မြန်မာနိုင်ငံက ထင်ရှားကျော်စောသော သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက သမိုင်းသင်တာ မအအောင်လို့ဟူသည့် သမိုင်းတွင်ရစ်သော စကားရပ်ကို မြွက်ဟဖူး၏။

လူတို့၏ဘဝတွင် သမိုင်းကို လေ့လာသင်ယူခြင်းသည် အခြေခံလိုအပ်ချက်ဖြစ်၏။ ထို့ကြောင့်ပင် မူလတန်းမှစ၍ သင်ရိုညွှန်းတမ်း ထဲတွင် ထည့်ကာသင်၏။ လူတို့၏ သမိုင်း၊ မိမိတို့လူမျိုး၏ သမိုင်း၊ ကမ္ဘာကြီး၏ သမိုင်း၊ နိုင်ငံတကာသမိုင်း အစရှိသည်တို့ကို ယေဘုယျအားဖြင့် နားလည်နေကြဖို့ လိုသည် ဟူသည့် သဘောထားပေါ် အခြေခံသော ပညာရေးစနစ်။

အထူးသဖြင့်တော့ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ၏သမိုင်းကို မှန်မှန်ကန်ကန် နားလည်ကြ သိရှိကြဖို့လို၏။ ကိုယ့်ဇာစ်မြစ်ကို မှန်မှန် ကန်ကန်သိခြင်းက ကိုယ့်ဘဝကိုယ် မှန်မှန်ကန်ကန် နားလည်ခြင်းဖြစ်ပြီး ကိုယ့်အနာဂတ်ခရီးကို မှန်မှန်ကန်ကန် ရွေးချယ် လျှောက်လှမ်းနိုင်ရေးဖြစ်၏။

ကိုယ့်သမိုင်းကိုယ် အမှန်အတိုင်း မသိခြင်း၊ နားမလည်ခြင်းသည လူတို့ကို လူနုံလူအဘဝကို ရောက်စေမည်။ လူနုံလူအ ဟူသည် ဘဝကို တိုးတက်မြင့်မားအောင် လုပ်နိုင်မည်မဟုတ်။ လူနုံလူအတို့သည် မိဘဘိုးဘွားတို့၏ မည်သို့သော ကြွယ်ဝချမ်းသာမှုကို အမွေဆက်ခံထားသည်ဖြစ်စေ ဆင်းရဲတွင်းသို့ နစ်ကာတိုးဝင်နေတတ်ကြ၏။

နိုင်ငံအနေဖြင့် ပြောရလျှင် မြန်မာတို့က ပဒေသရာဇ်ခေတ်များအတွင်း ဘုရင်အမျိုးမျိုး၏ လက်အောက်တွင် ကောင်းချည်တစ်ခါ ဆိုးချည်တစ်လှည့်ဖြင့် သမိုင်းကို ဖြတ်သန်းခဲ့ကြရသည်။ စနစ်က ပဒေသရာဇ်စနစ် ဖြစ်သည့်အတွက် ပြည်သူလူထုကို ညှာတာသည့် ဘုရင်လက်ထက်တွင် ပြည်သူတို့ သက်သာရာရမည်ဖြစ်ပြီး၊ ကြမ်းကြုတ်သည့် ဘုရင်လက်ထက်တွင် ပြည်သူတို့ မသက်သာ ဖြစ်မည်။ လောဘဇောတက် စည်းစိမ်ခံလွန်းသော ဘုရင်များလက်ထက်တွင် နိုင်ငံဆင်းရဲမွဲတေလာ မည်ဖြစ်ပြီး မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်သည့် ဘုရင်များလက်ထက်တွင် နိုင်ငံတိုးတက်မည်ဟု ခန့်မှန်းသိရှိနိုင်ကြမည် ဖြစ်ပါသည်။

နောက်တော့ ကိုလိုနီခေတ်။ နိုင်ငံခြားသားတို့က မိမိတို့နိုင်ငံ၏ သယံဇာတ အရင်းအမြစ်များကို အများဆုံးရယူမည်။ မိမိတို့နိုင်ငံ သားများက အကြွင်းအကျန် အရိုးအရင်းကိုရမည်။ ဖက်ဆစ်ခေတ်မှာ မိမိတို့နိုင်ငံက နယ်ချဲ့ရုံမျှမက နိုင်ငံ၏ သယံဇာတတို့ကို ထုတ်နုတ်သိမ်းပိုက်ကာ ပြည်သူတို့ကို နှိပ်စက်မည်။ လက်အောက်ခံဘဝ ကျရောက်ရသည့် နိုင်ငံသားများအပေါ် ရက်စက်ရန် နည်းနည်းလေးမှ ဝန်လေး မည်မဟုတ်သည့် လက်ရဲဇက်ရဲများ ဖြစ်မည်။

