ညိုမောင်

 

စာရေးသူလုပ်ငန်းခွင်မှ သက်ပြည့် ပင်စင်ယူခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုမျှ ကြာမြင့်ခဲ့ပါပြီ။ လျင်မြန်စွာစီးဆင်း နေသောသတင်းခေတ်ကြီးထဲတွင် မျက်မှောက်ခေတ် ကမ္ဘာ့အရေး၊ နိုင်ငံ့ အရေးများနှင့် မျက်ခြည် မပြတ်စေခြင်းငှာ သတင်းများကို နေ့စဉ်စားသုံးနေရပါသည်။

 

သတင်းများ စီးဆင်းပုံကလည်း အမျိုးမျိုးဖြစ်သည်။ လူမှုကွန်ရက်မီဒီယာများတွင် သတင်းများက အဆီးအတား မရှိ အရှိန်အဟုန်ပြင်းပြင်းဖြင့် စီးဆင်းနေကြသည်။ သို့သော် တာဝန်ယူမှု၊ တာဝန် ခံမှုကင်းမဲ့နေတတ်သည်။ သတင်းများ၏ မှန်ကန်စိတ်ချရမှုတန်ဖိုးက အထိန်းအကွပ်မဲ့စွာ ပရမ်းပတာဖြစ်နေတတ်သည်။ တစ်ဖက်တွင် တရားဝင်ထုတ်ဝေနေသည့် ပုံနှိပ်မီဒီယာများရှိသည်။ သတင်းစီးဆင်းမှုအနည်းငယ် ကြန့်ကြာသည် ဟု ထင်ရသော်လည်း ၎င်းတို့၏ အားသာချက်မှာ ရာနှုန်းပြည့်မှန်ကန်စိတ်ချရမှုရှိခြင်းပင်ဖြစ်သည်။ အဆင့်ဆင့်သော နေရာ ဌာနတိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် သတင်းစစ်၊ သတင်းမှန်များကို ပြည်သူလူထုလက်ဝယ်သို့ ပို့ဆောင်ပေးနေကြခြင်းဖြစ်သည်။

 

စာရေးသူတို့အိမ်တွင် မြန်မာ့အလင်း၊ ကြေးမုံနှင့် မြဝတီ သတင်းစာသုံးစောင်လုံး ယူထားသည်။ ဈေးနှုန်းများကလည်း သင့်တင့်မျှတသည်။ သတင်းစာသုံးစောင် လုံးအတွက် တစ်လတာကျသင့်ငွေမှာ လက်ဖက်ရည်ဝိုင်း တစ်ဝိုင်းစာမျှသာရှိသည်။ ကျေနပ်စရာအကောင်းဆုံးမှာ စာရေးသူအဖို့ လက်ရှိဖြစ်ပျက်နေသော အခြေအနေများကို ခိုင်ခိုင်လုံလုံ၊ တိတိကျကျနှင့် မှန်မှန်ကန်ကန် သုံးသပ်နိုင်ရန် အတွက် အထောက်အပံ့ကောင်းများ ရရှိစေခြင်းပင်ဖြစ်သည်။

 

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်တွင် နိုင်ငံတော်အကြီးအကဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်မည့် အကြောင်း သတင်းစာသုံးစောင်လုံး၏ ရှေ့ဖုံးတွင်ထည့်သွင်းဖော်ပြထားသည်ကို ဖတ်လိုက်ရသည်။ သွားမည့်အကြောင်းအရာက သာမန် ချစ်ကြည်ရေးခရီးစဉ် သဘောမျိုးမဟုတ်။ နိုင်ငံတော်နှင့် ပြည်သူအတွက် ကြီးလေးသောတာဝန်ဝတ္တရားများပါသည်ကို တွေ့ရသည်။ တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုး ဖြစ်ထွန်းစေမည့် ကြီးမားသော ဆောင်ရွက်ချက်များပါသည်ကို တွေ့ရသည်။

 

ခရီးစဉ်၏ အတိမ်အနက်ကို တွေးဆ

ကြည့်မိရုံနှင့်ပင် ပင်စင်စားတစ်ဦးဖြစ်သော စာရေးသူစိတ်ထဲတွင် အမိနိုင်ငံကို တိုးတက်ဖြစ်ထွန်းစေချင်သော ဝန်ထမ်းကောင်း တစ်ယောက်၏ အားမာန်များ ပြန်လည် နိုးကြားတက်ကြွလာသည်အထိ ခံစားရမိသည်။

 

အမှန်တရားက ဖိနပ်စီးနေဆဲတွင် မုသားက ကမ္ဘာတစ်ပတ် ပတ်ခဲ့ပြီဆိုသည့်အတိုင်းပင် စာရေးသူတို့နိုင်ငံအပေါ် ဆန့်ကျင်ဘက် သဘောထားအမြင်ရှိသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် နိုင်ငံတချို့၏ မိုးလုံးပြည့် မုသာဝါဒ လှိုင်းလုံးများမှာ ကြောက်ခမန်းလိလိပင်ဖြစ်သည်။ နိုင်ငံတော်အစိုးရနှင့် နိုင်ငံချစ်စိတ် ထက်သန်ပြင်းပြသော ပြည်သူတို့၏ လက်တွဲညီညီ ခုခံကာကွယ်နိုင်မှုများကြောင့်သာ ၎င်းတို့တစ်တွေ ထင်သလောက် ခရီးမပေါက်ကြခြင်းဖြစ်သည်။

 

ဤသို့သော အခြေအနေမျိုးတွင် နိုင်ငံတော်အကြီးအကဲ၏ အနှစ်သာရပြည့်ဝသော ပြည်ပခရီးစဉ်အပေါ် ကျေနပ် အားရဖြစ်မိခြင်းမှာ နိုင်ငံနှင့်လူမျိုးအကျိုးကို လိုလားသော မည်သည့်နိုင်ငံသားမဆို စာရေးသူနှင့်ထပ်တူ ခံစားမိကြမည်သာ ဖြစ်သည်။

