ခင်ဦး ၂၅ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ဧရာဝတီမြစ်အတွင်း၌ တည်ရှိသော သမိုင်းဝင် အညာသီဟတောဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် (တပေါင်းလဆန်း (၁၀) ရက်) မတ် ၃ ရက်မှ တပေါင်းလပြည့်နေ့ မတ် ၈ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ရွှေဆင်းတုတော် ဒေသစာရီကြွချီအပူဇော်ခံရာနှင့် (၃၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွှဲ ၂ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ သီဟတောဘုရားဂေါပက ဥက္ကဋ္ဌ ဦးတင်မောင်ရွှေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးတို့က ညှိနှိုင်းဆွေးနွေးခဲ့သည်။
သီဟတောရွှေဆင်းတုတော်ကို တပေါင်းလဆန်း(၇)ရက် ဖေဖေါ်ဝါရီ ၂၉ ရက်တွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ရွှေကျီးမြင်ဘုရားမှ မတ္တရာ - လက်ပန်လှ- စဉ့်ကူး ကားလမ်းမှတစ်ဆင့် ကျောက်မြောင်းမြို့၊ အမှတ်(၄)၊ နွယ်ညိမ်းရပ်၊ ဓမ္မရက္ခိတလက်ရွေးကျောင်းတွင် တစ်ညတာ ကိန်းဝပ်အပူဇော်ခံမည်။ တပေါင်းလဆန်း(၈) ရက် မတ် ၁ ရက်နေ့တွင် ကျောက်မြောင်းမြို့မှ ရွှေဘိုမြို့သို့ ပင့်ဆောင်ပြီး ရွှေတန်ဆာဘုရားတွင် တစ်ည ကိန်းဝပ်အပူဇော်ခံမည်ဖြစ်သည်။
တပေါင်းလဆန်း (၉) ရက် မတ် ၂ ရက်နေ့တွင် ရွှေဘို - ညောင်ပင်သာ -ရေဦးကားလမ်းမှ ရေဦးမြို့သို့ ပင့်ဆောင်၍ မြို့တွင်း၌ လှည့်လည်အပူဇော်ခံပြီး ခင်ဦးမြို့သို့ ဆက်လက်ပင့်ဆောင်ကာ မြို့လယ် ဓမ္မာရုံတွင် တစ်ညတာ ကိန်းဝပ် အပူခံမည်။ တပေါင်းလဆန်း (၁၀) ရက် မတ် ၃ ရက်နေ့တွင် ခင်ဦးမြို့မှ သပိတ်ကျင်းမြို့သို့ ပင့်ဆောင်ပြီး ဖောင်တော်ဦး၊ ဖောင်တော်ပဲ့ရုပ်ပွားတော်များဖြင့် ဧရာဝတီမြစ်အတိုင်း စုန်ဆင်းကာ အညာသီဟတော ဘုရားကုန်းတော်သို့ ပင့်ဆောင်မည်ဖြစ်သည်။ တပေါင်းလပြည့်နေ့ မတ် ၈ ရက်အထိ ဗုဒ္ဓပူဇနိယပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သီဟတောဘုရားဂေါပက ဥက္ကဋ္ဌ ဦးတင်မောင်ရွှေ ထံမှသိရသည်။
ဘုရားပွဲတော်တွင် ဘုရားဖူးများအတွက် ရေကြောင်းမှ သင်္ဘောများ၊ မော်တော်များ၊ စက်လှေများ ဆိုက်ကပ်နိုင်ရန် စီစဉ်ထားပြီး ကုန်းကြောင်းမှလည်း ကားလမ်းများ ကောင်းမွန်နေပြီး ဖြစ်သည့်အတွက် နေ့ချင်းပြန် လာရောက် ဖူးမြော်နိုင်ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)


