ကလျာမိုးမြင့်
ကွန်ဂရက်လွှတ်တော်ရဲ့ အတည်ပြုချက်မပါရှိဘဲနဲ့ သမ္မတထရမ့်က အီရန်အပေါ်မှာ စစ်ရေးအရ စီမံဆုံးဖြတ်နေတာတွေကို ကန့်သတ်ဖို့ ၎င်းရဲ့ ရီပတ်ဘလစ်ကန် အဖွဲ့သားတွေက ရေးဆွဲခဲ့တဲ့ ဥပဒေကြမ်းကို ဆီးနိတ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုပြုလုပ်ပြီး အတည်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
အီရန်ရဲ့ အန္တရာယ်ကိုသတိပေး
သမ္မတထရမ့်က ၎င်းအပေါ်မှာ ဒီလိုထိန်းချုပ်ကန့်သတ်ဖို့ ကြိုးစားခြင်းက အမေရိကကို အီရန်ရဲ့ အန္တရာယ်ကနေ ဘေးကင်းလုံခြုံမှု မရှိတော့တဲ့ အနေအထား ကျရောက်လာစေလိမ့်မယ်လို့ သတိပေးစကား ဆိုလိုက်ပြီး သိပ်မကြာသေးခင်မှာပဲ အီရန်အပေါ်မှာ စစ်ရေးအရ လုပ်ပိုင်ခွင့် ဆုံးဖြတ်ချက်တစ်ရပ်ကို ထောက်ခံမဲ ၅၅ မဲ၊ ကန့်ကွက်မဲ ၄၅ မဲနဲ့ ဆီးနိတ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ။
စစ်ရေးဆုံးဖြတ်ခွင့်ကို ကန့်သတ်တဲ့ ဥပဒေ သမ္မတအိမ်ဖြူတော်အထိ ရောက်ရှိလာတဲ့အခါ သမ္မတထရမ့်အနေနဲ့ အဲဒီဥပဒေကို ဗီတိုအာဏာနဲ့ ပယ်ချဦးမလား မဆိုနိုင်သေးပါဘူး။ အများစုကတော့ အဲဒီလိုလုပ်နိုင်တယ်လို့ ထင်ကြေးပေးနေကြတယ်။ ထင်ကြေးပေးမယ်ဆိုလည်း ပေးလောက်စရာ ကောင်းအောင် သမ္မတထရမ့်ဟာ နိုင်ငံ့အရေးကိစ္စတွေမှာ ဗီတိုအာဏာကို မကြာခဏဆိုသလို အသုံးပြုခဲ့သူပါပဲ။
တိုက်တွန်းစည်းရုံး
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ဆီးနိတ် လွှတ်တော်ရဲ့ နေရာအများစုကို လွှမ်းမိုးထားတဲ့ ရီပတ်ဘလစ်ကန်ပါတီမှ အမတ်ရှစ်ဦးက သမ္မတထရမ့်အနေနဲ့ အီရန်အပေါ်စစ်ဆင်ရေး လုပ်ငန်းတွေ မဆောင်ရွက်ခင် ကွန်ဂရက်လွှတ်တော်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးစေဖို့ အတင်းအကျပ် တွန်းအားပေးဖို့အတွက် မဲခွဲဆုံးဖြတ်မှု ပြုလုပ်ကြဖို့ ပါတီကို တိုက်တွန်း စည်းရုံးခဲ့ကြပါတယ်။
မဲခွဲဆုံးဖြတ်မှုမပြုလုပ်ခင် တစ်ရက်အလိုမှာ သမ္မတထရမ့်က နိုင်ငံ့လုံခြုံရေးအတွက် အမေရိကန် ဆီးနိတ်လွှတ်တော်က အီရန်အပေါ် စစ်ရေးဆုံးဖြတ်ပိုင်ခွင့် ဥပဒေကို မဲမပေးဖို့ သိပ်ကိုအရေးကြီးတယ်။ အီရန်နဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ကောင်းစွာ ကိုင်တွယ်လုပ်ဆောင်နေကြတယ်။ ဒါပေမယ့် အခုအချိန်ဟာ ကိုယ့်နိုင်ငံရဲ့ အားနည်းမှုကို ဖော်ပြဖို့ အချိန်အခါကောင်း မဟုတ်ဘူး။ တကယ်လို့ ကျွန်ုပ်ရဲ့ လက်တွေကို ချည်နှောင်ထားရင် အီရန်အနေနဲ့ ကျွန်ုပ်တို့ကို အောင်မြင်စွာထိုးနှက်ဖို့ အခွင့်အရေးရသွားလိမ့်မယ်လို့ ထရမ့်က တွစ်တာပေါ်မှာ သတိပေး ရေးသားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း မဲခွဲဆုံးဖြတ်မှုကို ဆီးနိတ်လွှတ်တော်က လုပ်ဖြစ်အောင်လုပ်ခဲ့ပါတယ်။
ဘာကြောင့် မဲပေးဖို့ဖြစ်လာသလဲ
