ဝါရှင်တန် ၂၃ စက်တင်ဘာ

အိမ်ဖြူတော်အာရှရေးရာ အကြီးတန်းအကြံပေး မတ်ပေါ့တင်ဂါမှာ လက်ထောက် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ဖြစ်လာမည်ဖြစ်သည်။

သမ္မတ ဒေါ်နယ်ထရန့်က အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့သည့် ရောဘတ်အိုးဘရိုင်ယန်က စက်တင်ဘာ ၂၂ ရက်တွင် အဆိုပါကြေညာချက်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပေါ့တင်ဂါသည် သတင်းစာဆရာတစ်ဦးအဖြစ် ဝေါစထရိဂျာနယ်၌ လုပ်ကိုင်ခဲ့သည်။ အမေရိကန်ကမ်းတက် တပ်ဖွဲ့တွင်လည်း စာရင်းပေးသွင်း၍ အီရတ်နှင့်အာဖဂန်နစ္စတန်၌ တာဝန်ထမ်းဆောင်ခဲ့သည်။ သမ္မတ ဒေါ်နယ်ထရန့်လက်ထက်တွင် ပေါ့တင်ဂါသည် ဂျပန်- အမေရိ ကန်ဆက်ဆံရေးကို ကြီးကြပ်ကွပ်ကဲခဲ့ပြီး တရုတ်နှင့် မြောက်ကိုရီးယားဆိုင်ရာ မူဝါဒများ ရေးဆွဲပေးခဲ့သည်။ သမ္မတ ဒေါ်နယ်ထရန့်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပြီးခဲ့သည့်နှစ်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်တို့နှင့် ပထမဆုံးအကြိမ်ထိပ်သီးဆွေးနွေးခြင်းတို့တွင် ၎င်းက သမ္မတနှင့်အတူ လိုက်ပါခဲ့သည်။ ထို့အပြင် ပေါ့တင်ဂါသည် ပြန်ပေးဆွဲပြဿနာ ကူညီဖြေရှင်းပေးရန် မြောက်ကိုရီးယားနိုင်ငံသို့ ပြန်ပေးဆွဲခံခဲ့ရသည့် ဂျပန်နိုင်ငံသားများ၏ ဆွေမျိုးများကိုကြိမ်ဖန်များစွာ တွေ့ဆုံခဲ့သည်။

ပေါ့တင်ဂါမှာ ကောင်းမွန်စွာ တာဝန်ထမ်းဆောင်နိုင်သူတစ်ဦး ဖြစ်ကြောင်း၊ အမျိုးသားလုံခြုံရေးကောင်စီသို့ စည်းလုံးညီညွတ်မှု ဆောင်ကြဉ်းပေးမည့် သူဖြစ်ကြောင်း၊ သမ္မတထရန့်က ၎င်းအပေါ် ကြီးမားသော ယုံကြည်မှုရှိကြောင်း အိုးဘရိုင်ယန်က ပြောသည်။ ယခုလအစောပိုင်းတွင် သမ္မတ ထရန့်က ဂျွန်ဘော်လ်တန်ကို အမျိုးသား လုံခြုံရေးအကြံပေး ပုဂ္ဂိုလ်အဖြစ်မှ ထုတ်ပယ်ခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန် - ကျော်ထိုက်စိုး