သမ္မတ ဒေါ်နယ်ထရမ့်အား စွဲချက်တင်စစ်ဆေးမှု စတင်

ဝါရှင်တန် ၂၂ ဇန်နဝါရီ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား သမိုင်းဝင် စွဲချက်တင်စစ်ဆေးမှုကို အထက်လွှတ်တော်တွင် အင်္ဂါနေ့က စတင်သည်။ ဒီမိုကရက်တစ်အမတ်များက သမ္မတကို အိမ်ဖြူတော်မှ ဖယ်ရှားရန် ကြိုးစားနေပြီး ရီပတ်ဘလစ်ကန်အမတ်များက ဖြစ်နိုင်ပါက သမ္မတတွင် အပြစ်မရှိကြောင်း အမြန်ဆုံးစီရင်ဆုံးဖြတ်ရန် ဆုံးဖြတ်ထား ကြသည်။

ယူကရိန်း အရှုပ်တော်ပုံစတင်ပြီးနောက် လေးလအကြာ သမ္မတဒေါ်နယ်ထရမ့်ကို ပြန်လည်မဲပေးရွေးချယ်ဖို့၊ မရွေးချယ်ဖို့ ဆုံးဖြတ်ရန်အတွက် အမေရိကန်ပြည်သူများက မဲရုံများသို့မသွားမီ ၁၀လ အလိုတွင် အထက်လွှတ်တော် အမတ် ၁၀၀ သည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် သမ္မတထရမ့်အား စွဲချက်တင်စစ်ဆေးမှုစတင်ရန် တရားသူကြီးချုပ် ဂျွန်ရောဘတ်နှင့်အတူ အထက်လွှတ်တော်တွင် စုဝေးကြမည်ဖြစ်သည်။

ဂျူရီအဖွဲ့ဝင်လူကြီးများအဖြစ် ပြီးခဲ့သည့်အပတ်က ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည့် ထိုဥပဒေပြုအမတ်များ၏ အလုပ်သည် အောက်လွှတ်တော်က ပြီးခဲ့သည့်လက အတည်ပြုခဲ့သည့် စွပ်စွဲပြစ်တင်ချက်အပိုဒ်ခွဲနှစ်ခုတွင် စွပ်စွဲထားသကဲ့သို့ သမ္မတဒေါ်နယ်ထရမ့်သည် အာဏာအလွဲသုံးခဲ့ခြင်း ရှိ၊ မရှိနှင့် ကွန်ဂရက်လွှတ်တော်ကို နှောင့်ယှက်ဟန့်တားခဲ့ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် ဖြစ်သည်။

သမ္မတ ဒေါ်နယ်ထရမ့်သည် ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ၎င်းအနိုင်ရဖို့ ကူညီပေးရန်အတွက် ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ရန် ယူကရိန်းကို ဖိအားပေးခဲ့သည့်အပြင် ၎င်း၏ အပြုအမူနှင့်ပတ်သက်၍ ကွန်ဂရက်လွှတ်တော်၏ စုံစမ်းစစ်ဆေးမှုကို ကဖျက်ယဖျက်လုပ်ရန် ကြိုးစားခဲ့သည်ဟု ဥပဒေပြုအမတ်များက ဆိုသည်။

၁၈၆၈ ခုနှစ်တွင် အင်ဒရူးဂျွန်ဆင်နှင့် ၁၉၉၉ ခုနှစ်တွင် ဘီလ်ကလင်တန်တို့ စွဲချက်တင်ခံရပြီးနောက် ယခုအကြိမ် စွဲချက်တင်စစ်ဆေးမှုသည် အမေရိကန်သမ္မတတစ်ဦး တတိယအကြိမ် စွဲချက်တင်စစ်ဆေးခံရခြင်း ဖြစ်လာမည် ဖြစ်သည်။ ယခုစွဲချက်တင်စစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းသည် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ထရမ့်၏ပြိုင်ဘက် ဖြစ်လာဖွယ်ရှိသည့် ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးရန်အတွက် သမ္မတဒေါ်နယ် ထရမ့်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို ဖိအားပေးခဲ့သည်ဆိုသည့် ဇူလိုင် ၂၅ ရက်က ဖုန်းခေါ်ဆိုမှုကို ဗဟိုပြုမည်ဖြစ်သည်။

ယူကရိန်းသမ္မတက အမေရိကန်ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် မကြေညာမချင်း သမ္မတ ဇီလန်စကီးကို အိမ်ဖြူတော်သို့ အစည်းအဝေးခေါ် မည့်ကိစ္စနှင့် ရုရှားက ကျောထောက်နောက်ခံပြုပေးနေသည့် ခွဲထွက်ရေးသမားများကို ယူကရိန်း၏စစ်ဆင်ရေးအတွက် စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါး ထုတ်ပေးရမည့်ကိစ္စကို ဆိုင်းငံ့ထားခြင်းဖြင့် ယူကရိန်းကို ကြိုးကိုင်ချယ်လှယ်သည်ဟု ဒီမိုကရက်တစ်အမတ်များက သမ္မတ ဒေါ်နယ်ထရမ့်ကို စွပ်စွဲသည်။

“သမ္မတက ဘာအမှားမှ မလုပ်ခဲ့ပါဘူး”ဟု သမ္မတ ဒေါ်နယ်ထရမ့်၏ ရှေ့နေ့များက အထက်လွှတ်တော်သို့ တနင်္လာနေ့က တင်သွင်းခဲ့သည့် စာမျက်နှာ ၁၁၀ ပါ ရှင်းလင်းချက်တွင် တုံ့ပြန်ထားသည်။

သို့သော်လည်း အထက်လွှတ်တော်တွင် ရီပတ်ဘလစ် ကန်အမတ်များက ၅၃-၄၇ ဖြင့် အများစုဖြစ်နေသော ကြောင့် သမ္မတ ဒေါ်နယ်ထရမ့်သည် စွဲချက်တင်စစ်ဆေးမှုမှ တရားသေလွတ်မြောက်ရန် သေချာလုနီးပါးရှိသည်။ ၎င်းအား စွဲချက်တင်စစ်ဆေးမှု စတင်ချိန်တွင် သမ္မတဒေါ်နယ်ထရမ့်သည် နိုင်ငံခြားတိုင်းပြည်သို့ ရောက်ရှိနေမည်ဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရမ့်သည် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပမည့် စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန်အတွက် တနင်္လာနေ့နှောင်းပိုင်းက ထွက်ခွာသွားသည်။ စွဲချက်တင်စစ်ဆေးမှုကာလ မည်မျှကြာမည်ဆိုသည်မှာ ဆုံးဖြတ်ချက်ချမှတ်မှုအပေါ် မူတည်မည်ဖြစ်သည်။

ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-အောင်ဇော်လင်း