 

မြန်မာစကားပုံတွင်“သမင်ဆယ်လှမ်း ကျားတစ်လှမ်း”ဟု ဆိုရိုးရှိသည်။ နိုင်ငံတော်အကြီးအကဲ၏ နောက်ဆက်တွဲ ခရီးစဉ်သတင်းများကို စောင့်ကြည့်လေ့လာရင်း ထိုဆိုရိုးစကားကို စာရေးသူ သတိရမိသည်။ ဝန်ထမ်းဟောင်းတစ်ယောက်၊ ပြည်သူတစ်ယောက်အနေဖြင့် နှစ်ထောင်း အားရ ရှိလှသောကြောင့် ဖြစ်သည်။

 

နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် ခရီးစဉ်ကို စတင်ထွက်ခွာကြသည်။ ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်း သားများက လှိုက်လှဲနွေးထွေးစွာ ကြိုဆို ကြသည့်သတင်းဓာတ်ပုံများကို မြင်ရ သည်တွင် စာရေးသူစိတ်၌ အတွေးတစ်ရပ် ဖြစ်ပေါ်လာသည်။ မုသားက ကမ္ဘာတစ်ပတ် ခရီးပတ်ခဲ့သည်ဆိုသော်ငြား သူတကာတို့၏ အိမ်နောက်ဖေးမှ ကုပ်ချောင်းချောင်း ပတ်ခဲ့ရခြင်းသာဖြစ်ပြီး အမှန်တရားသည်ကား အိမ်ရှေ့တံခါးမကြီးမှ ခံ့ခံ့ထည်ထည်ဝင်ရောက်၍ ဧည့်ခန်းဆောင်သာတွင် တန်းတူရည်တူတွေ့ဆုံ ဆွေးနွေးရခြင်းဖြစ်သည်ဆိုသော အကြောင်းခြင်းရာပင် ဖြစ်ပါ၏။

 

ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၏ အပုပ်ချတွန်းတိုက်မှုများအပေါ် နိုင်ငံတော်အစိုးရ၏ လမ်းကြောင်းမှန်မှန်၊ ခြေလှမ်း မှန်မှန်ဖြင့် တည်ငြိမ်သော တုံ့ပြန်ဆောင်ရွက် နေမှုများမှာ “ပြစ်မရှိပြစ်ရှာ၊ လမင်းကို ခွေးဟောင်လို့၊ ရွှေလရောင် ပြောင်မပျက် တယ်၊ ထွန်းလျက်ပင်သာ၊ မြရွှေဂူပတ္တမြား ကိုလ၊ ဝက်များက ငြူစူစွာ၊ ညွန်လူးကာ တိုက်နဲ၊ ပွတ်လေလေ၊ ဂူရွှေမှာ အရောင်ထွက်တယ်၊ ရှေးကထက်ကဲ”ဆိုသည့် မန်လည်ဆရာတော်ကြီး၏ ပတ္တမြားရွှေဂူ ကဗျာကိုပင် သတိရဖွယ်ဖြစ်သည်။

 

နိုင်ငံတော် အကြီးအကဲသည် ခရီးရောက်မဆိုက်မှာပင် ကူမင်းမြို့ HUALUXE Kunming Hotel ၌ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။ အမှာစကားပြောကြားရာတွင် တရုတ်နိုင်ငံက ဦးစီး ဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်(Global Development Initiatives-GDI)တွင် ပါဝင်သည့်  ဦးစားပေးနယ်ပယ်ရှစ်ခုတွင် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ကဏ္ဍများစွာ ပါဝင်နေသည့်အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် အခွင့်အလမ်းများပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနှင့် ရင်းနှီး မြှုပ်နှံမှုစီမံကိန်းများအရ တီထွင်ဆန်းသစ်မှုမှတစ်ဆင့် ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် ယှဉ်ပြိုင်နိုင်စွမ်းအားတို့ကို အဓိကမြှင့်တင်သွားမည်ဖြစ်သည့်အကြောင်း သတင်းစကားပေးပို့ခဲ့ရာ နိုင်ငံတော်အကြီးအကဲ၏ စီးပွားရေးအမြင် ကျယ်ပြန့်နက်ရှိုင်းမှုနှင့် သိမ်မွေ့ညင်သာသော သံတမန်စွမ်းရည်ကို အထင်းသား တွေ့မြင်ခဲ့ရသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၏ ထက်သန်တက်ကြွစွာ ပါဝင်ဆွေးနွေးကြမှုများကလည်း အားရဖွယ်ဖြစ်သည်။

 

နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှာ တိုင်းကျိုးပြည်ကျိုး ရွက်သယ်ပိုးသည့် နေရာတွင်“စက္ကန့်လေးတွေ စိန်စီထားသည်” ဟု ဆိုရမတတ်ပင်အချိန်ကို တလေးတစား တန်ဖိုးထားကြပုံ ရသည်။ စာရေးသူမှာ သတင်းဆက်များကို တရှိုက် မက်မက် လိုက်လံဖတ်ရှုရင်း သူတို့ တစ်တွေ၏ အချိန်ရှိခိုက် လုံ့လစိုက်ကြပုံများကို အံ့ဩဘနန်း ဖြစ်နေမိသည်။

 

ညနေပိုင်းရောက်ပြန်တော့ ကူမင်း မြို့ရှိ Haigeng Hotel ဧည့်ခန်းမဆောင်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် နှင့် ယူနန်ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူး H.E.Mr.Wang Ning နှင့် တွေ့ဆုံဆွေးနွေးကြပြန်သည်။

 

မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ရေးအတွက် နယ်စပ် တည်ငြိမ်အေးချမ်းရေးကို အလေးထား ဆောင်ရွက်လျက်ရှိပုံနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှသာလျှင် သွင်းကုန်၊ ပို့ကုန်ကဏ္ဍကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပြီး စီးပွားရေးအရ ကူးလူးဆက်သွယ်မှုများ ပိုမို အကောင်အထည်ဖော်နိုင်မည် ဖြစ်သောကြောင့် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အတူတကွပူးပေါင်း၍ အရှိန်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြခြင်းဖြစ်သည်။

 

ဆွေးနွေးကြသည့် အကြောင်းအရာများ၌ စကားလုံးတစ်လုံးချင်းစီကပင် နိုင်ငံနှင့်လူမျိုးအတွက် မွန်မြတ်မှန်ကန် သော စိတ်စေတနာကောင်းများနှင့် လက်ငင်းဒိဋ္ဌ အကျိုးတရားဖြစ်ထွန်း စေမှုများကို ဖော်ညွှန်းပေးနေသည်ဟု စာရေးသူခံစားမိသည်။

 

တစ်ချိန်သောအခါက တချို့သော ပုဂ္ဂိုလ်တို့သည် နိုင်ငံ့အကျိုးနှင့် နိုင်ငံ့အရေးတို့ထက် မိမိတို့ တစ်စုတစ်ဖွဲ့အကျိုးကိုသာ မျှော်ကိုး၍ စာရေးသူတို့နိုင်ငံအပေါ် မည်သို့မည်ပုံ ပိတ်ဆို့အရေးယူသင့်ကြောင်း၊ ငြိမ်းချမ်းရေးစာချုပ်များတွင် အလျင်စလို လက်မှတ်မထိုးသင့်ကြောင်းတို့ကို သဘောထားသေးသိမ်စွာတွင်တွင် ဆိုခဲ့ကြသည်မဟုတ်လား။

 

ယခုခရီးစဉ်၌မူ ထိုသို့မဟုတ်လေပြီ။ နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ လှုပ်ရှားပုံ၊ ပြောဆိုဆွေးနွေးနေပုံတို့မှာ နိုင်ငံ့အကျိုးကို ဦးထိပ်ပန်ဆင်ပြီး ပြည်သူ့အရေးကို အလေးထားကြလေသဖြင့် မင်္ဂလာအပေါ် မင်္ဂလာဆင့်လျက် ကျေနပ်မဆုံးဖြစ်မိရသည်။ စာရေးသူမှာ နိုဝင်ဘာလ ၆ ရက်နေ့ထုတ် သတင်းစာများကိုကိုင်၍ မချင့်မရဲပင် ဖြစ်နေမိသည်။ လူငယ်များစကားကို ငှားသုံးရလျှင် နောက်ထပ်နောက်ထပ်သော တွေ့ဆုံ ဆွေးနွေးမှုများနှင့် သတင်းကောင်းများကို မစောင့်စားနိုင်အောင်ပင် ဖြစ်မိရပါ၏။

 

နိုင်ငံတော်အကြီးအကဲဆိုသည်မှာ နိုင်ငံ၏ အမိအဖပင်ဖြစ်သည်။ အမိအဖဟူသည် မိမိတို့၏ သားသမီးများအပေါ် နီးသည် ဝေးသည်မရှိ တူညီသောမေတ္တာ ဓာတ်ဖြင့် ဖေးမစောင့်ရှောက်ကြသည်သာ ဖြစ်ပါ၏။

 

နိုင်ငံတော်အကြီးအကဲသည် မအားလပ်သော လုပ်ငန်းတာဝန်များအကြားမှပင် နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး မိသားစုများနှင့် ပညာတော်သင်ကျောင်း သားများကို ရင်းနှီးနွေးထွေးစွာ သွားရောက်တွေ့ဆုံခဲ့သည်။ ထို့အတူ နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် ချုံချင့်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး မိသားစုများနှင့် ပညာတော်သင် ကျောင်းသားများကို လည်း ရနိုင်သမျှအချိန်ပေး၍ သွားရောက်တွေ့ဆုံခဲ့သည်။ အကြီးအကဲတစ်ယောက်၏ မိမိတပည့်သားမြေးများအပေါ်ထားရှိသည့် အကြားအလပ်မရှိသော ချစ်ခြင်းမေတ္တာကို ပြသလိုက်ခြင်းပင်ဖြစ်သည်။ ရေခြားမြေခြားရောက်နေသည့်တိုင် ရနိုင်သမျှသောအချိန်ကလေးမှာပင် အပင်ပန်းခံ၍ ကြည့်ရှုစောင့်ရှောက်ပေးခြင်းဖြစ်သည်။ ထိုတပည့်သားမြေးတို့၏ တင်ပြချက်များကို အရေးတယူနားစွင့်၍ နွေးထွေး ကြင်နာစွာ အားပေးစကားဆိုခြင်း၊ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြစ်သည်။ 

 

mdn

 

နိုင်ငံတော်အကြီးအကဲအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ အလေးထား စဉ်းစားတွေးခေါ်ဆောင်ရွက်နေသည်ကို အစည်းအဝေးများ၊ ခရီးစဉ်တွေ့ဆုံပွဲများမှ ပြောကြားချက်များမှတစ်ဆင့် စာရေးသူ မကြာခဏ မြင်တွေ့ကြားသိ နေရသည်။ နိုင်ငံရပ်ခြားသို့ ပညာတော်သင်များ

 

