မင်းဘူး ၈ မတ်
မကွေးတိုင်းဒေသကြီး အညာဒေသတွင် ထင်ရှားကျော်ကြားသည့် ပွဲတော်တစ်ခုဖြစ်သည့် သမိုင်းဝင် မန်းရွှေစက်တော်ရာဘုရားပွဲသို့ မင်းဘူး(စကု)မြို့နယ် မင်းလှကျင်းကျေးရွာမှ နွားလှည်းတန်းဖြင့် နှစ်စဉ် ရှေးရိုးအစဉ်အလာမပျက် လာရောက်ဖူးမြော်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက နွားလှည်းယဉ် ၃၁ စီး ပါဝင်သော လှည်းတန်းဖြင့် လာရောက်ဖူးမြော်ကြသည်။
‘‘သမိုင်းဝင် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို ကျွန်တော်တို့ အဘိုးအဘွားတွေ လက်ထက်ကတည်းက လှည်းတန်းနဲ့ နှစ်စဉ်သွားရောက်ဖူးမြော် ခဲ့ကြတာပါ။ အရင်နှစ်က နွားလှည်းအစီး ၆၇ စီးနဲ့ သွားခဲ့ပြီး ယခုနှစ်မှာ နွားလှည်း စီးရေ ၃၁ စီး သွားရောက်ဖူးမြော်ကြတာပါ။နှစ်စဉ် တပေါင်းလပြည့်နေ့အမီ လာရောက်ပြီး လပြည့်နေ့မှာ အရုဏ်ဆွမ်း ကပ်လှူကြမှာပါ”ဟု မင်းလှကျင်းကျေးရွာအုပ်စုရေးမှူး ဦးမောင်ဝင်းက ပြောသည်။
“ကျွန်တော်တို့ လှည်းယဉ် ၃၁ စီးနဲ့ စတင်ထွက်လာပါတယ်။ မင်းလှကျင်းကျေးရွာနဲ့ မန်းရွှေစက်တော်ဘုရားက ၁၂ မိုင်ခန့် ဝေးပါတယ်။ မိသားစုအလိုက် ဘုရားဖူးလာကြတာပါ။ နွားလှည်းနဲ့ သွားကြပါတယ်။ တချို့ကလည်း ကားနဲ့လည်း သွားကြတာရှိပါတယ်။ ဒီနေ့ဆိုရင် လူဦးရေ စုစုပေါင်း ၅၀၀ ခန့် ဘုရားဖူး လာကြတာပါ။ မန်းချောင်းသောင်ပြင် လှည်းဝိုင်းမှာ နေကြမှာပါ။ တပေါင်း လပြည့်ကျော် ၂ ရက်နေ့မှ ပြန်ကြမှာပါ”ဟု လှည်းတန်းဖြင့် ဘုရားဖူးလာရောက်သူ တစ်ဦးက ပြောသည်။
“အနယ်နယ်အရပ်ရပ်က ဓာတ်ပုံပညာရှင်တွေနှင့် ဝါသနာရှင်တွေ ပူးပေါင်းပြီး လှည်းတန်းထွက်မယ့်ရက်ကို လာရောက် ရိုက်ကူးကြတာပါ။ မန်းရွှေစက်တော် ဘုရားပွဲတော်ကို မြန်မာ့ရိုးရာနွားလှည်းတန်းနဲ့ လာရောက်ဖူးမြော်ကြတဲ့ အစဉ်အလာကို မပျောက်ပျက်ဖို့နဲ့ နောင်လာနောက်သားတွေ ဆက်လက်ထိန်းသိမ်းဖို့ ရည်ရွယ်ပြီး လာရောက်ရိုက်ကူးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဓာတ်ပုံဝါသနာရှင်တွေ၊ စေတနာအလှူရှင်တွေ ပူးပေါင်းပြီး ရေသန့်ဘူးတွေ၊ ကော်ဖီမစ်ထုပ်တွေ၊ အစားအသောက်တွေနှင့် စုစုပေါင်းလှူဒါန်း ငွေကျပ် ၂၈၀၀၀၀ ကို လှည်းတန်းကို အလှူဒါနပြုခဲ့ပါတယ်”ဟု ဒေသခံ ဓာတ်ပုံဝါသနာရှင် ကိုဂျေက ပြောသည်။
မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိကြောင်း သိရှိရပြီး မန်းရွှေစက်တော် ဘုရားနှင့် သုံးမိုင်ခန့်အကွာတွင် ဘုရားဖူးပြည်သူများ အပန်းဖြေလေ့လာရေး ဆင်စခန်းဖွင့်လှစ်ထားရှိကာ ဘုရားဖူးပြည်သူများ လွယ်လင့်တကူ သွားရောက်နိုင်မည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)
ဓာတ်ပုံ-ကိုဂျေ(မင်းဘူး)