၁၁ စက်တင်ဘာ

 

စင်ကာပူနိုင်ငံမှာ ကွယ်လွန်သွားတဲ့ ဇင်ဘာဘွေ သမ္မတဟောင်း မူဂါဘီရဲ့ ရုပ်အလောင်းကို မြှပ်နှံရန် စင်ကာပူနိုင်ငံကနေ ဒီကနေ့ မိခင်နိုင်ငံကို ပြန်လည်သယ်ဆောင်သွားပြီ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့သီတင်းပတ်က စင်ကာပူနိုင်ငံမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကျန်ရစ်ရုပ်အလောင်းကို မြှပ်နှံရေးမှာ ဇင်ဘာဘွေနိုင်ငံတွင်းမှာ ကွဲလွဲမှုတွေဖြစ်ပေါ်နေပါတယ်။ 

 

မူဂါဘီဟာဗြိတိန်လက်အောက်ကနေ ဇင်ဘာဘွေနိုင်ငံလွှတ်မြောက်ပြီးနောက် နိုင်ငံတော်အာဏာရယူခဲ့တဲ့ တော်လှန်ရေးသမားဖြစ်ခဲ့ပြီး နိုင်ငံကို နှစ်ပေါင်း ၃၇ နှစ်တိတိအုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။ 


၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ  စစ်တပ်ခေါင်းဆောင်နဲ့ မူဂါဘီသစ္စာခံတွေက မူဂါဘီကို ရာထူးက ဖြုတ်ချလိုက်ပါတယ်။ အဲဒီချိန်ကစပြီး မူဂါဘီရဲ့ ကျန်းမာရေးက ယို့ယွင်းလာခဲ့ပါတယ်။ 

 

စင်ကာပူနိုင်ငံက ဆေးရုံတစ်ရုံမှာ လအနည်းငယ်ကြာ ဆေးကုသနေရာကနေ ပြီးခဲ့တဲ့သီတင်းပတ်က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ မူဂါဘီဟာ အသက် ၉၅ နှစ်ရှိပြီဖြစ်ပါတယ်။ နိုင်ငံတော်ဈာပနအဖြစ် ကျင်းပရန်  မူဂါဘီရဲ့ ရုပ်အလောင်းကို ဒုသမ္မတ ဦးဆောင်တဲ့ အဖွဲ့က စင်ကာပူနိုင်ငံကနေ ဒီကနေ့(ဗုဒ္ဓဟူးနေ့)မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အစောင့်အရှောက်နဲ့ လေယာဉ်ကွင်း သယ်ဆောင်သွားပြီဖြစ်ပါတယ်။ 

 

တချိန်က လွတ်မြောက်ရေးခေါင်းဆောင် ဖြစ်ပြီး နောက်ပိုင်းမှာ ရက်ရက်စက်စက် နှိပ်ကွက်ခဲ့ခြင်း၊ နိုင်ငံရဲ့ စီးပွားရေးကို လွဲမှားစွာ စီစဉ်အုပ်ချုပ်မှုကြောင့် သန်းချီတဲ့လူတွေ နိုင်ငံကို စွန့်ခွာခဲ့ရပါတယ်။ အဲဒီ အကြောင်းတရားတွေကြောင့် မူဂါဘီအတွက် ဝမ်းနည်းခြင်း အခမ်းအနားကျင်းပရန် ဇင်ဘာဘွေ နိုင်ငံသားတွေအတွင်းမှာ ကွဲလွဲမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

 

နိုင်ငံသားတွေကြားမှာ မူဂါဘီဟာ ခေါင်းဆောင်တစ်ယောက်အနေ နဲ့ဆိုရင် အာဏာကို အကြာကြီး ဆုတ်ကိုင်ထားတာက က မှားတယ်လို့ပြောတဲ့သူရှိသလို မူဂါဘီဟာ သမ္မတဟောင်းဖြစ်တယ်။ သူက ဇင်ဘာဘွေ လွတ်မြောက်ရေးကို လုပ်ဆောင်ခဲ့တယ်။ ကိုလိုနီတွေပိုင်ဆိုင်တဲ့လယ်တွေကို လူထုအား လွှဲပြောင်းပေးခဲ့တယ်လို့ ပြောဆိုတဲ့သူတွေလည်း ရှိနေပါတယ်။ 

 

MDN
ကိုးကား AFP