နယူးယောက် ၄ ဇွန်
ကာကွယ်ရေးဝန်ကြီးဟောင်း ဂျင်မက်တစ်က သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံကို ညီညွတ်မှု ပျက်ပြားပြီး ကွဲသွားအောင် လုပ်ဆောင်နေကြောင်း၊ နိုင်ငံအတွက် ရင့်ကျက်တဲ့ ခေါင်းဆောင်မှု ပေးရေးမှာ ပျက်ကွက်နေကြောင်း သူ့ရဲ့ အထက်အရာရှိဟောင်း သမ္မတ ထရမ့်ကို ဗုဒ္ဓဟူးနေ့က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
သမ္မတက အမေရိကန်တပ်တွေကို ဆီးရီးယားကနေ အားလုံးပြန်ခေါ်မယ်လို့ အမိန့်ပေးတာနဲ့ ပတ်သက်ပြီး ဂျင်မက်တစ်ဟာ ကာကွယ်ရေးဝန်ကြီး ရာထူးကနေ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ နှုတ်ထွက်ခဲ့ပါတယ်။
ဂျင်မက်တစ်က ထရမ့်ဟာ အမေရိကန်နိုင်ငံကို မညီညွတ်အောင် ကွဲပြားရေး လုပ်ဆောင်နေတဲ့ သမ္မတ အဖြစ်တွေ့ရတာ သူ့ဘဝမှာ ပထမဉီးဆုံးဖြစ်ကြောင်း၊ ညီညွတ်ရေးကို ဟန်ဆောင်ပြီးတောင် လုပ်တဲ့ သူမဟုတ်ကြောင်း၊ ကွဲပြားရေးကိုသာ ကြိုးစားပြီး လုပ်ဆောင်နေကြောင်း၊ ရင့်ကျက်တဲ့ ခေါင်းဆောင်မှု မရှိတဲ့ အကျိုးဆက်တွေကို သုံးနှစ်တိတိ မြင်ပြီးကြောင်း The Atlantic သတင်းမဂ္ဂဇင်းမှာ ရေးသားထားပါတယ်။
သမ္မတက အိမ်ဖြူတော် အနီးမှာရှိတဲ့ ဘုရားကျောင်းသွားပြီး ဓါတ်ပုံရိုက်ဖို့အတွက် ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့တာကိုလည်း မက်တစ်က ရှုတ်ချလိုက်ပါတယ်။
သမ္မတထရမ့် ကလည်း သူနဲ့သမ္မတဟောင်း အိုဘားမားကြား တူညီတဲ့ အချက်ကတော့ ဂျင်မက်တစ်ကို အလုပ်ဖြုတ်ခဲ့ခြင်း ဖြစ်တယ်လို့ တွစ်တာကနေ တုံ့ပြန်ရေးသားလိုက်ပါတယ်။
MDN
ကိုးကား - AFP
