မိုးညှင်း   မတ်    ၈

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးဒေသတွင် (၁၅၃)ကြိမ်မြောက် သမိုင်းဝင်တန်ခိုးကြီး ရွှေမဉ္ဇူရေလယ်ဘုရားပွဲတော်ကို အကျဉ်းချုံးအနေဖြင့် ဆွမ်းတော်ကြီး ကပ်လှူပွဲတော်ကို တပေါင်းလဆန်း ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်သည်။

 

ရွှေမဉ္ဇူရေလယ်(အင်းတော်ကြီး) ဘုရားပွဲတော်သည် နှစ်စဉ် တပေါင်းလဆန်း ရက်မှ တပေါင်းလပြည့် ၁၅ ရက်အထိ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ အနှံ့အပြားမှ ဘုရားဖူး ပြည်သူများက လာရောက်လေ့ရှိကြောင်း၊ ယခုနှစ်တွင် ကိုဗစ်၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိသော်လည်း အကျဉ်းချုံးအနေဖြင့် ဆွမ်းတော်ကြီးကပ်လှူပွဲကို ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင် ဦးချစ်သန်းထံမှ သိရသည်။

 

အဆိုပါဘုရားပွဲတော်ကြီးကို ယခင်က ပြည်နယ်နှင့် ခရိုင်တို့က ကြီးမှူး၍ နှစ်စဉ်ကျင်းပလေ့ရှိရာ ပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများ၊ ရိုးရာအကပဒေသာများ၊ ဇာတ်သဘင်ပွဲများ၊ ရိုးရာအားကစားပွဲတော်နှင့် လှေလှော်ပြိုင်ပွဲများ ကျင်းပလေ့ရှိကြောင်း၊ ဘုရားပွဲသည် ဆွေဘုရား၊ မျိုးဘုရားဖြစ်ပြီး ဘာသာမရွေး၊ လူမျိုးမရွေး ပါဝင်ဆင်နွှဲ ကြသော ပွဲတော်ကြီးဖြစ်၍ ဒေသခံပြည်သူတို့၏ တစ်နှစ်တာကာလ ပင်ပန်းနွမ်းနယ် ခဲ့သမျှကိုလည်း ဆေးကြောလန်းဆန်းစေသည့်အနေဖြင့် ကျင်းပလေ့ရှိသော ပွဲတော်ကြီးဖြစ်ကြောင်း ဘုရားသမိုင်း မှတ်တမ်းများအရ သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)