သမိုင်းဝင်အမွေအနှစ်များနှင့် ရိုးရာယဉ်ကျေးမှုများ အပါအဝင် သဘာဝအလှတရားများကြောင့် ဘားအံမြို့နယ်အတွင်း ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များနှင့် လာရောက်လည်ပတ်သူ နေ့စဉ်စည်ကားလျက်ရှိ

ဘားအံ ၁၀ ဧပြီ

 

ကရင်ပြည်နယ်အတွင်း  သဘာဝကျောက်လှိုဏ်ဂူများနှင့် သမိုင်းဝင်ဂူဘုရားများ အပန်းဖြေနိုင်ရန် သဘာ၀ရေတံခွန်များ ဆံတော်ရှင်စေတီအပါအဝင် တန်ခိုးကြီးဘုရားများအပြင် ရိုးရာယဉ်ကျေးမှုများ သဘာဝအလှတရားများကြောင့် ပြည်တွင်းပြည်ပ ဘုရားဖူးဧည်သည်များနှင့် လာရောက်လည်ပတ်သူများဖြင့် နေ့စဉ်စည်ကားလျက်ရှိရာ မကြာခင်ကျရောက်မည့် သင်္ကြန်ရုံးပိတ်ရက်များတွင် လာရောက်သူများအတွက် တည်းခိုမှုအဆင်ပြေစေရန် စီစဉ်ပေးထားပြီး ဘုရားဧည့်သည်များကိုလည်း သက်သက်လွတ် ထမင်းဟင်းဖြင့် သုံးဆောင်နိုင်ကြောင်း သိရသည်။

 

ee

 

"ပြည်တွင်းခရီးသွားသူတွေကတော့ ပုံမှန်ဆို တစ်ရက်ကို နှစ်ထောင်ကျော်ကနေ သုံးထောင်ကျော်ထိလာတယ်၊ ပြည်ပကလာရောက်လေ့လာ လည်ပတ်သူကတော့ နေ့စဉ် ငါးဆယ်ဦးလောက်အထိပဲရှိတယ်၊ တစ်ခါတစ်ရံလဲ နိုင်ငံခြားသား ဧည့်သည်တွေ မှန်လုံကြီးတွေနဲ့ နှစ်စီး/သုံးစီးအထိ တစ်ပြိုင်တည်း လာတာမျိုးလဲရှိပါတယ်။ အများဆုံးလာတဲ့နိုင်ငံတွေက ဂျာမနီနဲ့ ပြင်သစ်နိုင်ငံက များတယ်၊ ပြည်တွင်းက ဘုရားဖူးဧည့်သည်တွေကို အချိန်နောက်ကျလို့ တည်းဖို့အခက်အခဲရှိလာရင် ဓမ္မာရုံတွေပေါ်မှာ တည်းခိုနိုင်ဖို့လဲ စီစဉ်ထားပါတယ်။ လာရောက်လည်ပတ်သူတွေကို ဝါတွင်းဆို အဖိတ်နေ့နဲ့  ဥပုသ်နေ့တွေမှာ သက်သက်လွတ် စတုဒိသာကျွေးတယ်၊ ဝါထွက်ရင်တော့ စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ကျွေးပါတယ်။ သင်္ကြန်ကာလကတော့ ကျောင်းရဲ့ဘုရားပွဲလဲဖြစ်တဲ့အတွက် နေ့စဉ်ကျွေးတာပါ" ဟု ကော့ဂွန်းဂူဘုရားတွင် သီတင်းသုံးသည့် ဆရာတော် ဦးဓမ္မပါလက မိန့်ကြားခဲ့သည်။

 

