယ်၊ သေတဲ့လူတွေလည်း သေကုန်ပြီ၊ လူစဉ်မမီတဲ့လူတွေလည်း ရှိကုန်ပြီ။ အဲဒီလောက် အပင်ပန်းခံပြီး ကျုပ်တို့တစ်တပ်လုံး တိုက်နေတာဟာ တစ်နေ့က ကျုပ်တို့တပ်ခေါင်းဆောင်တွေရဲ့ ကြေညာချက်အတိုင်း လူတစ်စုတည်း ကောင်းစားဖို့မဟုတ်ဘူး၊ ကျုပ်တို့တိုက်နေတာဟာ တိုင်းပြည်ရဲ့လွတ်လပ်ရေးနဲ့ တိုင်းပြည်လူထုကြီး ကောင်းစားရေးကိုသာရည်ရွယ်ပြီး တိုက်နေတာဆိုတာ တထစ်ချသိစေချင်တယ်” ဟူ၍ ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့တွင်ကျင်းပသော ရန်ကုန်မြို့လုံးကျွတ်အစည်းအဝေးကြီးတွင် မြွက်ကြားခဲ့ပေ သည်။
မြန်မာပြည်လွတ်လပ်ရေးရရှိပြန်တော့လည်း တပ်မတော်သည် ကိုလိုနီနယ်ချဲ့၏ သွေးခွဲမှုကြောင့် လူမျိုးစွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲတို့ဖြင့် ပေါ်ပေါက်လာသော လက်နက်ကိုင် ပြည်တွင်းဆူပူသောင်းကျန်း မှုများကို လှေခွက်ချည်းကျန် အလံမလှဲကြံ့ကြံ့ခံ တွန်းလှန်ခဲ့ရပြန်ပေသည်။
ဗိုလ်မှူးကြီး(ဟောင်း)တင်မောင်က “တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်” စာအုပ်တွင် “နိုင်ငံ တစ်ခုသည် မိမိ၏ဝါဒလမ်းစဉ်အရ အခြားတိုင်းပြည် တစ်ပြည်ကိုလွှမ်းမိုးရန် ကြိုးပမ်းရာ၌ အခြား နည်းလမ်းဖြင့် မအောင်မြင်သောအခါ လက်နက်အင်အားဖြင့် ဖိ၍လာတတ်သည်။ ထိုနည်းအတူ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုသည် မိမိ၏ဝါဒလမ်းစဉ်အရ တိုင်းပြည်အတွင်း၌ လွှမ်းမိုးရန် ကြိုးပမ်း ရာ၌ အခြားနည်းလမ်းဖြင့် မအောင်မြင်သောအခါ ထိုတိုင်းပြည်၏အစိုးရအား လက်နက်အားကိုးဖြင့် ဖြုတ်ချရန် ကြိုးစားလာတတ်သည်။
ထိုအခါ စစ်ပွဲဟူသည် ပေါ်ပေါက်လာရသည်။
မည်သို့ပင်ဖြစ်စေ စစ်ပွဲစပြီဆိုသည်နှင့် ပထမဆုံးသောကျည်ဆန်သည် ထိုတိုင်းပြည်၏ စစ်သား အားချိန်ရွယ်၍ ပစ်လွှတ်လိုက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် အရေးအခင်းကို ဦးဆုံးပြေးတွေ့ရသူ သည် စစ်သားပင်ဖြစ်ရသည်။ ပထမဦးဆုံး သွေးမြေကျရသူ၊ အသက်ပေးရသူသည်လည်း ထိုစစ်သားပဲ ဖြစ်ပါသည်။ ထိုစစ်သားအဖို့မှာတော့ မည်သူက မှားသည်၊ မည်သူကမှန်သည်ဟူသောအချက်သည် ပြဿနာမဟုတ်ပါ၊ မဟုတ်နိုင်တော့ပါ။
ထိုစစ်သားသိဖို့၊ နားလည်ဖို့၊ ယုံကြည်ဖို့ တစ်ခုသာရှိသည်။ အဲဒါက မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ငါ၏တိုင်းပြည်နှင့် ငါ၏တပ်မတော်” စသည်ဖြင့် ရေးသားခဲ့ပေသည်။
ထိုကဲ့သို့ပင် ထိုခေတ်တပ်မတော်သည် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ၏တပ်မတော်အတွက် စွန့်လွှတ်စွန့်စားသောစိတ်ဓာတ်ဖြင့် ပြည်ထောင်စုအလံ မယိုင်လဲစေရန် ဟိုတစ်ကွက်၊ သည်တစ်ကွက် ကြံ့ကြံ့ခံတွန်းလှန်ခုခံခဲ့ရသည်။ ၁၉၄၉ ခုနှစ် နှစ်ကုန်၊ ၁၉၅၀ ပြည့်နှစ်များရောက်မှ ရောင်စုံသောင်းကျန်းသူများ ယာယီစိုးမိုးထားသည့်မြို့များကို တစ်မြို့ပြီးတစ်မြို့ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပြန်လည်ရယူစွမ်းဆောင်နိုင်ခဲ့ပေသည်။
