သမိုင်းသင်တာ မအ အောင်လို့ ဟူသည့် သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာသန်းထွန်း၏စကားသည် မြန်မာနိုင်ငံ၌ ကျော်၏။ သမိုင်းကို ဂဃနဏ သိပါမှ ပစ္စုပ္ပန်ကို ခြေခြေမြစ်မြစ် နားလည်နိုင်မည်။ ပစ္စုပ္ပန်ကို ကျကျနန နားလည်ပါမှ အနာဂတ်အတွက် ပြင်ဆင်နိုင်မည် မဟုတ်ပါလား။

မြန်မာလူမျိုးတို့၏ သဘာဝဟု ဆိုရမည်လားမသိ။ မိမိတို့၏ မိဘဘိုးဘွား ဘေးစဉ်ဘောင်ဆက်ကို ပြန်ပြောမည်ဆိုလျှင်ပင် အမှန်သိသူကနည်း၏။ အဖေ အမေ၊ အဘိုး အဘွား အမည်ဆိုလျှင်ပင် အဖေဘက်က အဘိုးအဘွား၊ အမေဘက်က အဘိုးအဘွား စုံစုံစေ့စေ့ မသိသူတို့ ရှိလာပြီ။ အဖေ အဖေ၏ အဘိုးဆိုလျှင်မူ မသိသူကများပြီး မှတ်တမ်းမှတ်ရာ အချက်အလက်သိုမှီး မော်ကွန်းတင်မှုတွင် အားနည်းသည်ဟု ဆိုရမည်လားမသိ။

နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း၊ ဖက်ဆစ်တော်လှန်ရေးသမိုင်းတို့မှသည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံသမိုင်း၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲလွန်သမိုင်း၊ သံဃာ မတော်တို့ကံဆောင်ခြင်းသမိုင်း၊ မေတ္တာပို့ရင်း ဖြိုခွဲခံရသည့်သမိုင်း၊ ၂၀၀၈ နာဂစ် မုန်တိုင်းဒဏ်ကို ထိခိုက်ခံစားခဲ့ရသော မြန်မာပြည် သူတို့၏သမိုင်းမှတ်တမ်းများကို ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံ ပြုစုသင့်လှပါသည်။ ရှုထောင့်တစ်ခု၊ မြင်ကွင်းတစ်ခုကို အခြေခံသည့် မှတ်တမ်းမျိုးမဟုတ်ဘဲ ဘက်စုံထောင့်စုံက ချိန်ဆနှိုင်းယှဉ်မှုအမျိုးမျိုး၊ အထောက်အထားပြည့်ပြည့်စုံစုံဖြင့် ပြုစုမှတ်တမ်းတင်သော သမိုင်းတို့ ရှိသင့်လှပါသည်။

အလွန်ထင်ရှားသော ၁၉၆၂ ဆဲဗင်းဇူလိုင် အရေးသည်မည်သို့မှ မေ့လျော့ဖို့သင့်သည့် သမိုင်းမဟုတ်။ သည်လိုသမိုင်းကိုပင် တိတိကျကျ ပြည့်ပြည့်စုံစုံ ရေးသားမှတ်တမ်းတင်နိုင်ခြင်းကို မတွေ့ရသေး။ ကျဆုံးသော ကျောင်းသားအများအပြားရှိသည်ဟု သိ၏။ အချို့ ကိုသိ၏။ အချို့ကိုမသိတော့။ ဒဏ်ရာရသူအများ အပြားကို တစ်ဦးချင်း စာရင်းပြုစုထားသည်ကို မတွေ့ဖူး။ မည်သူ၊ မည်သည့် ဘာသာရပ်၊ မည်သည့်အတန်း၊ မိဘ၊ နေရပ်၊ မည်သည့် ဒေသကလာသည် စသည်တို့ကို မသိ။ မကြာမီဆိုလျှင် ပိုမိုကွာဝေး ကာခက်ခဲသွားတော့မည်။ မည်သူက အမိန့်ပေး၍မည်သို့ပစ်ခတ် ဖောက်ခွဲလိုက်သည်ဟူသော ကျောင်းသားသမဂ္ဂအဆောက်အအုံ၏ သမိုင်းသည်ပင် ကွဲလွဲချက်များရှိနေသေးသည်။

