“ပြည်ထဲအရေး ပေါက်နဲ့ကျေး’’ ဟု နိုင်ငံရေးကို ရှေးကဆိုကြသည်။ “ကြက်ဥအရောင်၊ တိမ်တောင်သဖွယ်မင်းရေးကျယ်သည်’’ ဟုလည်း ဆိုကြသေးသည်။ သို့ဖြစ်ရာ နိုင်ငံရေးဟူသည် ရောထွေးမှုများ၊ လှည့်ဖြားမှုများ၊ မာယာပရိယာယ်များ၊ နားမလည်နိုင်ဖွယ်များ၊ မိမိတို့ လက်လှမ်းမမီသည့် အရေးအရာများဟူ၍ မြန်မာလူမျိုးအများစုတို့က ယေဘုယျအားဖြင့် နားလည်လက်ခံထားကြခြင်းဖြစ်သည်။ အမှန်တကယ်အားဖြင့်လည်း နိုင်ငံရေး၏ သဘောသဘာဝများက ဤသို့ပင်ဖြစ်နေရာမှားသည်ဟု မဆိုသာ။

 

အဘိဓာန်များကမူ နိုင်ငံရေးဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ခု သို့မဟုတ် နိုင်ငံတစ်ခုအတွင်း အာဏာကို မည်သို့ခွဲဝေသည်၊ ဆုံးဖြတ်ချက်များကို မည်သို့ချမှတ်သည်၊ အရင်းအမြစ်များကို မည်သို့ စီမံခန့်ခွဲသည်ဆိုသည့် လုပ်ငန်းစဉ်တစ်ခုလုံးကို ဆိုလိုခြင်းဖြစ်သည်ဟူ၍ အနက်အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ စင်စစ်အားဖြင့် နိုင်ငံရေးသည် လူတို့၏အပြုအမူများပင်ဖြစ်ရာ လူတို့၏ပင်ကို သဘောအရ ဖောက်လွဲဖောက်ပြန်မှုများ ပါဝင်လာခြင်းပင်ဖြစ်သည်။ ကိုယ်ကျင့်တရားပျက်ပြားခြင်း၊ အာဏာကိုအလွဲသုံးစားပြုခြင်း၊ အဂတိလိုက်စားခြင်း၊ လိမ်လည်လှည့်ဖြားခြင်း စသည်တို့မှာ နိုင်ငံရေး၏ အမှောင်ဘက်ခြမ်းတွင် ပကတိအားဖြင့် တည်ရှိနေသော အရာများဖြစ်ပြီး နိုင်ငံရေးလောကကို နတ်ဆိုးများသဖွယ် ဖျက်ဆီးလေ့လည်းရှိကြသည်။

 

ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟုဆိုသည်။ မိမိတို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြရသည့် စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှုအစုစုသည် နိုင်ငံရေး ဖြစ်သည်ဟုဆိုသည်။ ထို့အပြင် ဗိုလ်ချုပ်က “နိုင်ငံရေးမည်သည် ယုတ်မာညစ်ထေးသည်ဟု ဆိုရမည်လော။ စင်စစ်မှာ နိုင်ငံရေးသည် ယုတ်မာညစ်ထေးသည်မဟုတ်။ နိုင်ငံရေးကို ညစ်ထေးအောင် လုပ်သူတို့သာလျှင် ယုတ်မာခြင်းသာဖြစ်သည်။’’ ဟု ဆိုခဲ့သည်။ ဤအဆိုအမိန့်ကို ပြောကြားခဲ့ပြီးနောက် တစ်နှစ်ခွဲခန့်အကြာတွင် ယုတ်မာညစ်ထေးသူ နိုင်ငံရေးသမားတစ်ဦး၏ လက်ချက်ဖြင့် ဗိုလ်ချုပ်နှင့်တကွ တိုင်းပြုပြည်ပြုလုပ်ဖော်ကိုင်ဖက်ခေါင်းဆောင်များ ကျဆုံးခဲ့ရသည်။ မြန်မာ့နိုင်ငံရေး၏ အနာဂတ်မှာလည်း ပြောင်းလဲခဲ့ရသည်။ အကယ်၍ ဤဖြစ်ရပ်ဆိုးကြီးသာ မဖြစ်ခဲ့လျှင် ယနေ့ မြန်မာနိုင်ငံသည် မည်သို့ရှိမည်နည်း။

 