ချီလေသည့်တပ်မတော်သည် ပြည်တွင်းသောင်းကျန်းမှုရန်ကိုတွန်းလှန်၍ အသက်ရှူချောင် ရုံမျှသာရှိသေးသည် မြန်မာ့မြေပေါ်သို့ ကျူးကျော်ဝင်ရောက်တပ်စွဲလာသော ကူမင်တန်တရုတ်ဖြူ တပ်များကို နဂါးနိုင်၊ ဘုရင့်နောင်၊ ရန်ကြီးအောင်၊ မဲခေါင်စစ်ဆင်ရေးများ ဆက်တိုက်ဆင်နွှဲပြီး တိုက်ထုတ်ခဲ့ရပြန်သည်။
ထို့ပြင် တပ်မတော်၏ ပခုံးထက်ဝယ် နိုင်ငံတော် ကာကွယ်ရေးတာဝန်များသာမက နိုင်ငံ့အရေးအတွက် နိုင်ငံရေးတာဝန်များပါ ကျရောက်ခဲ့ပြန်သည်။
အိမ်စောင့်အစိုးရတာဝန်ကို ထမ်းဆောင်ခဲ့ရပြန်
၁၉၅၈ ခုနှစ်တွင် အာဏာရဖဆပလအစိုးရ အဖွဲ့အတွင်း တည်မြဲနှင့် သန့်ရှင်းအုပ်စု အကွဲအပြဲ နှင့်အတူ အပြန်အလှန်စွပ်စွဲမှုများ၊ အပြန်အလှန်ဆန့်ကျင်လှုပ်ရှားမှုများ၊ မတည်ငြိမ်မှုများ ဖြစ်ပွား လာမှုကြောင့် ဝန်ကြီးချုပ်သခင်နုက ဗိုလ်ချုပ်ကြီးနေဝင်းထံ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းပေး ရန်နှင့် တရားမျှတသောအထွေထွေရွေးကောက်ပွဲကိုကျင်းပပေးရန် ဖိတ်ခေါ်တာဝန်ပေးမှုအရ တပ်မတော်သည် အိမ်စောင့်အစိုးရတာဝန်ကို ထမ်းဆောင်ခဲ့ရပြန်သည်။
ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော အိမ်စောင့်အစိုးရခေတ်တွင် တပ်မတော်သည် တရားဥပဒေ စိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေးနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်ပေးခဲ့သည်။ ၁၉၄၉-၁၉၅၀ ခုနှစ်များ အတွင်းက သောင်းကျန်းသူများရန်ကြောင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာသော တောနေလူထုများပြား လာမှုနှင့်အတူ ဖြစ်တည်လာသော တရားမဝင် ကျူးကျော်ရပ်ကွက်များကို ဖျက်သိမ်း၍ တရားဝင် မြေယာပိုင်ဆိုင်မှုရရှိစေရန် တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သာကေတမြို့သစ်တို့ကို တည်ပေး ခဲ့ရသည်။
မြို့တွင်းလမ်းများ ပြုပြင်ခြင်း၊ ရေမြောင်းများ တူးဖော်ခြင်းများအပါအဝင် ရန်ကုန်မြို့ သန့်ရှင်း သာယာလှပရေးအတွက်လည်း တပ်မတော်သားများက တနင်္ဂနွေနေ့တိုင်း လုပ်အားပေးဆောင်ရွက် ခဲ့ကြသည်။ သားဈေး၊ ငါးဈေး၊ ထင်းဈေးအပါအဝင် ကုန်ဈေးနှုန်းကျဆင်းရေးအတွက်လည်း တပ်မတော်သားများက ရပ်ကွက်များအထိ ကွင်းဆင်း၍ ရောင်းချပေးခဲ့ကြသည်။
အိမ်စောင့်အစိုးရအဖွဲ့က တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေး၊ တရားမျှတပြီး လွတ်လပ်သောအထွေထွေရွေးကောက်ပွဲတာဝန်များကို ဦးတည်ဆောင်ရွက်နေစဉ်အတွင်း မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှစ်နိုင်ငံအကြား နယ်နိမိတ် သတ်မှတ်ရေးလုပ်ငန်းကိုလည်း အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပေသည်။
ထို့နောက် အိမ်စောင့်အစိုးရ၏ အဓိကတာဝန် တစ်ရပ်ဖြစ်သော တတိယအကြိမ်မြောက် ပါလီမန် အထွေထွေရွေးကောက်ပွဲကို ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကျင်းပပေးခဲ့ပြီး အနိုင်ရပါတီအား နိုင်ငံတော်၏အာဏာကို ပြန်လည်အပ်နှင်းခဲ့ပေသည်။
ထို့အတူ တပ်မတော်သည် ၁၉၆၂ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်များတွင်လည်း နိုင်ငံရေးအကျပ် အတည်းများနှင့် ပြည်ထောင်စုပြိုကွဲမည့်အရေးကြောင့် မလွှဲသာမရှောင်သာ နိုင်ငံတော်၏အာဏာ ကိုရယူပြီး အမျိုးသားနိုင်ငံရေးတာဝန်များကို ဦးလည်မသုန်ထမ်းဆောင်ခဲ့ရပြန်သည်။