သည်တော့ နယ်ချဲ့နှင့် ဖက်ဆစ်စနစ်ကို ပြည်သူတို့ တညီတညွတ်တည်း တော်လှန်ခဲ့ကြသည်မှာ ရိုးရှင်းလှသော သမိုင်းဟု ဆိုရပါမည်။ ဖက်ဆစ်တော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေးကြီး။

လွတ်လပ်ရေးရပြီးခေတ် ပါလီမန်ဒီမိုကရေစီခေတ်ဆိုသည်မှာ ကိုယ့်မင်းကိုယ်ချင်းကို ပြန်လည်ရရှိပြီး နယ်ချဲ့သမားထားခဲ့သည့် စနစ်များအတွင်းမှ ဖြစ်နိုင်သမျှ ရနိုင်သမျှ ကောင်းဆိုးခွဲခြားရင်း ပြန်လည်ထူထောင်ကြရသည့် ခေတ်။ အောင်မြင်တာတွေ လည်းရှိ၊ ကျဆုံးတာတွေလည်း ရှိခဲ့သည့် ခေတ်။ သို့သော်လည်း ကိုလိုနီလက်အောက်က လွတ်လာစအချိန်၊ အများစုသော ခေါင်းဆောင်များရော ပြည်သူများကပါ တိုင်းကျိုးပြည်ကျိုးအတွက် စေတနာထား ခဲ့ကြသူများ။ ထို့ကြောင့်လည်း အရှေ့တောင် အာရှမှာ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု အဘက်ဘက် လိုလိုတွင် ဦးဆောင်မှုအခန်းမှာ ရှိခဲ့ကြသည်။

တော်လှန်ရေးကောင်စီတက်လာသည့်အခါ ဒီမိုကရေစီစနစ်၏ အနှစ်သာရ စတင်ပျက်စီးခဲ့ရ၏။ နှစ်ကြာလာသည်နှင့်အမျှ ဒီမိုကရေစီ တဖြည်းဖြည်းချင်း ဆိတ်သုဉ်းလာခဲ့ပြီး နိုင်ငံက ဆင်းရဲမွဲတေလာခဲ့သည်။ နောက်ဆုံးတွင် မခံရပ်နိုင်ကြသော ပြည်သူတို့ လမ်းမများပေါ်သို့ထွက်ကာ ၁၉၈၈ ပြည်သူ့ ဒီမိုကရေစီအရေးတော်ပုံကြီးကို ဆင်နွှဲခဲ့ကြသည်။

နောက်တစ်ကြိမ် အာဏာသိမ်းမှုနှင့် ကြုံကြိုက်ရပြန်ရာ ဒီမိုကရေစီ မှောင်ကြီးကျသည့် ခေတ်နှင့်အတူ နိုင်ငံ၏ သယံဇာတ ဆုံးရှုံးမှုများကလည်း မည်သည့်ခေတ်နှင့်မတူ ပြုတ်ပြုတ်ပြုန်းခဲ့ရသည်။

ယနေ့ကာလက ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ အခြေကျနိုင်အောင် နိုင်ငံတွင်း ဒီမိုကရေစီ အခြေခံအုတ်မြစ်ကို ခိုင်မာအခြေကျ အောင် တည်ဆောက်နေရချိန်။ တစ်ပြိုင်နက်တည်းတွင် ဆင်းရဲတွင်းက လွတ်မြောက်ရေး နိုင်ငံတိုးတက်ရေးတို့ကို အားသွန်ခွန်စိုက် ပြန်လည်ထူထောင်နေရချိန်ဖြစ်၏။

သည်လို အနေအထားမှန်ကို နိုင်ငံရေးခေါင်းဆောင်များရော ပြည်သူတို့ကရော အမှန်အတိုင်း သိမြင်ကြဖို့လိုပါမည်။ အားလုံး၊ အထူးသဖြင် နိုင်ငံရေးအင်အားစုများ မညီညွတ်ဘဲ မဖြစ်နိုင်၊ ပြည်တွင်း ပဋိပက္ခများကို ဖြေရှင်း၍ ငြိမ်းချမ်းရေးမရယူဘဲ မဖြစ်နိုင်ဟူသည်ကို နားလည်ကြဖို့ အလွန်အရေးကြီးပြီဟု ယူဆပါကြောင်း။    ။