ဒီဥပဒေအရ ကွန်ဂရက်လွှတ်တော်က စစ်မကြေညာမချင်း၊ ဒါမှမဟုတ် အထူးစစ်အင်အား တစ်ရပ်ရပ်ကို အသုံးပြုခွင့်ပေးတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်မပြုမချင်း သမ္မတထရမ့်အနေနဲ့ အီရန်အပေါ်မှာ စစ်ရေးအရ ကျူးကျော်တိုက်ခိုက်ဖို့ တာဝန်ပေးထားတဲ့ တပ်ဖွဲ့ဝင်တွေကို သမ္မတထရမ့်က ဖယ်ရှားလိုက်ဖို့ လိုမှာဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ နိုင်ငံအပေါ် ကျရောက်လာနိုင်တဲ့ ကြိုတင်မသိနိုင်သော တိုက်ခိုက်မှုတွေကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း မပြုနိုင်အောင် တားဆီးထားခြင်းမျိုး ဥပဒေရဲ့ ဘယ်အစိတ်အပိုင်းမှာမှ ထည့်သွင်းရေးဆွဲထားခြင်း မရှိဘူးလို့ ဖော်ပြ ထားတယ်လို့လည်း သိရပါတယ်။
အီရန်လုပ်လက်နက်များ သိမ်းဆည်း
အမေရိကန်လေတပ်ဖွဲ့ဟာ မကြာသေး ခင်ရက်ပိုင်းအတွင်းမှာပဲ အီရန်က ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတယ်လို့ ယူဆရတဲ့ လက်နက် အများအပြားကို အာရေဗျပင်လယ်အတွင်းမှာ သိမ်းဆည်းခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီလိုကြေညာခဲ့ပြီး နာရီအနည်းငယ်အကြာမှာ စစ်ရေး ဆုံးဖြတ်ပိုင်ခွင့်ဥပဒေကို ဆီးနိတ် လွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြုလိုက်တဲ့ ကိစ္စကဖြစ်လာခဲ့ပါတယ်။ ။
ဖော်ပြချက်ထဲမှာ ယူအက်စ်အက်စ် နော်မန်ဒီရေတပ်သင်္ဘောက ဟာဒီလာဗီရက် အမျိုးအစားတင့်ကားပစ် ဒုံးကျည်အစင်းပေါင်း ၁၅၀ သာမက အီရန်လုပ် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်တွေနဲ့ လေကြောင်းနဲ့ ရေကြောင်းဆိုင်ရာ ကိရိယာအစိတ်အပိုင်းတွေကိုပါ သိမ်းဆည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထောက်ခံသူနဲ့ကန့်ကွက်သူများ
စစ်ရေးဆုံးဖြတ်ပိုင်ခွင့် ဥပဒေပြုရေးမှာ တွဲဖက်သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဗာဂျီးနီးယား ဆီးနိတ်လွှတ်တော်အမတ် တင်ကိုင်နီက ဥပဒေအတည်ပြုနိုင်ခဲ့မှုကို ဂုဏ်ပြုခဲ့ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ကျွန်ုပ်တို့ရဲ့ ယူနီဖောင်း ဝတ်ဆင်ထားတဲ့ လူငယ်အမျိုးသား အမျိုးသမီးတွေကို သူတို့ရဲ့ဘဝနဲ့ ကျန်းမာပျော်ရွှင်မှုကို စစ်ပွဲထဲမှာ စတေးကြဖို့ အမိန့်ပေးရတော့မယ်ဆိုရင်တောင် တကယ့်ကို နှိုင်းနှိုင်းချိန်ချိန်နဲ့ ဂရုတစိုက် စဉ်းစားဆင်ခြင်မှုအပေါ် အခြေခံထားတဲ့ အမိန့်ပေးခြင်းပဲ ဖြစ်သင့်တယ်လို့ ၎င်းက ထောက်ပြခဲ့တာ ဖြစ်ပါတယ်။
စစ်ရေးဆုံးဖြတ်ခွင့် ဥပဒေအတည်ပြုလိုက်တဲ့အပေါ် သဘောကျထောက်ခံသူရှိသလို မနှစ်မြို့ သူတွေလည်း ရှိတာပါပဲ။ မစ္စစ္စပီ ရီပတ်ဘလစ်ကန် ဆီးနိတ်လွှတ်တော်အမတ် ရော်ဂျာဝစ်ကာ က ဒီကိစ္စမှာ ၎င်းရဲ့ သဘောထားကွဲလွဲမှု ကို တွစ်တာပေါ်မှာ ပြောင်ပြောင်တင်းတင်းပဲ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။
