သမိုင်းထဲက ခေါင်းဆောင်

၁ ဇူလိုင်

 


သမိုင်းသင်တာ မအ  အောင်လို့ဟူသော  သမိုင်းပါမောက္ခ  ဆရာကြီး ဒေါက်တာသန်းထွန်း၏ အဆိုသည် မြန်မာနိုင်ငံသားတို့အကြား လွန်စွာ  ထင်ရှားကျော်ကြားပါသည်။

 

သမိုင်းကိုသိမှ သမိုင်းထဲက သင်ခန်းစာယူစရာများ၊ ဂုဏ်ယူစရာများ၊ ဖယ်ချစွန့်ပစ်ရမည်များ၊ ထိန်းသိမ်းစောင့်ရှောက်ရမည်များကို သိမည်။ ထို့ကြောင့် သမိုင်းကို ဂဃနဏ သိရှိအောင်လုပ်ခြင်းသည် နိုင်ငံနှင့်ချီ၍ အရေးကြီးသည်။ တစ်စုံတရာကို ဂဃနဏ သိအောင်လုပ်ခြင်း၊ ကျကျနန နားလည်ခြင်းဖြင့် အမှားအမှန်ကို ချင့်ချိန်ခွဲခြားသိရှိမှုကို ပညာဟုဆိုခြင်းဖြစ်၏။  သမိုင်းကို သိရှိပြီး သမိုင်းထဲက  အဖြစ်အပျက်များအတွင်းက မည်သည်ကမှန်၏မှား၏၊ မည်သည်က  သင့်၏မသင့်၏ ၊  မည်သည်က တန်ဖိုးထားရမည်ဟူသည်ကို ပညာဖြင့် ချင့်ချိန်ခွဲခြားကာ သိဖို့လိုပါမည်။

 

သမိုင်းမှာ ဘာကို တန်ဖိုးထားရမည်ဆိုသည်ကို နားမလည်ကြ၊ ဖုံးကွယ်ဖယ်ရှားကြ၊ ပြောင်းလဲဖျက်ဆီးကြခြင်းဖြင့် နိုင်ငံ၌ နစ်နာဆုံးရှုံးခဲ့ရသည့် သာဓကများက စာရင်းပြုစုလို့ မကုန်နိုင်အောင် ရှိခဲ့လေသည်။

 

ခေတ်သစ်မြန်မာနိုင်ငံသမိုင်းတွင်  ဗိုလ်ချုပ်အောင်ဆန်း၏  အခန်းကဏ္ဍမှာ  အလွန်ကြီးပါသည်။  ကျောင်းသား  ကိုအောင်ဆန်း၊ တို့ဗမာ သခင်အောင်ဆန်း၊ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ လွတ်လပ်ရေးအရယူပေးနိုင်ခဲ့သည့်  နိုင်ငံရေးသမား  ဖဆပလအဖွဲ့ချုပ် ခေါင်းဆောင်  ဦးအောင်ဆန်း      အစရှိသောဂုဏ်ပုဒ် အမျိုးမျိုးဖြင့် အမျိုးသားခေါင်းဆောင်ကြီး၊ အာဇာနည်ခေါင်းဆောင်ကြီး ဖြစ်ပါသည်။

 

သူ၏  အလွန်ကြီးကျယ်ခမ်းနားသော    ဂုဏ်ပုဒ်တစ်ခုမှာ  နိုင်ငံ လွတ်လပ်ရေးကို အရယူမည်ဟူသည့်      ပိုင်းဖြတ်မှုအပေါ်      သစ္စာရှိရှိ စောင့်ထိန်းကာ  ဘဝတစ်လျှောက်လုံး  အလုပ်လုပ်သွားခဲ့ခြင်းဟု  မြင်ပါ သည်။ ထိုပိုင်းဖြတ်မှုအတွက် လိုအပ်မည်ဟု သူယူဆထင်မြင်သမျှသော  ဆောင်ရွက်မှုတိုင်းကို   ပြတ်ပြတ်သားသား   ရပ်တည်လုပ်ဆောင်ခဲ့ခြင်း သည်လည်း သူ၏မြင့်မြတ်မှုဟု ဆိုချင်ပါသည်။

 