စေလွှတ်ခြင်းမှာ တန်ဖိုးရှိသောလူ့စွမ်းအား အရင်းအမြစ်များကို ရင်းနှီးမြှုပ်နှံ ပြုစုပျိုးထောင်ပေးနေခြင်းပင် ဖြစ်ပါ၏။ နိုင်ငံတော်အကြီးအကဲသည် ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင်များကို နာယကဂုဏ် ခြောက်ပါးလာ“ဒယာ” တည်းဟူသော သနားချစ်ခင်ကြင်နာခြင်းတို့ဖြင့် လက်ဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ကိုယ်တိုင်ကိုယ်ကျ ချီးမြှင့်ပေးအပ်လေသည်။ အကြီးအကဲကိုယ်တိုင်က လုံ့လဥဿာဟ စိုက်ထုတ်၍ အလေးထားချီးမြှင့်ခြင်း ဖြစ်သဖြင့် တပည့်သားမြေးတို့အဖို့ ရေခြားမြေခြား၌ စိတ်ဓာတ်ခွန်အားများ မြင့်မားတိုးတက်လာကြမည်မှာ ဧကန်ဖြစ်သည်။

 

 

နိုင်ငံတော်အကြီးအကဲ၏ လုပ်ငန်း စဉ် အချိန်ဇယားမှာ အကြားအလပ်မှရှိပါလေစ။ ဌာနတစ်ခုတွင် အရာထမ်းတစ်ဦးဖြစ်ခဲ့ဖူးသော စာရေးသူ ကိုယ်ချင်းစာမိပါ၏။ အစိတ်အပိုင်းငယ်မျှဖြစ်သော ဌာနတစ်ခု၏ တာဝန်သည်ပင် လွယ်ကူလှသည် မဟုတ်ရာ ကြီးလေးသော နိုင်ငံ့တာဝန်များကို ဦးထိပ်ရွက်ထားရသူအဖို့ ဆိုဖွယ်ရာရှိမည်မထင်။ သို့သော် သတင်းဓာတ်ပုံများကို ကြည့်ရသည်မှာ သက်ဝင်ရှင်သန် လွန်းလှသည်။ ခေါင်းဆောင်၏အပြုံးမှာ ကြည်လင်သည်။ လန်းဆန်းသည်။ မောပန်းသည်မရှိ။ ရွှင်လန်းမြဲရွှင်လန်း လျက်ရှိသည်ကို တွေ့ရပါ၏။ ခေါင်းဆောင်၏ ခြေလှမ်းတို့မှာ အားမာန်ပါ၏။ တက်ကြွနေ၏။ ရှေ့ဆုံးမှ မားမားမတ်မတ် ဦးတည်လျှောက်လှမ်းနေသော ထိုခြေလှမ်းတို့မှာ သမိုင်းတွင်မည့် သမိုင်းဝင်ခြေလှမ်းများပင် ဖြစ်ပါ၏။ ထိုနေ့နံနက်ပိုင်းမှာပင် ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံ ဖွံ့ဖြိုး တိုးတက်မှုတို့အတွက် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ နိုင်ငံတော်အကြီးအကဲမှာ မောသည်ပန်းသည် မရှိ၊ အစည်းအဝေးများ၊ တွေ့ဆုံဆွေးနွေးမှုများကို တစ်ပွဲပြီး တစ်ပွဲ အားကြိုးမာန်တက် ဆောင်ရွက်လျက်ရှိသည်။

 

ထိုနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်အကြီးအကဲ ဦးဆောင်သောအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့မှာ Haigeng Garden Hotelတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E.Mr.Li Qiang နှင့် အဖွဲ့ကို လက်ခံတွေ့ဆုံကြသည်။

 

နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ အပြု သဘောဆောင်သော ဆွေးနွေးချက်များ မှာ နိုင်ငံနှင့်လူမျိုးအတွက် ကျေနပ်အားရ ဖွယ်ပင်ဖြစ်သည်။ အချုပ်အခြာအာဏာ ခိုင်ခံ့တည်မြဲရေး၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေးတို့အတွက် အပြန်အလှန် ကတိကဝတ်များနှင့် အားပေးထောက်ခံ ရပ်တည်မှုများမှာ သမနိရှည်ကြာခဲ့ပြီဖြစ်သည့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး၏ အနှစ်သာရကို ထပ်လောင်း၍ အဓိပ္ပာယ်ပြည့်ဝလေးနက်စေခဲ့သည်သာဖြစ်ပါ၏။ ထိုတွေ့ဆုံပွဲတွင် ကဏ္ဍစုံအတွက် နားလည်မှုစာချွန်လွှာနှင့် သဘောတူ စာချုပ် ခုနစ်ခုကို အောင်မြင်စွာချုပ်ဆို နိုင်ခဲ့ကြသည်။

 

 

နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်မှာ နိုင်ငံတော်နှင့် ပြည်သူအတွက် ကြီးလေးသောတာဝန်ဝတ္တရားများနှင့် တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးဖြစ်ထွန်းစေမည့် ကြီးမားသောဆောင်ရွက်ချက်များပါသည်ကို တွေ့ရှိရကြောင်း အထက်တွင် စာရေးသူဆိုခဲ့ပါသည်။ မှန်ပါ၏။ ထိပ်သီး အစည်းအဝေးကြီးများဖြစ်သော အဋ္ဌမ အကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီး အစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်း အဝေးများသို့ ပါဝင်တက်ရောက်ရန်ပင် ဖြစ်သည်။

 

ထိုအစည်းအဝေးကြီးများ၏ အရေးပါအရာရောက်မှုကို သိရှိနိုင်ရန် စာရေးသူ အကျဉ်းမျှ တင်ပြလိုပါသည်။ မဟာမဲခေါင် ဒေသခွဲမှာ အင်ဒိုချိုင်းနားကျွန်းဆွယ်တွင်တည်ရှိပြီး မဲခေါင်မြစ်၏ နိုင်ငံ ဖြတ်ကျော် ဒေသတစ်ခုဟု ဆိုရပါမည်။

 