ဒီမိုကရေစီစနစ်ကို ဖော်ဆောင်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီတပ်မတော်အစိုးရခေတ်တွင် မြစ်ကူးချောင်းကူးတံတားကြီးများနှင့် လမ်းများ၊ ဆည် မြောင်းတာတမံများ၊ ဆေးရုံများ၊ တက္ကသိုလ်များ၊ နေပြည်တော်အပါအဝင် မြို့သစ်များ စသည့် နိုင်ငံတော်အတွက်လိုအပ်သော အခြေခံအဆောက် အအုံများကို တည်ဆောက်ပေးခဲ့ရုံမက အမျိုးသား ညီလာခံကရေးဆွဲပြီး ပြည်သူများ၏ ထောက်ခံအတည်ပြုမှုနှင့်အတူ ပေါ်ပေါက်လာသောဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ပြည်သူများ လိုလားတောင့်တသည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ရန် ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့ သည်။ ဆက်လက်၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အနိုင်ရပါတီအား စနစ်တကျလွှဲပြောင်း အပ်နှင်းပေးခဲ့သည်။
တစ်ဖန် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အာဏာရပါတီ၏ မဲမသမာမှုနှင့်အတူ နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန်ဆောင်ရွက်ခဲ့မှုကြောင့် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရေးပေါ်ကာလပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံ့အရေးအတွက် နိုင်ငံတော်၏တာဝန်များကို တာဝန်ယူထမ်းဆောင်ခဲ့ရပြန်ပါသည်။
ယခုအကြိမ်တွင် တပ်မတော်သည် ယခင်ကထက် ပိုမိုများပြားသောစိန်ခေါ်မှုများကို ရင်ဆိုင် ကြုံတွေ့ခဲ့ရသည်ဟု ဆိုရပေမည်။
စတင်တာဝန်ယူရသည့်အချိန်တွင် ဆူပူဆန္ဒပြမှုများ၊ NCA လက်မှတ်ရေးထိုးထားသည့် EAO အဖွဲ့အချို့နှင့် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် EAO အဖွဲ့များအနေဖြင့် နိုင်ငံရေးဖြစ်စဉ်များကြောင့် နယ်စပ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်လာသည့် လူငယ်များ၊ နိုင်ငံ့ဝန်ထမ်းအချို့အား လက်ခံပြီး ပြည်ပနိုင်ငံကြီးအချို့၏ ငွေကြေးထောက်ပံ့မှုများ ရယူကာ အကြမ်းဖက်သင်တန်းများပို့ချ၍ လက်နက်များ တပ်ဆင်ပေးခြင်း၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်စေရန် မြှောက်ပင့်ပေးခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် တရားမဝင်ဖွဲ့စည်း ထားသည့် CRPH နှင့် NUG တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အပါအဝင် အကြမ်းဖက်အဖွဲ့များ အမျိုးမျိုးပေါ်ပေါက်လာပြီး အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လာခြင်းများအပါအဝင် စိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရပေသည်။
သို့ရာတွင် အစဉ်အလာရှိသော တပ်မတော်က ထိုစိန်ခေါ်မှုများကို မုန်တိုင်းကိုမမှု အန်တုနိုင်ခဲ့ပြန်ပါသည်။
