မန္တလေး၊ ၉ ဇန်နဝါရီ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မန္တလေးတိုင်းဒေသကြီး သမဝါယမ ဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီး ဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ဖြစ်ပွားစဉ် ကာလအတွင်း ရေထွက်ကုန် ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အခက်အခဲမရှိစေရန် မန္တလေးခရိုင်အတွင်းရှိ မြို့နယ် သ/မအသင်းစုများဖြင့် ချိတ်ဆက်ကာ ဇန်နဝါရီ ၈ ရက် နံနက်က စတင်ရောင်းချပေး လျက်ရှိသည်။
ထိုသို့ ရေထွက်ကုန်ပစ္စည်းများ ရောင်းချရာတွင် တိုင်းဒေသကြီး သမဝါယမဦးစီးဌာနသည် တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်သမဝါယမ ဦးစီးဌာနများနှင့် မြို့နယ်သမဝါ ယမအသင်းစုများနှင့် ချိတ်ဆက်၍ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေ မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်များရှိ စားသုံးသူ အသင်းသား ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရေးအတွက် ငါးမြစ်ချင်း(ဗိုက်ခွဲ) ပိဿာ(၂၀၀)၊ ငွေ ရောင်(ဗိုက်လုံး) ပိဿာ(၁၅၀)၊ ငါးတန်သေး(ဗိုက်လုံး) ပိဿာ (၁၅၀)၊ စုစုပေါင်း ပိဿာချိန်(၅၀၀)အား ချိုသာသော ဈေးနှုန်းဖြင့် NO PROFIT, NO LOSS ဟူသော သမဝါယမမူအတိုင်း ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါရောင်းချရာသို့ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညီတိုး၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် ဒုဉက္ကဋ္ဌ ဦးထွန်းလှိုင်၊ မြို့နယ်သမဝါယမဦးစီးဌာနများမှ ဦးစီးအရာရှိများ၊ မြို့နယ်သမဝါယမအသင်းစုများမှ အသင်းစုဉက္ကဋ္ဌများက ရေထွက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်း ချနိုင်ရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