အာရှတွင်း ခြောက်နိုင်ငံဖြစ်သည့် လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် နှင့် တရုတ်နိုင်ငံတို့ပါဝင်ပြီး တစ်နိုင်ငံ ချင်းစီအလိုက် အမျိုးသားအကျိုးစီးပွား ခိုင်မာအားကောင်းစေရန် သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍ၊ ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးကဏ္ဍ၊ မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ အခြားကဏ္ဍပေါင်းစုံနှင့် နယ်စပ်ဖြတ်ကျော် စီးပွားရေးဇုန်များဆိုသည့် ကဏ္ဍအသွယ်သွယ်တွင် လုပ်ငန်းများအောင်မြင်အောင် ပူးပေါင်း ဆောင်ရွက်ကြခြင်းပင် ဖြစ်သည်။

 

နောက်ထပ်အစည်းအဝေးတစ်ခုမှာ ဧရာဝတီ-ကျောက်ဖရား - မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများအဖြစ် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြသည်။    အတိတ်နှင့် ပစ္စုပ္ပန်ကာလမှ ဆောင်ရွက်ခဲ့၊ ဆောင်ရွက်ဆဲဖြစ်သော အကြောင်းခြင်းရာများနှင့် အနာဂတ်မျှော်မှန်းချက်များကို ထောက်ချင့်၍ ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာအဖွဲ့ကြီးသည် အပြန်အလှန်လေးစားယုံကြည်မှု၊ စာနာနားလည်မှု၊ ညီတူညီမျှ အကျိုးစီးပွားဖြစ်ထွန်းလိုမှုတို့ဖြင့် အရှိန်အဟုန် ပြင်းစွာ ရှေ့သို့ချီတက်လျက်ရှိသည်ဟု စာရေးသူ မမှိတ်မသုန်ယုံကြည်ပါ၏။

 

နောက်ဆုံးတစ်ခုမှာ ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးဖြစ်သည်။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူစေခြင်းနှင့် တိုးမြှင့်ပေးခြင်း၊ စိုက်ပျိုးရေး လုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ စက်မှုလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပို့ဆောင်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်နှင့် နည်းပညာ ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် ကဏ္ဍကြီး ရှစ်ရပ်တွင် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။ စာရေးသူတို့နိုင်ငံက စိုက်ပျိုး ရေး၊ စွမ်းအင်နှင့် စက်မှုကဏ္ဍတို့တွင် ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိသည်။

 

သည်မျှဆိုလျှင် စားနပ်ရိက္ခာဖူလုံရေး၊ သာယာဝပြောရေးနှင့် လူမှုစီးပွားဘဝများ မြင့်မားတိုးတက်ရေးအတွက် ထိပ်သီးအစည်းအဝေးကြီးများ၏ အကျိုးသက်ရောက်မှုနှင့် အရေးပါအရာရောက်မှုတို့ကို ဆဝါးနိုင်ကြလိမ့်မည် ထင်ပါသည်။ ထို့ကြောင့်သာလျှင် နိုင်ငံတော်အကြီးအကဲအနေဖြင့် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးကုတ်အားထုတ်နေခြင်း ဖြစ်ပါလိမ့်မည်။ အားမာန်ပြည့်ဝသောခြေလှမ်းတို့ဖြင့် မယိမ်းမယိုင် တည့်မတ်မှန်ကန်စွာ လျှောက်လှမ်း နေခြင်းဖြစ်ပါလိမ့်မည်။

 

နိုဝင်ဘာလ ၈ ရက်ထုတ် သတင်းစာများကို ဖတ်ရသည်မှာ ရွှင်လန်းတက်ကြွ ဖွယ်အတိပင်။ စာရေးသူမှာ ပီတိဖုံးလွှမ်းသဖြင့် ပြုံးပန်းတဝေဝေဖြစ်နေရသည်။ နိုင်ငံတော်အကြီးအကဲနှင့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့မှာ ဖော်ပြပါ ထိပ်သီး အစည်းအဝေးကြီး သုံးရပ်စလုံးတွင် ပါဝင်တက်ရောက်ခဲ့ရုံမျှမက နိုင်ငံနှင့် လူမျိုးအကျိုးကို ဖော်ဆောင်နိုင်မည့်ဆွေးနွေးချက်များကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သောကြောင့်ပင်ဖြစ်ပါ ၏။ နိုင်ငံတော်အကြီးအကဲ၏ အားကြိုး မာန်တက် မနားမနေဆောင်ရွက်ချက်များကို နှစ်ထောင်းအားရဖွယ် တဝကြီး ဖတ်လိုက်ရသည်။

 

အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် ကူမင်းမြို့ရှိ ဟိုင်ဂန် ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပသည်။ နိုင်ငံတော်အကြီးအကဲမှာ အခြားသောနိုင်ငံ့ခေါင်းဆောင်များနှင့် အတူ လန်းဆန်းတက်ကြွသော ခြေလှမ်းများဖြင့် ဝင်ရောက်လာသည်။ အိမ်ရှင်ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်ကလည်း လှိုက်လှဲနွေးထွေးစွာ ခရီးဦးကြိုပြုသည်ကို တွေ့ရပါ၏။

 

