သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်

၂၀ သြဂုတ်

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိအုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများနှင့် ဩဂုတ်လ ၁၈ ရက်က တွေ့ဆုံစဉ် “မိမိတို့အားလုံးသည် သမိုင်းပေးအခြေအနေအရ မိမိပခုံးပေါ်သို့ ကျရောက်လာသည့် တာဝန်များကိုမိမိဖြတ်သန်းသည့် ကာလတစ်ခုတွင် မိမိတို့ လုပ်ဆောင်ချက်များကို နောင်မျိုးဆက်သစ်များက တန်ဖိုးဖြတ်မည်ဖြစ်သည့်အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားကြရန်” မှာကြားခဲ့သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ကွင်းဆင်းကာ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့် ပြောင်းလဲနိုင်အောင် ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲများပြုလုပ်ကာ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ လမ်းညွှန်မှာကြားခြင်းများ ဆောင်ရွက်နေသည်ကို တွေ့ရသည်။ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံသူ နိုင်ငံသားအားလုံး၊ ဥပဒေပြုရေး၊အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာ တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းဆောင်ရွက်မှသာ ပြုပြင်ပြောင်းလဲမှု မြန်ဆန်စွာ အောင်မြင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

 

ပြုပြင်ပြောင်းလဲရေးသည် နိုင်ငံသူ၊ နိုင်ငံသားများအားလုံး လိုလားတောင့်တနေသော ဆန္ဒအမှန်ဖြစ်သည်။ ပြည်သူများ၏ လိုလားချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက မခိုမကပ်ဘဲ သွက်သွက်လက်လက် ဝိုင်းဝန်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ ဒီမိုကရေစီစနစ်နှင့် ကင်းကွာခဲ့သောနိုင်ငံဖြစ်ရာ ထိုသို့ဆောင်ရွက်မှသာ ဒီမိုကရေစီခရီးလမ်းကို ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်မည်ဖြစ်သည်။ ထိုတာဝန်ကို ကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်နေကြသည့်သူများသာမက ပြည်သူများအားလုံးတွင်ပါ တာဝန်ရှိပြီး တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်ခြင်း ရှိ၊မရှိကိုမူ  နောင်အနာဂတ်မျိုးဆက်သစ်များက ဆုံးဖြတ်ကြပေလိမ့်မည်။

 

လက်ရှိတွင် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက ပြုပြင်ပြောင်းလဲဆောင်ရွက်နိုင်ခြင်းမရှိမှု၊ အများပြည်သူ အကျိုးစီးပွားကို ရှေးရှုခြင်းမရှိမှု၊ မှားယွင်းလုပ်ကိုင်မှုတို့ကို ယနေ့ပြည်သူများက ထောက်ပြဝေဖန်ပြောဆို နေမှုများ ရှိနေသည်ကို ကြားသိရမည်ဖြစ်သည်။ ထို့ကြောင့် မျက်မှောက်ကာလ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ လူမှုဘဝအဆင်ပြေချောမွေ့ စိတ်ချမ်းသာရေး၊ နိုင်ငံကို ပြုပြင်ပြောင်းလဲတည်ဆောက်ရေး လုပ်ငန်းများကို သက်ဆိုင်သူများအားလုံးက ဆောင်ရွက်ကြရာတွင် နိုင်ငံတော်သမ္မတ လမ်းညွှန်မှာကြားသည့်အတိုင်း တွန့်ဆုတ်ခြင်း၊ စိုးရိမ်ခြင်း၊ ဝန်လေးခြင်းမရှိဘဲ ပြုပြင်ပြောင်းလဲရေး ရေစီးကြောင်းတွင် တက်ညီလက်ညီလိုက်ပါနိုင်အောင် ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။

 

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆောင်ရွက်ကြရာတွင်အတိတ်က အားနည်းချက်များကို သင်ခန်းစာယူ၍ ပိုမိုကောင်းမွန်သော အနာဂတ်ဖြစ်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပွင့်လင်း မြင်သာမှုဖြင့် ပြည်သူ့အကျိုးကို ဦးလည်မသုန်ထမ်းရွက်ကြရမည်ဖြစ်သည်။ ပြည်သူများ ဝန်ထုပ် ဝန်ပိုးမဖြစ်စေရေး၊ ပြည်သူများနစ်နာမှု မဖြစ်စေရေး၊ ပြည်သူများအကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများတွင် နိုင်ငံတော်က မူဝါဒများ ချမှတ်ပေးထားပြီးဖြစ်သည်။ ထို့ကြောင့် ချမှတ်ပေးထားသော မူဝါဒများနှင့်အညီ တိတိကျကျ၊ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ပြည်ထောင်စုကြီးနှင့် တိုင်းရင်းသားပြည်သူအားလုံးလိုလားသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးပန်းတိုင်ကို နိုင်ငံတော်က ချမှတ်ထားပြီးဖြစ်သည်နှင့်အညီ ကဏ္ဍအလိုက်၊ ဒေသအလိုက် တာဝန်ရှိသူအားလုံးတို့က နိုင်ငံတော်၏မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ညွှန်ကြားချက်များကို တက်ညီလက်ညီ ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် သမိုင်းပေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။

 

(ကြေးမုံ)