မိမိတို့ မြန်မာနိုင်ငံ၏ နိုင်ငံရေးခရီးကြမ်းမှာ ရှည်လျားသလောက်ကြမ်းတမ်းလှသည်။ ယနေ့တိုင်လည်း မပြီးဆုံးနိုင်သေး။ နယ်ချဲ့လက်အောက်ခံဘဝဖြင့် နိုင်ငံရေး နိုးကြားမှုများမှစလျှင် နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီဖြစ်သည့် ခရီးကြမ်းကြီးဖြစ်သည်။ ကိုလိုနီနိုင်ငံဘဝမှ လွတ်မြောက်ရေး၊ လွတ်လပ်ရေးရပြီးနောက် နိုင်ငံဖွဲ့စည်းတည် ထောင်ရေးစသည်ဖြင့် မြန်မာ့နိုင်ငံရေးသမိုင်းတွင် သင်ခန်းစာယူဖွယ်တို့ မြောက်မြားလှစွာရှိနေသည်။ သို့ရာတွင် မြန်မာ့နိုင်ငံရေးနယ်ပယ်မှ မြန်မာနိုင်ငံရေးသမားတို့သည် သမိုင်းသင်ခန်းစာယူဖွယ်တို့ကို လျစ်လျူရှုခဲ့ကြကာ နှစ်ပေါင်းများစွာအတွင်း နောက်ထပ်အမှားများစွာတို့ကို ထပ်မံကျူးလွန်ခဲ့ကြပြန်သည်။ သို့ဖြစ်ရာ နိုင်ငံရေးဟူသည် စနစ်တကျစုပေါင်းနေထိုင်ပြီး ပိုမိုကောင်းမွန်သော လူမှုဘဝရရှိရန် ကြိုးပမ်းသည့်ဖြစ်စဉ်ဖြစ်သည်ဟူသော နှစ်ပေါင်းထောင်ချီနေပြီဖြစ်သည့် ဂန္ထဝင်ဖွင့်ဆိုချက်နှင့် ဆန့်ကျင်စွာပင် လူမှုဒုက္ခများကိုသာ ဖြစ်ပေါ်နေစေသည်။ ဤသည်မှာ ယုတ်မာညစ်ထေးသည့် နိုင်ငံရေးသမားတို့၏ လောဘဇောများနှင့် ဆင်ခြင်တုံတရားကင်းမဲ့သည့် အပြုအမူများ၏ အကျိုးဆက်ပင်ဖြစ်သည်။

 

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့်အခါ နိုင်ငံ၏ ပိုင်နက်နယ်မြေအစိတ်အပိုင်းအားလုံး မခြွင်းမချန်လွတ်လပ်ရေးရရှိရန် မြန်မာ့အမျိုးသားခေါင်းဆောင်ကြီးများက ကြိုးပမ်းရယူခဲ့ကြခြင်းဖြစ်သည်။ အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့် ပြည်ထောင်စုနိုင်ငံတွင် ခွင့်တူညီမျှ အတူတကွစည်းလုံးညီညွတ်စွာနေထိုင်ကြပြီး အင်အားကြီးသည့် နိုင်ငံဖြစ်လာအောင် တည်ဆောက်ကြရန် မျှော်မှန်းခဲ့ကြခြင်းလည်းဖြစ်သည်။ သို့ရာတွင် ယုတ်မာညစ်ထေးသည့် နိုင်ငံရေးသမားများ၊ လက်နက်ကိုင် အကြမ်းဖက်ဝါဒီနိုင်ငံရေးသမားများကမူ နိုင်ငံပြိုကွဲရေး၊ ပျက်စီးရေး၊ နာကြည်းရေး၊ မုန်းတီးရေးတို့ကို ဆက်ကာဆက်ကာ ပြုလုပ်ကြရင်းနိုင်ငံနှင့် ပြည်သူတို့ကို တည်ငြိမ်အေးချမ်းမှုကင်းမဲ့သော၊ ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျသော အခြေအနေများဖြစ်ရန် ဖန်တီးနေကြသည်။

 

ယနေ့ မိမိတို့မြန်မာနိုင်ငံ၏ ပကတိနိုင်ငံရေးမြင်ကွင်းမှာ သိသိသာသာထင်လင်းမြင်သာစွာပင် ရှင်းလင်းသည်။ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားအတွက် အပေါင်းလက္ခဏာဆောင်သည့် အယူဝါဒရှိသူတိုင်း ဥပဒေနှင့်အညီ နိုင်ငံရေး၊ နိုင်ငံ့အရေးလုပ်နိုင်ကြသည်။ အရည်အချင်းပြည့်စုံသူတိုင်း ပြည်သူလူထု၏ ရွေးကောက်တင်မြှောက်မှုဖြင့် လွှတ်တော်များသို့ ၀င်ရောက်၍ တိုင်းကျိုးပြည်ကျိုးဆောင်နိုင်ကြသည်။ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် နိုင်ငံမပျက်စီးရန်၊ ပြည်သူမထိခိုက်ရန် ဆောင်ရွက်နိုင်သည့် နည်းလမ်းဖြောင့်တန်းစွာ ရှိနေသည်။

 

သို့ဖြစ်ရာ နှစ်ပေါင်း ၈ဝ ခန့် ကြာတောင့်ကြာရှည်ပြီဖြစ်သည့် အမှားတို့ကို ပြင်ဆင်ကုစားကြရန် ခေတ်သစ်မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံးနိုင်ငံရေး အကြမ်းဖက်မှုကြီးဖြစ်ပွားခဲ့သည့် အာဇာနည်ဤယနေ့တွင် တိုက်တွန်းလိုက်ရပါကြောင်း ။ ။