လေးမျက်နှာ  ၇   နိုဝင်ဘာ

 

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် ကျရောက်သည့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယနေ့ နံနက် ၇ နာရီက လေးမျက်နှာမြို့၏ ကျက်သရေဆောင် သမိုင်းဝင် သံသရာငြိမ်းအေးစတုမုခဇေယျသိဒ္ဓိ ဆုတောင်းပြည့် စေတီတော် မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။

 

စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းနှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ကျော်‌ဇေဝဏ္ဏသူတို့ ဦးဆောင်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများနှင့်အတူ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်နှင့် ဘုရားပရဝုဏ်အတွင်း တံမြက်စည်းလှဲခြင်း၊ အမှိုက်များကောက်ခြင်း၊ ဘုရားပန်းများ အသစ်လှဲလည် ဆက်ကပ်ပူဇော်ခြင်းနှင့် ကြေးဘုရားဆင်းတုတော်လေးဆူကို မျက်နှာတော်သစ်၍ ရောင်တော်ဖွင့်ခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

"တန်ဆောင်တိုင်ပွဲတော် ရောက်လာတော့မှာဆိုတော့ လေးမျက်နှာမြို့ရဲ့ အထင်ကရဖြစ်တဲ့ သမိုင်းဝင် ဆုတောင်းပြည့် စေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြည်ညိုကြမယ့် ဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်ကြည်ညိုနိုင်စေရန်အတွက် ယခုလို စေတီတော် မြတ်ကြီးရဲ့ ပရဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးများကို ထွေ/အုပ် ဝန်ထမ်းများမှ စုပေါင်း ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း" မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက ပြောသည်။

 

ရွှေမိုး (ပြန်/ဆက်)