စာရေးသူမှာ သတင်းစာကိုလက်ကကိုင်ထားလျက်မှပင် ပညာရဲရင့်ပွဲလယ်တင့်စွာ ဆွေးနွေးပြောကြားနေသော နိုင်ငံတော်အကြီးအကဲများ၏ စကားသံများကို နားနှင့်ဆတ်ဆတ်ကြားနေရဘိသို့ ခံစားရသည်။ ဒေသခွဲအတွင်း ကုန်ထုတ် စွမ်းအားမြှင့်တင်မှု၊ နည်းပညာတိုးတက်မှု၊ စက်မှုလုပ်ငန်းသစ်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုတို့အတွက် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုမှာ အဓိကမောင်းနှင်အားဖြစ်ကြောင်း စိတ်ဓာတ်တက်ကြွဖွယ် ကြားသိရသည်။ စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံများနှင့် ဖွဲ့စည်းထားသည့် မဟာမဲခေါင်ဒေသခွဲအနေဖြင့် စိုက်ပျိုးစီးပွား ပိုမိုတိုးတက်ထွန်းကားလာရန်နှင့် စားနပ်ရိက္ခာဖူလုံရန်အတွက် ဆန်းသစ် တီထွင်မှုနှင့် အရှိန်မြှင့်တင်ရမည်ဖြစ်သည့်အကြောင်း၊ တစ်ချိန်တည်းမှာပင် တီထွင်ဆန်းသစ်မှုများက မိမိနိုင်ငံ၏ ရေမြေ သဘာဝ၊ ပထဝီအနေအထားများနှင့် ကိုက်ညီရန်လိုအပ်ပြီး အစိုးရ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ၊ ပုဂ္ဂလိကနှင့် ဒေသန္တရအစိုးရများအပြင် အသိပညာရှင်များ၊ အတတ် ပညာရှင်များ၊ စွန့်ဦးတီထွင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များကပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည့် အကြောင်းများကို ကျယ်ပြန့်နက်ရှိုင်း သောအမြင်၊ လက်တွေ့ကျသော ချဉ်းကပ်မှုတို့ဖြင့် အလေးအနက်ထား ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

 

ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု၊  စီးပွားရေးစင်္ကြံများဖွံ့ဖြိုးမှု၊ ရာသီဥတုပြောင်းလဲမှု၊ စားရေရိက္ခာဖူလုံမှု၊ သဘာဝဘေးအန္တရာယ်၊ ရွှေ့ပြောင်းလုပ်သားများ နှင့် စီးပွားရေးမညီမျှမှုစသည့် စိန်ခေါ်ချက်များအတွက်လည်း ညှိနှိုင်းပေါင်းစပ်မှု နှင့် ဘက်စုံချဉ်းကပ်ရမည့် နည်းလမ်းများ ကို ကလျာဏမိတ္တတို့၏ ထားရှိအပ်သော စိတ်စေတနာကောင်းများဖြင့် အကျယ်တဝင့် ဆွေးနွေးပြောကြားသည်ကို ပြည့်ပြည့်စုံစုံဖတ်ခွင့်ရလိုက်သည်။

 

(၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကို ထိုနေ့မွန်းလွဲပိုင်းမှာပင် ဆက်လက်ကျင်းပသည်။ နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့မှာ ပင်ပန်းနွမ်းနယ်နေသော အရိပ်အယောင်မျှမတွေ့ရ။ ကမ္ဘာ့နိုင်ငံရေး စင်မြင့်ထက်တွင် အခြားသော ဆွေးနွေး ဖက်များနှင့်အတူ တက်ကြွဖျတ်လတ်စွာ ပါဝင်လျက်ရှိသည်။ သူတို့၏ အတွေး အာရုံထဲတွင် အမိနိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက်ဟူသည့် တစ်ကြောင်းတည်းသော ရည်မှန်းချက်ကသာလျှင် အပြည့်အဝ နေရာယူထားကြပုံရသည်။ လှုပ်ရှားဆောင်ရွက်မှုတိုင်းသည် ရွှင်ရွှင် လန်းလန်း တက်တက်ကြွကြွ။ ပါဝင်ဆွေးနွေးမှုတိုင်းသည် တည်တည်ကြည်ကြည် လေးလေးနက်နက်။ သတင်းစာဖတ်ရင်းမှ မဝေးတော့သော အနာဂတ်အတွက် တောက်ပသော လင်းရောင်ခြည်တန်းများကို စာရေးသူ မြင်ယောင်ခံစားနေမိသည်။

 

ဆွေးနွေးပွဲတွင် နိုင်ငံတော်အကြီးအကဲက လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့နိုင်ငံရေးရှုပ်ထွေးမှု၊ နိုင်ငံတကာပဋိပက္ခ၊ စီးပွားရေးကျဆင်းမှု၊ စားနပ်ရိက္ခာနှင့် စွမ်းအင်မလုံလောက်မှုစသည်တို့အကြားတွင် မိမိတို့သည် ကြံ့ကြံ့ခံနိုင်စွမ်းရှိရမည်ဖြစ်ကြောင်း စိတ်ဓာတ်ခွန်အားဖြစ်စေသော စကားကိုဆိုခဲ့သည်။ ဦးတည် ဆွေးနွေးကြမည့် “ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုမှသည် ကြံ့ကြံ့ခံနိုင်၍ သာယာဝပြောသော အသိုက်အဝန်း ဆီသို့”ဆိုသော ခေါင်းစဉ်နှင့် အင်မတန် ကိုက်ညီဆီလျော်မှုရှိသည်။ အဖွဲ့ဝင်နိုင်ငံများအကြား ဒေသတွင်းငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ပေါင်းစည်းထားသည့် အသိုက်အဝန်းတစ်ခုဖန်တီးရန် အတွက် အားသွန်ခွန်စိုက် အတူတကွ ကြိုးပမ်းလျက်ရှိပုံများကို ရင်းနှီးပွင့်လင်း စွာဆွေးနွေးသည်။ ရာသီဥတုပြောင်းလဲ မှု၏ အကျိုးသက်ရောက်မှုများ လျော့ပါး စေရန်၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုမြင့်မားစေရေး ခရီးသွားလုပ်ငန်းများမြင့်မားစေရန်၊ စီးပွားရေးစင်္ကြံများ ချိတ်ဆက်ရန်၊ အထူးစီးပွားရေးဇုန်များမှ တစ်ဆင့် နည်းပညာဆိုင်ရာ အဆောက် အအုံများ၊ စက်မှုအဆောက်အအုံများ အဆင့်မြှင့်တင်ရန် စသည့်အချက်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသည်။

 