လွတ်လပ်ရေးအတွက်ဆိုလျှင် နိုင်ငံရေးလုပ်မှဖြစ်မည်ဟု ပိုင်းဖြတ်ပြီးသည်နှင့်  ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ      ဥက္ကဋ္ဌအဖြစ်က နုတ်ထွက်ကာ တို့ဗမာအစည်းအရုံးဝင် သခင်အဖြစ် ခံယူလိုက်၏။ နိုင်ငံလွတ်လပ်ရေးအတွက်  အလုပ်လုပ်ရမည်ဆိုသည့်  ခေါင်းစဉ်အောက်မှာ မည်သည့်တွေဝေမှုမျှ မရှိ။

 

လွတ်လပ်ရေးရဖို့ ဗြိတိသျှလက်အောက်က လွတ်မြောက်ဖို့ဆိုလျှင်  လက်နက်ကိုင်တော်လှန်ရေးလုပ်မှ ဖြစ်တော့မည်ဟု ဆုံးဖြတ်ပြီးသည့်အခါ  ရသည့်နည်းဖြင့်ထွက်ကာ လက်နက်ကိုင်၏။ သခင်အောင်ဆန်းအဖြစ်က  ဗိုလ်တေဇ၊ နောင် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာသည်။

 

စစ်ကြီးအပြီး ဖက်ဆစ်တော်လှန်ရေးအောင်ပွဲနောက်တွင် အမျိုးသား လွတ်လပ်ရေးအတွက်    နိုင်ငံရေးအရ    ဆက်လက်တိုက်ပွဲဝင်ရမည်ဟု ဆုံးဖြတ်ပြီးသည့်နောက်တွင်    တပ်မတော်ခေါင်းဆောင်   ဗိုလ်ချုပ် အောင်ဆန်း ဘဝက လုံးဝနုတ်ထွက်လိုက်၏။

 

နိုင်ငံရေးတိုက်ပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းအဖြစ်      ဆက်လက် ဆောင်ရွက်မည်ဆိုလျှင်လည်း ပြည်သူအများစုက သူ့ကိုထောက်ခံပြီးသား။ သို့သော်လည်း  သူက  သူ့စည်းသူ့ကမ်းဖြင့်  ရပ်တည်သည်။  နိုင်ငံရေးကို  နိုင်ငံရေးပီပီသသ လုပ်မည်ဟူသော သစ္စာကြီးသည့် လုပ်ရပ်။ သည်လိုနှင့်  ဖဆပလအဖွဲ့ချုပ်ခေါင်းဆောင်  နိုင်ငံရေးသမား  ဦးအောင်ဆန်းအဖြစ်  တိုက်ပွဲကို ခေါင်းဆောင်သည်။

 

မြန်မာနိုင်ငံ၏ ကံကြမ္မာဟုပင် ယိုးစွပ်ရမည်လား၊ နိုင်ငံရေး အတွေး အယူ သိမ်ဖျင်းသည့် လက်နက်အားကိုးသမားတို့ကြောင့်ဟုပဲ ဆိုရမည်လား  မသိ။ ရက်စက်လှသည့် မသမာသူတို့၏ လုပ်ကြံမှုခံရကာ လူ့ဘဝသက်တမ်း ဖြင့် နှိုင်းစာလျှင် အလွန်ငယ်ရွယ်သေးသည်ဟု ဆိုရမည့်အချိန်မှာ ကျဆုံးခဲ့ ရရှာသည်။

 

နိုင်ငံရေးအမြော်အမြင်ကြီးသည့်  ခေါင်းဆောင်တစ်ဦး၏  တာဝန် ကျေပွန်သော    ဆောင်ရွက်ချက်များက    သူကျဆုံးကွယ်လွန်သွားသည့် တိုင်အောင် သူမျှော်မှန်းခဲ့သည့်  မြန်မာ့လွတ်လပ်ရေးပန်းတိုင်ဆီသို့ အရောက်ခေါ်ယူသွားနိုင်ခဲ့ခြင်းက သမိုင်းမှတ်တမ်းတစ်ခုအဖြစ် မော်ကွန်း တည်ခဲ့ပါကြောင်း။          ။

 

မြန်မာ့အလင်း