၁၉  မေ

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံ မြို့နယ် ရန္တပိုကျေးရွာသည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် ကပ်လျက်တည်ရှိပြီး မြန်မာရာဇဝင်သမိုင်းတွင် ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲစစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုခဲ့သော သမိုင်းဝင်ကျေးရွာ ဖြစ်သည်။ ထိုကဲ့သို့ မြန်မာ့ရာဇဝင်သမိုင်းတွင် အထင်ကရနေရာဖြစ်သော ရန္တပိုကျေးရွာတွင် မြန်မာလူမျိုးများ အသုံးပြုလျက်ရှိကြသည့် သောက်ရေအိုးများကို အဓိကထား၍လုပ်ကိုင် လျက်ရှိသည်ကို တွေ့မြင်ရပေမည်။

 

န္တ

 

သမိုင်းဝင် ရန္တပိုကျေးရွာတွင် အိမ်ခြေနှစ်ရာကျော်ရှိပြီး လူဦးရေတစ်ထောင်နီးပါး နေထိုင်ကြကာ ရွာတောင်ပိုင်းမှာ တောင်သူလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။ ရွာမြောက်ပိုင်းမှ အိမ်ခြေ ၈၀ ကျော်က အိုးလုပ်ငန်းကို အဓိကထား၍ တောင်သူလုပ်ငန်းကို တွဲဖက်လုပ်ကိုင်ကြသည်။ ရွာမြောက်ပိုင်းရှိ အိုးလုပ်ငန်းကို ဧရာဝတီ မြစ်ရေတက်စဉ် တစ်လခန့်သာနားရပြီး တစ်နှစ်ပတ်လုံးနီးပါး လုပ်ကိုင်ကြသော ကျေးရွာဖြစ်သည်။ ရန္တပိုကျေးရွာ၏ အိုးလုပ်ငန်းအတွက် မြေစေးထော်လာဂျီတစ်စီး နှစ်သောင်းလေးထောင်ကျပ်၊ သဲတစ်စီး တစ်သောင်းကျပ်ဖြင့် ဝယ်ယူရပြီး အိုးများကို ပြုလုပ်ရန်မြေနယ်ခြင်း၊ အိုးပုံသွင်းခြင်း၊ အိုးခတ်ခြင်း၊ အခြောက်လှန်းခြင်းများကို အဆင့်ဆင့်ဆောင်ရွက်ရသည်။ ထိုသို့ ဆောင်ရွက်၍ရရှိလာသည့် အိုးများကို မီးဖုတ် ရန်အတွက် ကောက်ရိုးများ၊ ထင်းများကို လည်းဝယ်ယူပြီး အိုးဖုတ်မည့် အရေအတွက် အလိုက် ဖိုသေးလျှင်အိုး ၈၀ဝ ခန့်၊ ဖိုလတ် အိုး ၁၅၀ဝ ခန့်နှင့် ဖိုအကြီးဆိုလျှင် အိုး ၃၀ဝ၀ ခန့်အထိ ဖုတ်လေ့ရှိကြသည်။

 

ိ္န္

 

အိုးဖုတ်ရာမှ ရရှိလာသော အိုးများကို တစ်လုံးလျှင် အနည်းဆုံး ၈၀ဝ ကျပ်ဖြင့် ရောင်းချလျက်ရှိရာ မြန်မာနိုင်ငံအနှံ့ရှိ ရန်ကုန်၊ ချောက်၊ ရေနံချောင်း၊ ပုဂံ - ညောင်ဦး၊ မန္တလေး၊ လားရှိုးစသည့်မြို့များသို့ ရေလမ်း ခရီးမှ အများဆုံး တင်ပို့ရောင်းချပေးနေ ရကြောင်းကို ဘိုးဘွားအစဉ်အဆက် အိုး လုပ်ငန်းလုပ်ကိုင်လာကြသော ဦးချစ်နှင့်သမီး မမာလွင်တို့က ပြောပြသည်။

 

