ပုဂံ ၁၃ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသတွင် Smoke Free Area များ သတ်မှတ်နိုင်ရေး လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ဟောပြောပွဲများ ပြုလုပ်ခြင်းလုပ်ငန်းကို Smoke Free City အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ ဇွန်လ ၁၂ ရက်နေ့မှစတင်၍ အရှိန်အဟုန်မြှင့်တင်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

အကောင်အထည် ဖော်ဆောင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ အဖွဲ့လေးဖွဲ့ခွဲကာ ပုဂံရွှေပြည်အဝေးပြေးကားဂိတ်၊ လောကနန္ဒာစွယ်တော်မြတ်ဘုရား၊ ပုဂံရှေး ဟောင်းသုတေသနပြတိုက်နှင့် အာနန္ဒာဘုရားတို့တွင် ဖြတ်သန်း သွားလာကြသော မော်တော်ယာဉ်များ၊ ဘုရားဖူးလာရောက်သည့် ပြည်တွင်းပြည်ပဧည့်သည်များအား ဆေးလိပ်ငွေ့ကင်းစင်ရေး အသိပညာပေး Sticker Campaign လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြပြီး အ.ထ.က(ပုဂံ)၊ အ.ထ.က(ညောင်ဦး)နှင့် အ.ထ.က(မြို့မ) ကျောင်းများတွင် ဆေးလိပ်အန္တရာယ် အသိပညာပေး ဟောပြောပွဲများ၊ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
"ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ခြင်းဖြင့် အများပြည်သူလူထု၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အန္တရာယ်များမှ ကာကွယ်ရန်၊ မြန်မာပြည်ရဲ့ အဓိကခရီးစဉ် ဒေသတစ်ခုဖြစ်တဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသမှာ ဆေးလိပ်ငွေ့ကင်းစင်တဲ့ နေရာများဖန်တီးထားပေးခြင်းဖြင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ပိုမိုတိုးတက်များပြား လာနိုင်ရေး အထောက်အကူပြုရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ Smoke Free Area များကို ဖော်ဆောင်နေကြခြင်းပဲဖြစ်ပါတယ်" ဟု လုပ်ငန်းကြီးကြပ်မှုကော်မတီမှ ဒေါက်တာရွှေဇင်ထိုက်က ပြောသည်။
Smoke Free City အကောင်အထည် ဖော်ဆောင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစိုးတင့်ဦးဆောင်သည့် ဌာနဆိုင်ရာများ၊ ဧည့်လမ်းညွှန်များအသင်း၊ ပုဂံဒေသဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ ခရိုင်/မြို့နယ် အမျိုးသမီး ကော်မတီအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများမှ ဆေးလိပ်၊ကွမ်း စသည့် မူးယစ်ဆေးဝါးမသုံးစွဲသူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)