နေပြည်တော် ၁၅ ဇန်နဝါရီ 

သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော်က စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အသေးစားကုန်ထုတ်လုပ်ငန်း စသည်တို့ကို လုပ်ကိုင်ကြသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကို ဝန်ကြီးဌာနမှ အဓိကဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာပါ လုပ်ငန်းစဉ်များတွင် ပါဝင်သည့် သမဝါယမကဏ္ဍ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာချေးငွေ အထောက်အပံ့များ ရယူကာ စီမံကိန်းလုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိကြောင်း၊  လယ်ယာစက်မှု ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် သမဝါယမအသင်းများ၏ ခွန်အားဖြင့် စည်းလုံးညီညွတ်စွာ စွမ်းဆောင်ပေးရန် လိုအပ်ကြောင်း၊ လယ်ယာမြေဖော်ထုတ်မှု လုပ်ငန်းများနှင့်အတူ လယ်ယာသွင်းအားစုများ စက်ကိရိယာများ တိုးတက်သုံးစွဲမှု အဆင်ပြေချောမွေ့စေရေးလုပ်ငန်းများ စသည့် လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှုအပိုင်းတွင် စနစ်တကျဖြစ်စေရေးအတွက် သမဝါယမကဏ္ဍမှ အထောက်အပံ့ကောင်းအဖြစ် တိုးတက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လယ်ယာသုံး စက်ကိရိယာအသုံးပြုနိုင်မှု လိုအပ်ချက်ရှိနေသေးသည့် ဧရိယာများအတွက် ငှားရမ်းခယူသည့် ဝန်ဆောင်မှုပုံစံမျိုး ဆောင်ရွက်ပေးသင့်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ငွေက သမဝါယမကဏ္ဍ ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ၊ ချေးငွေဆိုင်ရာများနှင့် အသင်းစုအလိုက် ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြသည်။

စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးခြင်း၊ လယ်ယာမြေအဆင့်မြှင့်တင်ပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးခြင်း၊ မျိူးစေ့ထုတ် သမဝါယမအသင်းများ ထူထောင်ပေးခြင်း၊ လယ်ယာသွင်းအားစုများ ရောင်းချပေးခြင်းနှင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများကို သမဝါယမဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သမဝါယမအသင်းများမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကိုရီးယားနိုင်ငံထုတ် Daedong လယ်ယာသုံးစက်ကိရိယာ အစီးရေ ၃၈၅၇ စီးကို တောင်သူလယ်သမားများအတွက် အတိုးနှုန်းသက်သက်စွာ ရောင်းချပေးနိုင်ခဲ့သည့်အပြင် ကျန်ရှိလယ်ယာသုံးစက်ကိရိယာ ၅၅၉ စီးကို အသင်းသား တောင်သူတစ်ဦးချင်း သို့မဟုတ် အသင်းစု/အသင်းစုချုပ်များပိုင်အဖြစ် ဝယ်ယူနိုင်ရေး အမြန်ဆုံးရောင်းချပေးနိုင်ရန် ‌စီစဉ်ဆောင်ရွက်လျက်ရှိကာ ရောင်းချပြီး လယ်ယာသုံး စက်ကိရိယာများ၏ လိုအပ်သည့် ပြင်ဆင်မှုပိုင်းဆိုင်ရာ ဝန်ဆောင်မှုနှင့် စက်ကိရိယာအပိုပစ္စည်း ရောင်းချနိုင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ 

သတင်းစဉ်