နေပြည်တော် ၃ သြဂုတ် 


မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပသည့် SMM 3rd U-23 Asian Men's Club ''Asia World Foundation'' Volleyball Championship ပြိုင်ပွဲအား ယနေ့နံနက် (၁၀) နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။


ပြိုင်ပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ အာရှဘော်လီဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်နိုင်ငံ(၁၆)နိုင်ငံမှ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။


ပြိုင်ပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲအသင်းများအား လိုက်လံနှုတ်ဆက်ကာ အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။


ယင်းနောက် အိမ်ရှင်မြန်မာအသင်းနှင့် ဟောင်ကောင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့သည်။ ပြိုင်ပွဲအပြီး အိမ်ရှင်မြန်မာအသင်းက ဟောင်ကောင်အသင်းကို (၂၅-၂၀) မှတ်၊ (၂၅-၂၂) မှတ်၊ (၂၅-၂၂) မှတ် သုံးပွဲပြတ်ဖြင့် ပွဲဦးထွက်အနိုင်ရရှိခဲ့သည်။


ယနေ့ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ဆက်လက်ကျင်းပရာ နယူးဇီလန်အသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာတွင် (၂၅-၂၂) မှတ်၊ (၁၇-၂၅) မှတ်၊ (၁၇-၂၅) မှတ် (၁၀-၂၅) မှတ် ထိုင်းအသင်းမှ (၄) ပွဲ (၁) ပွဲဖြင့် အနိုင်ရရှိပြီး ကာတာအသင်းနှင့် ပါကစ္စတန်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။


ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကာဇက်စတန်အသင်းနှင့် ဗီယက်နမ်အသင်း၊ ဘာရိန်းအသင်းနှင့် တရုတ် (တိုင်ပေ) အသင်း၊ ဆော်ဒီအာရေးဘီးယားအသင်းနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားကြကြောင်း သိရှိရသည်။


အဆိုပါ SMM 3rd U-23 Asian Men's Club “Asia World Foundation” Volleyball Championship ပြိုင်ပွဲကို အိမ်ရှင်မြန်မာအပါအဝင် သြစတေးလျနိုင်ငံ၊ တရုတ်နိုင်ငံ၊ တရုတ်(တိုင်ပေ)၊ အိန္ဒိယနိုင်ငံ၊ ထိုင်း၊ ဗီယက်နမ်၊ နယူးဇီလန်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဂျပန်၊ ဟောင်ကောင်၊ ကာဇက်စတန်၊ ဘာရိန်း၊ ဆော်ဒီအာရေးဘီးယားနှင့် ကာတာတို့မှ အားကစားသမားဦးရေ (၃၂၀) ဦး ဝင်ရောက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲကို သြဂုတ် ၁၁ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)နှင့် (C)တို့၌ နေ့စဉ်နံနက် (၁၁) နာရီမှစတင်၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘော်လီဘော အားကစားနည်းကို စိတ်ပါဝင်စားသူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။ 


သတင်းစဉ်