ကရင်ပြည်နယ်အတွင်း ပြည်တွင်းပြည်ပခရီးသွားများ အနေဖြင့် ဘားအံကိုဗဟိုပြုကာ လာရောက်လည်ပတ်သူက ပိုမိုများပြားလာရခြင်းမှာလည်း ပြည်နယ်အတွင်းရှိ သဘာဝထုံးကျောက် လှိုဏ်ဂူများအနက် အထင်းရှားဆုံး ထုံးကျောက်တောင်များဖြစ်သော ဘုရင့်ညီဂူဘုရား၊ ဆဒ္ဒန်ဂူဘုရား၊ ကော့ဂွန်းဂူဘုရား၊ ရသေ့ပျံဂူဘုရား၊ ကော့ကသောင်ဂူဘုရား၊ ဣစ္ဆာသဃဂူဘုရားတို့မှာ ဘားအံမြို့အနီးဝန်းကျင်တွင်ရှိပြီး တန်ခိုးကြီးဘုရားများဖြစ်သော ဇွဲကပင်ဆံတော်ရှင် သေဌာရ်မာန်အောင်ဘုရား ရွှေရင်မျှော်ပြည်တော်အေးစေတီ၊ ကျောက်ကလပ်စေတီ ဗုဒ္ဓဂါယာစေတီတို့ကလည်း ထင်ရှားသော ဘုရားစေတီများဖြစ်ကာ တစ်ဆက်တည်းပင် သဘာဝအလှတရားများစုဝေးရာ နေရာများဖြစ်သည့် တောင်ဝိုင်းတောင်၊ ကျုံထော်ရေတံခွန်၊ ပရေကျေဒိုးရေတံခွန်၊ ကွီးကျဲစမ်းချောင်း၊ ဝင်းကျန်ကျွန်း၊ လွန်းညရေပြာအိုင် ကန်သာယာတံတား၊ ချစ်သူ့မြိုင်ဥယျာဉ်၊ ရေလှိုင်ဂူ၊ လင်းနို့ဂူ၊ ရေတံခွန်ရွာထမင်းဆုပ်တောင်၊ ရေလယ်ကျွန်း၊ ဖားနွဲ့ကျွန်း၊ တောင်စွန်းရွာနှင့် မိဇံကျေးရွာတို့မှာ ဓါတ်ပုံဝါသနာရှင်များနှင့် သဘာဝအလှကို ခံစားချင်သူများအတွက် ခရီးစဉ်မှာ တစ်ဆက်တည်းပင်ဖြစ်သည်။

 

ee

 

ထို့ပြင် ဒေသခံတိုင်းရင်းသားများ၏ ကရင်ရိုးရား ဂျပ်ခုပ်လုပ်ငန်းကို လေ့လာနိုင်သလို ဘားအံမြို့နယ် လက္ခဏကျေးရွာအုပ်စုအတွင်း အိမ်ခြေဆယ်အိမ်ကျော်လောက်ရှိပြီး လူဦးရေ လေးဆယ်ကျော်လောက်သာရှိသည့် ခေတ်အဆက်ဆက်ရိုးရာဓလေ့ကို ထိန်းသိမ်းလာကြသည့် ရှေးကျပြီး ရိုးသားဖြူစင်သော တလဂုဏ်(တလာကူ) ကရင်တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြသော ဂုဏ်သာဖောင်ကျေးရွာမှာ ပြည်ပခရီးသွားဧည့်သည်များ စိတ်ဝင်စားသည့်နေရာတစ်ခုဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဘားအံမြို့၏ နာမည်ကြီးထွက်ကုန်ပစ္စည်းတစ်ခုဖြစ်သော ပိုးမျှင်ဆပ်ပြာ (Handmade Silk Soap)မှာ ပြည်ပခရီးသွားဧည့်သည်များကို အကြိုက်တွေ့စေသော ဆပ်ပြာတစ်မျိုးဖြစ်သည်။

 

ကရင်ပြည်နယ်အတွင်း သဘာဝထုံးကျောက်ဂူများ သဘာဝကျောက်လှိုဏ်ဂူများ အပန်းဖြေနိုင်ရန် သဘာ၀ရေတံခွန်များ ဆံတော်ရှင်စေတီပုထိုးများစွာရှိပြီး အဆိုပါနေရာများအားလုံးကို သွားလာရာတွင် ဘားအံမြို့ကို ဗဟိုပြုကာ သွားလာလည်ပတ်ကြသည့်အတွက် ဘားအံမြို့နှင့် ပတ်ဝန်းကျင်နေရာများတွင် နေ့စဉ်ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိရာ နှစ်စဉ် သင်္ကြန်ရုံးပိတ်ရက်များတွင် လာရောက်သူများပြားလွန်း၍ တိုးမပေါက်အောင် စည်ကားကြောင်း သိရသည်။

 

မင်းသူ(ဘားအံ)