ဆူပူဆန္ဒပြခဲ့မှုများကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ဖြေရှင်းနိုင်ခဲ့သည့်နည်းတူ အကြမ်းဖက်လုပ်ရပ် များကိုလည်း တပ်မတော်အနေဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ တည်ငြိမ်အေးချမ်းရေးကို လိုလား သည့် ပြည်သူလူထုများနှင့် အတူတကွပူးပေါင်း၍ တရားဥပဒေနှင့်အညီ နှိမ်နင်းလျက်ရှိပေသည်။ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ ယာယီစိုးမိုးထားသည့် မြို့ရွာအချို့ကိုလည်း တပ်မတော်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် အခြေခံအဆောက်အအုံများကို ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့ပေသည်။
ထို့အတူ ကိုဗစ်-၁၉ ကပ်ဘေးအန္တရာယ်နှင့် ၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ ထိခိုက်မှု ဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်အတွင်းက ဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်း၊ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး စသည့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့မှုများကိုလည်း အခက်အခဲများကြားမှ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပေသည်။
အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာတော့မည်
မူလရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုလည်း ၂၀၂၅ ခုနှစ် ဒီဇင် ဘာလ ၂၈ ရက်တွင်စတင်ပြီး အပိုင်း(၃)ပိုင်းခွဲ၍ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တွင် အောင်မြင်စွာကျင်းပ ပေးခဲ့ရာ မကြာမီကာလအတွင်း ရွေးကောက်ခံအစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာတော့မည် ဖြစ်ပေသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၆ ရက်နေ့က နေပြည်တော်၌ ကျင်းပသော အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၆) အစည်းအဝေးတွင် “မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလမှစပြီး ယနေ့ထိ နိုင်ငံတော်ကို အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့်အညီ တာဝန်ယူခဲ့ပြီး နိုင်ငံတော်၏စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းမျိုးစုံဖြင့်တိုးတက်အောင် ကြိုးပမ်းလျက်ရှိကြကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် ချမှတ်ထားသည့် ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် အကောင် အထည်ဖော်ခဲ့သည်မှာ ယခုအခါရွေးကောက်ပွဲကို အောင်မြင်ပြီးမြောက်စွာ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ် ကြောင်း” ပြောကြားခဲ့ပေသည်။
ချီလေသည့်တပ်မတော်သည် စတင်သန္ဓေတည် ပေါက်ဖွားလာသည်မှအစပြု၍ အမျိုးသား လွတ်မြောက်ရေး၊ နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် သမိုင်းပေးတာဝန်များကို မျက်မှောက်ကာလတိုင် မနားမနေထမ်းဆောင်နေရဆဲ။
တပ်မတော်ကို မလိုမုန်းတီးသူများက မည်သို့ပင် အမနာပ ပုတ်ခတ်ပြောဆိုကြငြား၊ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ပြောဆိုကြငြား တပ်မတော်သည် နှစ်ပေါင်း ၈၀ ကျော်ကာလအတွင်း သမိုင်း မှတ်ကျောက်အလီလီတင်နိုင်ခဲ့သည်ကို လေ့လာသူတိုင်း တွေ့မြင်ကြရမည်ဖြစ်ပေသည်။ ။