နိုင်ငံရေးအရ အရေးကြီးဆုံးဖြစ်နေတဲ့ အချိန်အခါမျိုးမှာ သမ္မတဟာ အမြန်ဆုံး ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းရှိဖို့ လိုအပ်ပြီး ကွန်ဂရက်လွှတ်တော်က နေရာတကာလိုက်ပြီး ချုပ်ချယ်တာကို ခံနေစရာအကြောင်း မရှိလှဘူးလို့ ဆိုထားပါတယ်။ ယူတားပြည်နယ် ရီပတ်ဘလစ်ကန် ဆီးနိတ် လွှတ်တော်အမတ် မိုက်လီက ဒီဥပဒေဟာ သမ္မတထရမ့်ရဲ့ အဓိက ဦးစားပေး အစီအစဉ်တွေနဲ့ ကိုက်ညီမှုရှိတယ်။ ကျွန်ုပ်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်လို့ သမ္မတထရမ့်ရဲ့ လုပ်ဆောင်ချက်မှန်သမျှကို ထောက်ခံတယ်လို့ ပြောပါတယ်။
အမေရိကန်-အီရန် လတ်တလော ဆက်ဆံရေး
ပြီးခဲ့တဲ့လအတွင်း အီရန်ရဲ့ ဒုတိယဩဇာ အရှိဆုံး ပုဂ္ဂိုလ်တစ်ဦးလို့ယူဆရတဲ့ ဗိုလ်ချုပ်ကြီး ကာဆမ်းဆိုလန်းမန်းနီကို အမေရိကန်က လုပ်ကြံသတ်ဖြတ်ခဲ့မှုဟာ နှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး စစ်ပွဲကြီး ဖြစ်လာတော့မလားဆိုပြီး နိုင်ငံတကာက စိုးထိတ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ကာဆမ်းဆိုလန်းမန်းနီ သေဆုံးမှု ကို ဒေါသထွက်ခဲ့ရတဲ့ အီရန်က လက်တုံ့ပြန်တဲ့ အနေနဲ့ အီရတ်မှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ခဲ့တာကြောင့် အမေရိကန်စစ်မှုထမ်း ၁၀၉ ဦးဟာ ဦးနှောက်ထိခိုက်မှု ခံစားခဲ့ရပါတယ်။
တင်းမာမှုတွေရဲ့ မူလဇာစ်မြစ်
အမေရိကန်နဲ့ အီရန်ဟာ ဘယ်တုန်းကမှ ပြေလည်မှု မရရှိခဲ့ကြဖူးတဲ့ မဟာရန်သူတော်တွေ အဖြစ်နဲ့ ရှိလာခဲ့တာ အတော်လေးကြာခဲ့ပါပြီ။ ပြဿနာရဲ့ ဇာစ်မြစ်ကို နောက်ကြောင်းလိုက် ကြည့်ရင် ၁၉၇၉ ခုနှစ်မှာ အမေရိကန်ကို ထောက်ခံတဲ့ အီရန်ရဲ့ဘုရင် ထီးနန်းဖြုတ် ချခံလိုက်ရပြီးနောက် အီရန်ဟာ အစ္စလာမ္မစ် နိုင်ငံတော်တစ်ခု ဖြစ်လာခဲ့တာကနေ အစပြုပါတယ်။ အဲဒီနှစ်မှာ တော်လှန်ရေးကာလကြောင့် ပေါ်ထွက်လာတဲ့ အခြေအနေဆိုးတွေကြားမှာ အမေရိကန်နိုင်ငံသားတွေကို မြို့တော် တီဟီရန်ရှိ အမေရိကန်သံရုံးအတွင်းမှာ ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ရာက နှစ်နိုင်ငံဆက်ဆံရေး ပျက်ယွင်းလို့ တင်းမာမှုတွေ ပေါက်ဖွားလာခဲ့ရပါတယ်။
၂၀၁၅ ခုနှစ်မှာ အီရန်ရဲ့ နျူကလီးယား အစီအစဉ်တွေကို ထိန်းချုပ်ကန့်သတ်ဖို့ သမိုင်းဝင် သဘောတူညီမှုတစ်ရပ်ကို အီရန်က သဘော တူလက်ခံခဲ့ချိန်မှာ အပြန်အလှန်အနေနဲ့ အမေရိကန်က စီးပွားရေးပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ လုပ်ဆောင်ခဲ့ရာက သံတမန်ရေးအရ ပြေလည်မှုရရှိတဲ့ လက္ခဏာမျိုး တွေ့ခဲ့ရပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ သမ္မတထရမ့်က စာချုပ်ကို စွန့်လွှတ်လိုက်ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ခဲ့တဲ့အတွက် ယခင်ကလိုပဲ ရန်သူတော်တွေ ပြန်ဖြစ်သွားခဲ့ကြပါတယ်။
ကိုးကား- ဘီဘီစီ၊ အေအက်ဖ်ပီ