သမိုင်းဝင် မန်းရွှေစက်တော် ဘုရားပွဲတော်သည် ယခုနှစ်တွင် အစည်ကားဆုံးနှစ် တစ်နှစ်ဖြစ်ကာ တည်းခိုဆောင်များ ပြည်လျှံသည်အထိ စည်ကားများပြား

မင်းဘူး မတ် ၁၉

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ပါဒစေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသော်လည်း ယခုနှစ်သည် ဘုရားဖူးပြည်သူ အများဆုံး ဝင်ရောက်ဖူးမြော်သည့် နှစ်တစ်နှစ်ဖြစ်သည်။ ယခုရက်ပိုင်းတွင် တစ်နေ့လျှင် ဘုရားဖူးပြည်သူ တစ်သိန်းဝန်းကျင် ဝင်ရောက်လျက် အခါကြီး ရက်ကြီးများနှင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် တစ်နေ့လျှင် တစ်သိန်းကျော် ဝင်ရောက်ဖူးမြော်လျက်ရှိကာ ဘုရားပွဲတော်ကျင်းပသည့် နှစ်များအနက် ယခုနှစ်သည် အစည်ကားဆုံး နှစ်တစ်နှစ်ဖြစ်ပြီး တည်းခိုဆောင်များ ပြည့်လျှံသည်အထိ စည်ကားများပြားလျက်ရှိကြောင်း ရွှေစက်တော် ဂေါပကဒုတိယဥက္ကဋ္ဌ ဦးသိန်းလှိုင်ထံမှ သိရသည်။

 

မန်းရွှေစက်တော် ဘုရားပွဲတော်ကို တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ၈၃ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံး၏ ပွဲတော်များအနက် ရက်အရှည်ဆုံးကျင်းပသည့် ပွဲတော်တစ်ခုဖြစ်သည်။ သမိုင်းဝင် တန်ခိုးကြီးဘုရားကြီးဖြစ်သည်နှင့်အညီ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ တဖွဲဖွဲ လာရောက်ဖူးမြော်လျက်ရှိပြီး အခါကြီးရက်ကြီးများနှင့် အစိုးရ ရုံးပိတ်ရက်များတွင် အစည်ကားဆုံးရက်များ ဖြစ်ကြသည်။

 

ယခုနှစ်တွင် ပါဒစေတီတော်မြတ်ကြီး နှစ်ဆူနှင့် ဘုရားပရိဝုဏ် တစ်ခုလုံး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဖြင့် ဆောင်ရွက်ထားသည့်အပြင် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာယာစွာ ဖူးမြော်ကြရန် တပေါင်းလဆန်း ၆ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ သံဃာတော် ၄၅ ပါးဖြင့် မဟာပဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပပေးခဲ့ကြပြီး တန်ခူးလပြည့်ကျော် ၉ ရက် အကြိုနေ့တွင်လည်း သံဃာတော် ၁၀၈ ပါးဖြင့် ဆွမ်းဆန်စိမ်း လောင်းလှူသွားမှာ ဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စက်တော်ရာနှစ်ဆူအား ဖူးမြော်ကာ သံဃာတော်များ ဆွမ်းဆန်စိမ်းလောင်းကြရင်း ကုသိုလ်သဒ္ဒါ ပွားများနိုင်ကြရန် ဘုရားဂေါပကအဖွဲ့မှ နှိုးဆော်ထားကြောင်းလည်း သိရသည်။

 

သမိုင်းဝင် မန်းရွှေစက်တော် ဘုရားပွဲ၏ ထူးခြားချက်မှာ အခြားအထင်ကရ နေရာများဖြစ်သည့် စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်၊ မန်းချောင်းအပန်းဖြေ ဆင်စခန်း၊ ရွှေစက်တော် ဘေးမဲ့တောဥယျဉ်ရှိ ကြယ်လိပ်နှင့် ရွှေသမင်ခြံများ၊ ငှက်မျိုးစိတ်များ ကြည့်ရှုလေ့လာနိုင်သည့်အပြင် မဟာပုဏ္ဏရဟန္တာအရှင်မြတ် တည်ထားကိုးကွယ်ခဲ့သော အောက်ကျောင်းသမုတ္တဂီရိ မြစေတီဘုရား၊ ရေပုတ်ကလေးရွာမှ ရွှေမြင်တင်စေတီနှင့် စကုမြို့မှ ထေရ်ကြီးစေတီများနှင့် ရုပ်စုံကျောင်းများမှာလည်း တဆက်တစပ်တည်း ဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများက ဘုရားစေတီများဖူးမြော်ကာ အထင်ကရနေရာများအား ဝင်ရောက်ကြည့်ရှု လေ့လာလျက်ရှိကြောင်း သိရသည်

 

ဇေယျာထက်(မင်းဘူး)

ဓာတ်ပုံ- ဇော်ဇော်အောင်(မင်းဘူး)