၂၄ ဧပြီ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် စီးနင်းလာတဲ့ လက်နက်တပ်ဆင်ထားသော မီးရထားဟာ ရုရှားနယ်စပ်ကို ဒီကနေ့ (ဗုဒ္ဓဟူးနေ့) မှာ ရောက်ရှိလာပါတယ်။ ကင်ဟာ ရုရှားသမ္မတ ပူတင်နဲ့ ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးရန် ရောက်ရှိလာခြင်းဖြစ်ပါတယ်။
ပူတင်နဲ့ ကင်တို့ ဟာ မနက်ဖြန် (ကြာသပတေးနေ့) မှာ ပစိဖိတ်ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဗယ်လဒီဗိုစတော့မြို့မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ဗီယက်နမ်နိုင်ငံမှာ ဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံအပြီး နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်နဲ့ ပထမဦးဆုံးအကြိမ် မျက်နှာခြင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို ဗယ်လဒီဗိုစတော့မြို့ရှိ တက္ကသိုလ် တစ်ခုမှာ ကျင်းပမယ်လို့ မျှော်လင့်ရပါတယ်။

နျူကလီယား လက်နက် ဖျက်သိမ်းရေးနဲ့ ပတ်သတ်ပြီး အမေရိကန်နိုင်ငံနဲ့ ဆွေးနွေးရာ ရှေ့မတိုးနောက် မဆုတ်အခြေအနေကို ရောက်ရှိနေတဲ့ အတွက် ပြုံယမ်းအနေနဲ့ နီးနီးကပ်ကပ်ဆက်ဆံနိုင်မယ့်သူ ရှာဖွေနိုင်ရန် အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ပြီးခဲ့အပတ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကို ဆွေးနွေးပွဲကနေ ဖယ်ရှားပေးဖို့ မြောက်ကိုရီးယားဘက်က တောင်းဆိုပြီး လက်နက်အသစ်တစ်ခုကို စမ်းသပ်ပစ်လွှတ်ခဲ့ပါသေးတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ဟာ ၂၀၁၈ ခုနှစ် မတ်လကစပြီး တရုတ်သမ္မတ နဲ့ တွေ့ဆုံဆွေးနွေးပွဲ လေးကြိမ်၊ တောင်ကိုရီးယားသမ္မတ နဲ့ တွေ့ဆုံးနွေးပွဲ သုံးကြိမ်၊ အမေရိကန်သမ္မတ ထရန့်နဲ့ နှစ်ကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

ဟန္နိုင်းမြို့က ထရန့်နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ မြောက်ကိုရီးယားအနေနဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပေးရန် အလိုရှိပေမယ့် ဆွေးနွေးပွဲမှာ သဘောတူညီမှု မရရှိဘဲ ပြီးဆုံးခဲ့ပါတယ်။ ရုရှားက အမေရိကန်ကို မြောက်ကိုရီးယားပေါ်မှာ ထားရှိတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ တောင်းဆိုနေပါတယ်။
ရုရှားနိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီအထောက်အကူ ယူရီ အူရှာကော့ က ဒီအခုလိုတွေ့ဆုံခြင်းဟာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေးအတွေက် နိုင်ငံရေးနဲ့ သံတမန်ရေး ဖြေရှင်းအတွက် ဦးတည်တဲ့ဆွေးနွေးပွဲဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
MDN
ကိုးကား - AFP
