နေပြည်တော် ဇွန် ၂
မြန်မာနိုင်ငံ၏ ပညာရေးရည်မှန်းချက်များနှင့်အညီ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနသည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၊ သမဝါယမကောလိပ်များ ဖွင့်လှစ်ကာ သမဝါယမပညာရပ်များ သင်ကြားပို့ချပေးလျက်ရှိရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာရှိ သမဝါယမကောလိပ်(ဖောင်ကြီး) သို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံရာ သမဝါယမကောလိပ် (ဖောင်ကြီး) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာတင်လဲ့လဲ့ဝင်းက ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ် လုပ်ငန်းလမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ကောလိပ်၏ အခြေအနေများ၊ သင်ကြားပို့ချနေသော ဘာသာရပ်များ၊ ပညာသင်နှစ်အလိုက် တက်ရောက်သည့် ကျောင်းသား/သူများစာရင်း၊ ဝန်ထမ်းအင်အားစာရင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို တင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ကျောင်းသုံးပြဌာန်းစာအုပ်များ၊ သင်ထောက်ကူပစ္စည်းများ နှင့် မြက်ဖြတ်စက်များ ပေးအပ်ရာ ကျောင်းအုပ်ကြီး ဒေါက်တာတင်လဲ့လဲ့ဝင်းက လက်ခံရယူခဲ့ပြီး ဒုတိယဝန်ကြီးက ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်လုပ်ငန်းလမ်းညွှန်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးသည့် အခြေအနေများနှင့် သမဝါယမပညာရပ်များ သင်ယူနေကြသော ကျောင်းသား၊ ကျောင်းသူများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)