မကြာလှသေးသော ရှစ်လေးလုံးဒီမိုကရေစီရေး လူထုအုံကြွမှု ကြီး၏သမိုင်းသည်လည်း မှတ်တမ်းတင်ရန် ကျန်ရစ်သည်တို့က အများအပြား။ အချက်အလက်အငြင်းပွားမှုတို့ကိုလည်း ကြားနေကြရပါသည်။ အသေးစိတ်မှတ်တမ်းမဟုတ်လျှင်သော်မှ မည်သည့် နေရာက မည်သို့ စတင်ဖြစ်ပွားသည်၊ မည်သို့ပျံ့နှံ့ခဲ့သည်ကိုဖြင့် မှတ်တမ်းတင် သမိုင်းပြုစုကြရန်လိုမည်ဟု ယူဆပါသည်။ မြန်မာ့ နိုင်ငံရေးအပြောင်းအလဲ၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည့်အတွက် သည်လိုသမိုင်းက မျိုးဆက်သစ်တို့ သိရှိရန် မှတ်တမ်းတင်ဖို့လိုမည်ဟု ထင်မြင်ပါသည်။ ။

ထို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံးနှင့်ဆိုင်သည့် အတိတ်က ဖြစ်ပျက်မှုများသည် ယနေ့ကာလတွင် နိုင်ငံ၏သမိုင်း ဖြစ်လာနေပြီး ယနေ့ကြုံတွေ့နေရသော လူထုဆိုင်ရာ အရေးကြီး ဖြစ်ပျက်မှုများ အားလုံးသည် အနာဂတ်တွင် သမိုင်းဖြစ်လာမည်တည်း။

အတိတ်တွင်ကျန်ရစ်ခဲ့သောသမိုင်းဟူသည် မမေ့စကောင်း။ ထို့နည်းတူစွာ အနာဂတ်တွင် သမိုင်းဖြစ်လာမည့် ယနေ့ပြည်သူ့ လှုပ်ရှားမှုကိုလည်း အလေးအနက်ထားကြရမည် ဖြစ်ပါသည်။

ယနေ့ကျရောက်လာနေပြီဖြစ်သော အထွေထွေရွေးကောက်ပွဲကြီးသည် ကိုဗစ်ကပ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုများကြားက ကျင်းပကြရခြင်းဖြစ်ပါသည်။ ယနေ့ကြိုတင်မဲထည့်ကြ၊ မဲပေးကြသည်ကအစ နိုဝင်ဘာ ၈ ရက်တွင် မဲရုံများ၌ သွားရောက်မဲထည့် ကြသည်တို့က နောင်အနာဂတ်၏ သမိုင်းဖြစ်လာတော့မည်။ မြန်မာ့နိုင်ငံရေးအတွက် ရွေးကောက်ပွဲပြုလုပ်ခွင့်ရ၍ ပြည်သူ့သဘောထားများနှင့်အညီ ရွေးချယ်တင်မြှောက်မည့် ပြည်သူ့ ကိုယ်စားလှယ်များသည် နောင်ငါးနှစ်တာကာလတွင် တိုင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်များကို တာဝန်ယူကြတော့မည်။ ဤသမိုင်းကို ပြည်သူလူထုတို့ ယခုရေးကြရတော့မည် ဖြစ်ပါသည်။ ။

တိုင်းပြည်၏ အချုပ်အခြာအာဏာကို ပြည်သူလူထုကသာပိုင်၏ ဆိုသည့်အဖြစ်ကို အမှန်တကယ် တည်ဆောက်နိုင်သည့် သမိုင်းမှတ်တမ်းကို မော်ကွန်းထိုးနိုင်ကြပါစေသတည်း။ ။

မြန်မာ့အလင်း