ရန္တပိုကျေးရွာသည် သမိုင်းဝင်ကျေးရွာ ဖြစ်ခဲ့သောကြောင့်လည်းကောင်း၊ အိုး လုပ်ငန်း လက်မှုပညာရပ်ကို ဘိုးဘွားအစဉ် အဆက် ထိန်းသိမ်းလုပ်ကိုင်လာသော ကြောင့်လည်းကောင်း မြန်မာနိုင်ငံ မန္တလေး- ပုဂံ - ညောင်ဦးသို့ အလည်အပတ်လာရောက် ကြသော ရေလမ်းဖြင့် သွားကြသည့် နိုင်ငံခြား ခရီးသွားများ ဝင်ရောက်လေ့လာလျက် ရှိကြောင်း သိရသည်။ ထို့အပြင် မိမိတို့ အိမ်မှ အိုးလုပ်ငန်းကို နော်ဝေဘုရင်မင်းမြတ် ကိုယ်တိုင်လည်း ဝင်ရောက်လေ့လာကြည့်ရှု သွားခဲ့ကြောင်း၊ မကြာသေးမီကလည်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်းကိုလည်း ဦးချစ်က ပြောပြခဲ့သည်။ ဦးချစ်သမီးမမာလွင် ကလည်း မိမိတို့ကျေးရွာ၏ အိုးလုပ်ငန်းကို နိုင်ငံခြားသား ခရီးသွားများသည် ဩဂုတ်လ မှ မတ်လကုန်အထိ တစ်ပတ်လျှင် လေးရက်လောက် သင်္ဘောကြီးများဖြင့် လာရောက်လေ့လာကြကြောင်း၊ ကျန်အချိန်များတွင် နိုင်ငံခြားသားခရီးသွားများ အနေဖြင့် မော်တော်ငယ်များဖြင့်သာ တစ်ခါ တစ်ရံ လာရောက်ကြောင်း ပြောပြခဲ့သည်။ ထို့အပြင် နိုင်ငံခြားခရီးသွားများကိုယ်တိုင် အိုးလုပ်ငန်း ဝင်ရောက်လုပ်ကိုင်ရခြင်းတို့ကို ခရီးသွားများ နှစ်သက်သဘောကျကြောင်း၊ တစ်ခါတစ်ရံ နိုင်ငံခြားခရီးသွားများနှင့်အတူ စုပေါင်းအမှိုက်ကောက်ခြင်းတို့ကိုလည်း ပြုလုပ်ကြကြောင်း ပြောပြသဖြင့် သိရှိရသည်။

 

အဆိုပါ မြန်မာရာဇဝင်သမိုင်းထဲက  ရန္တပို ကျေးရွာသည် တောင်သူလုပ်ငန်းနှင့် အိုး လုပ်ငန်းကိုပါ လုပ်ကိုင်ခြင်း၊ နိုင်ငံခြားခရီးသွားများ အမြဲတမ်းနီးပါးလာရောက်၍ အိုးလုပ်ငန်းကို စိတ်ဝင်စားစွာလေ့လာခြင်း၊ ကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်ရခြင်းတို့ကြောင့် နှစ်သက် သဘောကျလျက်ရှိခြင်းအပြင် ယခုအခါ ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ရန္တပိုဟိုတယ်၏ အားပေးမှုဖြင့် လွန်ခဲ့သည့် နှစ်နှစ်ခန့်မှစ၍ ကလေးများသည် ဆံရစ်ဝိုင်းများ ပြန်လည် ထားရှိလာခြင်းကြောင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းထားခြင်းအပြင် နိုင်ငံခြားခရီးသွားများ၏ သဘောကျနှစ်ခြိုက်ပြီး ကလေးများပညာရေးအတွက် အဆောက်အအုံ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေး ကိရိယာများ လှူဒါန်းသွားကြသည်ကို ပြောပြသဖြင့် သိရသည်။ ထိုသို့ နိုင်ငံခြားခရီးသွားများ အမြဲနီးပါးလာရောက်သော သမိုင်းဝင် ရန္တပိုကျေးရွာကို လူထုအခြေပြုခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်ပေးပါက ခရီးသွားများ ပိုမိုလာရောက်လေ့လာနိုင်မည်ဖြစ်ပြီး ကျေးရွာပြည်သူများ၏ဘဝလည်း ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။

 

ဇော်မင်းနိုင်(မြင်းခြံ)