ပညာသင်ဆုပေးအပ်ခြင်းနှင့် အတွေ့အကြုံဖလှယ်ရေးခရီးစဉ်များ ဆက်လက်ဆောင်ရွက်သွားသင့်ကြောင်း အကြံပြုဆွေးနွေးသွားသည်မှာ နိုင်ငံတော်အကြီးအကဲ၏ မတူကွဲပြားမှုများကို ပေါင်းစည်း ညီညွတ်စေလိုသည့် မေတ္တာစိတ်ကြီးမားသော စိတ်နေစိတ်ထားတစ်ရပ်ကို စာရေးသူ ထိတွေ့ခံစားလိုက်မိပါသည်။

 

အချိန်ဟူသည် ရပ်တန့်နေသည်ဟူ၍ မရှိစကောင်း။ ထို့အတူပင် တာဝန်သိသိ၊ တာဝန်ရှိရှိ လုပ်ကိုင်ဆောင်ရွက်နေကြသူတို့သည်လည်း ထိုအချိန်တို့နှင့်အတူပင် မရပ်မနား ခရီးနှင်လျက်ရှိကြပါ၏။ ထိပ်သီး အစည်းအဝေးကြီးများမှာ ကိုယ်စားပြု သော နယ်ပယ်ကဏ္ဍများ ကျယ်ပြန့်သလောက် ထမ်းဆောင်ရသော တာဝန်ဝတ္တရားများမှာလည်း ကြီးမားလှပါ၏။ သို့သော် သူတို့ခြေလှမ်းများမှာ ဖြောင့်မတ် ကြံ့ခိုင်မယိမ်းမယိုင်ရှိနေကြ၏။

 

ကူမင်းမြို့ရှိ Wyndham Grand Hotelတွင် (၁၀) ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီး အစည်းအဝေးကို ဆက်လက်ကျင်းပရာ နိုင်ငံတော်အကြီးအကဲက အပြန်အလှန်ချိတ်ဆက်ထားသည့် သယ်ယူပို့ဆောင် ရေးကွန်ရက်စနစ်သည် အက်မက်စ်ဒေသကို ဖွံ့ဖြိုးတိုးတက်မှုဗဟိုချက်မအဖြစ် ဖန်တီးရန် အခြေခံအုတ်မြစ်ဖြစ်သည့် အကြောင်း၊ ဒေသတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် ဘက်စုံသယ်ယူပို့ဆောင်ရေး စနစ်ဖော်ဆောင်သင့်သည့် အကြောင်းတို့မှသည် အက်မက်စ်ဒေသတစ်ခုလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် ဆွေးနွေးမှုများကို ဖတ်လိုက်ရသည်မှာ ဆေးစွမ်းကောင်းတစ်လက် မှီဝဲလိုက်ရသည့်နှယ် စာရေးသူအဖို့ အားအင်အသစ်များ ဖြစ်ထွန်းလာရသည်။ မိမိနိုင်ငံကို ကိုယ်စားပြုသည့် အကြီးအကဲတစ်ဦးက ကမ္ဘာ့မျက်နှာစာတွင် နိုင်ငံနှင့်ချီသည့် အတ္တ - ပရ မျှတသော အကျိုးရလဒ်များကို ရည်ညွှန်းဖော်ဆောင်ပေးနေသည်မဟုတ်ပါလား။

 

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ရိုးရှင်းတိကျ ခိုင်မာစေခြင်းဖြင့် ဒေသတွင်း စီးပွားရေး နှင့် ပြည်သူလူထု၏ လူနေမှုအဆင့် အတန်းအပေါ် သိသာထင်ရှားစွာ အကျိုး ပြုစေမည့်အကြောင်း ပွင့်လင်းမြင်သာစွာ ဆွေးနွေးသွားသည်။ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်နိုင်ငံများကိုလည်း မြန်မာနိုင်ငံတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြရန် လှိုက်လှဲရင်းနှီးစွာ ဖိတ်မန္တကပြုခဲ့သည်။

 

ဆွေးနွေးမှုများအပြီးတွင် လာအိုနိုင်ငံဝန်ကြီးချုပ်က စာရေးသူတို့ နိုင်ငံတော်အကြီးအကဲအား အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းပေးအပ်သည်။

 

နိုင်ငံတော်အကြီးအကဲကဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များမှရရှိသည့် အကျိုးကျေးဇူးများကို အဖွဲ့ဝင်နိုင်ငံများအားလုံး ရရှိခံစားနိုင်စေရန် ယခင် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်မည်ဖြစ်သလို အခြေခံကျသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာ ဗျူဟာများရေးဆွဲပြီး ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည့်အကြောင်း အဖွဲ့ဝင် နိုင်ငံများသို့ အမှာစကားပါးသည်။ မှန်ပါသည်။ လူတစ်ဦး တစ်ယောက်ပင်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံ ပင်ဖြစ်စေ တသီးတခြား ထီးတည်းရပ်တည်နေ၍မရပါ။ သို့သော် အများနှင့် ပေါင်းစည်းဆောင်ရွက်ရမည်ဆိုသော်လည်း တစ်ဖက်စောင်းနင်းဆက်ဆံရေးမျိုးဖြစ်၍တော့ဖြင့်မရပါ။ တစ်ဦးအကျိုးကို တစ်ဦးကလိုလားသည့် ဘက်ညီမျှတသော တွဲဖက်နေထိုင်ခြင်းမျိုးကသာလျှင် အရှည်သဖြင့် ချမ်းသာသုခကိုဆောင်နိုင်ပါလိမ့်မည်။ အတ္တမသန်၊ ရန်မာန်မကြီး၊ အစည်းမပြေရှိကြလေမှ ခိုင်မာသော အင်အားကို တည်ဆောက်နိုင်ပါလိမ့်မည်။

 

နိုဝင်ဘာလ ၈ ရက် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ခွဲခြား၍မရသည့် အိမ်နီးချင်း မိတ်ဆွေကောင်း နိုင်ငံများပီပီ တစ်နိုင်ငံ၏ အရေးကိစ္စသည် တစ်နိုင်ငံအပေါ် သက်ရောက်မှုရှိသည့် အခြေအနေများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။ သည့်နောက်တွင် နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးမှသည် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး၊ အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးမြှင့်တင် ဆောင်ရွက်နိုင်မည့် အခြေအနေတို့အလယ် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေများအထိ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

