ခင်ဦး ၄ မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ဧရာဝတီမြစ်အတွင်း ကျောက်တောင်ကျွန်းပေါ်ရှိ သမိုင်းဝင် အညာသီဟတောဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို မတ် ၃ ရက် (တပေါင်းလဆန်း ၁၀) ရက်နေ့က စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

 

ဗုဒ္ဓပူဇနိယပွဲတော်တွင် မန္တလေးမြို့၊ ရွှေကျီးမြင်ဘုရားတွင် ကိန်းဝပ်လျက်ရှိသော အညာသီဟတော ရွှေဆင်းတုတော်ကို တပေါင်းလဆန်း ၇ ရက်နေ့က မတ္တရာမြို့၊ ကျောက်မြောင်းမြို့၊ ရွှေဘိုမြို့၊ ရေဦးမြို့၊ ခင်ဦးမြို့တို့တွင် ဒေသစာရီ ကြွချီအပူဇော်ခံခဲ့သည်။ တပေါင်းလဆန်း ၁၀ ရက်နေ့တွင် အညာသီဟတော ဘုရားကုန်းတော်ပေါ်သို့ ရောက်ရှိပြီး ပွဲတော်အတွင်း အပူဇော်ခံလျက်ရှိသည်။

 

ဗုဒ္ဓပူဇနိယဘုရားပွဲတော်အတွင်း ရေကြောင်းမှ သင်္ဘောများ၊ မော်တော်များ၊ စက်လှေများဖြင့်လည်းကောင်း၊ ကုန်းကြောင်းမှ ကား၊ ဆိုင်ကယ်များဖြင့် ဘုရားဖူးများ လာရောက်ဖူးမြော်ကြပြီး ဘုရားပွဲဈေးမှ ဒေသထွက်ကုန်ပစ္စည်းများဖြင့် ရောင်းဝယ်စည်ကားလျက်ရှိသည်။

 

အဆိုပါပွဲတော်ကို တပေါင်းလဆန်း ၁၀ ရက်နေ့မှ တပေါင်းလပြည့်နေ့ထိ (၆) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်အတွင်း ညပိုင်းတွင် မြဝတီအငြိမ့်အဖွဲ့၊ မန္တလေးမြို့မှ ရွှေမြန်မာဇာတ်ပွဲ၊ ချမ်းချမ်းဘို ဇာတ်ပွဲတို့ဖြင့် နှစ်ညစီ ဖျော်ဖြေပေးလျက်ရှိကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)