 

ထိုနေ့ ညနေပိုင်းတွင် Yuzhou Hotel ဧည့်ခန်းမဆောင်၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်၊ ချုံချင့် မြူနီစီပယ်ပါတီကော်မတီအတွင်း ရေးမှူး Mr. Yuan Jiajun နှင့် ဆက်လက် တွေ့ဆုံဆွေးနွေးသည်။ နိုင်ငံတော်အကြီးအကဲနှင့် ပါတီကော်မတီအတွင်းရေးမှူးတို့သည် မြန်မာ - ချုံချင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလမ်းစများ၊ ချုံချင့်မြို့နယ်အနေဖြင့် နည်းပညာအားသာချက်၊ လမ်းပန်း ဆက်သွယ်မှု အချက်အချာအားသာချက်များအပေါ်မူတည်၍ မြန်မာနိုင်ငံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် အလားအလာ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ယဉ်ကျေးမှုဖလှယ်ခြင်းများ၊ ပညာရေးနှင့် ခရီးသွားကဏ္ဍမြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

နိုင်ငံတော်အကြီးအကဲသည် ခရီးစဉ်တစ်လျှောက် ထိပ်သီးအစည်းအဝေးများတွင်သာမက တွေ့ဆုံသင့် တွေ့ဆုံထိုက်သည့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆွေးနွေးဖက်များနှင့်လည်း အခွင့်အလမ်းများစွာ ပေါ်ပေါက်လာစေသည်အထိ စွမ်းစွမ်း တမံ ကြိုးပမ်းအားထုတ်နေသည်ကို စာရေးသူ သတိပြုမိပါ၏။

 

နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ရည်တန်ဖိုးနှင့် အလုပ်ပြီးမြောက်မှုနှုန်းမှာ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အနမတဂ္ဂပင်ဖြစ်သည်ဟု ဆိုရပါမည်။ မိမိ နိုင်ငံတော်၊ မိမိ နိုင်ငံသားများနှင့် အိမ်နီးချင်းမိတ်ဖက် နိုင်ငံများတည်းဟူသော မျက်နှာစာ သုံးရပ်အတွက် မျှတ ညီညွတ်သောအကျိုး ကျေးဇူးများကို ဖော်ဆောင်ပေးနိုင်ခဲ့ကြသည်။ ကမ္ဘာ့စင်မြင့်ထက်တွင် မိတ်ကောင်း ဆွေကောင်းတို့၏ တန်ဖိုးကြီးမားသော ဂုဏ်အင်္ဂါရပ်များကို သက်သေစိုက်ထူနိုင်ခဲ့ကြပါသည်။ ဥပဒေသဆန်ဆန်ပြောရ လျှင် win - win situation ဟုပင် ဆိုရ မည်ဖြစ်သည်။

 

သည်နေရာတွင်သားလည်း အသက်ရှင်၊ မိဘနှစ်ပါးလည်း မျက်စိနှစ်ကွင်း အလင်းရ၊ ရွှေအိုးကိုလည်း ထမ်းလာနိုင်သည့် သုဝဏ္ဏသာမဇာတ်တော်လာ အဖွဲ့ကို စာရေးသူသတိရမိသည်။ မည်သည့် နှောင်ဖွဲ့မှုမျှမပါသော အသွေးအရောင်ကင်းသည့် သာမန်ပြည်သူ တစ်ဦး၊ အငြိမ်းစားဝန်ထမ်းတစ်ဦး၏ အမြင်ကို ဆိုရပါမူ နိုင်ငံတော်အကြီးအကဲ၏ ယခု ခရီးစဉ်မှာ နိုင်ငံတော်နှင့် ပြည်သူတို့ အတွက် အကျိုးကျေးဇူးများစွာကို လက်တွေ့ကျကျ ဆောင်ကြဉ်းပေးနိုင်ခဲ့သည့် သမိုင်းတွင်မည့် သမိုင်းဝင်ခြေလှမ်းများဟု ဆိုလိုက်ချင်ပါသည်။

 

 

နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ ပြည်တော်ပြန်ခရီးကို တာဝန်ရှိပုဂ္ဂိုလ်များသာမက တိုင်းရင်းသားပြည်သူများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားပြည်သူများ၊ ဘာသာပေါင်းစုံအသင်းအဖွဲ့များ၊ အနုပညာရှင်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများကပါ သောင်းသောင်းဖြဖြ လှိုက်လှဲနွေးထွေးစွာ ဂုဏ်ပြုကြိုဆိုနေကြသည့် မြင်ကွင်းမှာ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် အေးအတူပူအမျှ တစ်သားတည်းဖြစ်သောခံစားမှုတို့ကို နွေးထွေးစွာ ခံစားရစေပါသည်။ တရုတ် - မြန်မာ ချစ်ကြည်ရေး၊ အမိနိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးနှင့် နိုင်ငံတော်အကြီးအကဲ အပေါ် ဆုမွန်ကောင်းတောင်း၍ ကောင်းချီးထောမနာပြုကြသည့် ကြွေးကြော်သံများမှာ ကြက်သီးမွေးညင်း ထလောက်ပါပေသည်။

 

ဤသို့ပမာပင် ကြွားဝင့်သွေမကွာ တက်နေပမာ ညီညာဆောင်ထမ်းကြလျှင်ဖြင့် ငွားစွင့်ဝေဆာ ကျက်သရေဖြာပြည်သာ အောင်ပန်းလှတော့မည်ဆိုသည့်အကြောင်း ခိုင်မာသောယုံကြည်ချက်ဖြင့် ရေးသားတင်ပြလိုက်ရပါသည်။