နေပြည်တော် စက်တင်ဘာ ၁၉
သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှုနှင့် ချေးငွေလုပ်ငန်း ကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများ၊ ဗဟိုသမဝါယမအသင်းမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်သမဝါယမဦးစီးမှူးများ၊ သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် မိုးစပါးအတွက် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့် မိုးစပါးစိုက်ဧက (၁၆၀၅၅၁) အတွက် ငွေကျပ် (၃၁ ဒသမ ၀၁၂) ဘီလီယံ၊ ဝါသီးနှံ စိုက်ဧက (၉၆၀၀၀) အတွက် ငွေကျပ် (၁၉ ဒသမ ၂) ဘီလီယံ၊ ဆီထွက်သီးနှံ (နေကြာ) စိုက်ဧက (၁၃၇၀၀၀) အတွက် ငွေကျပ် (၂၇ ဒသမ ၄) ဘီလီယံတို့ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ဘတ်ဂျက်ငွေနှင့် အသင်းပိုင်ငွေတို့ဖြင့် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ပန်းတိုင်အထွက်နှုန်းရရှိအောင် ရည်မှန်းချက်ထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
သဘာဝဘေးကြောင့် ပျက်စီးသွားသည့် တိုင်းဒေသကြီး၊ ပြည်နယ် (၅) ခု၊ မြို့နယ် (၂၁) ခု၊ သမဝါယမအသင်း (၁၅၄) သင်း၊ အသင်းသား (၃၉၈၇) ဦး၏ မိုးစပါးလယ်ဧက (၇၂၂၆) အတွက် ထိုင်းနှံကောက်၊ GW-11 စသည့် မျိုးထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ချိတ်ဆက်၍ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက အခြေခံသမဝါယမအသင်း BOD များကို ပေးပြီး BOD များမှတစ်ဆင့် အသင်းသားတွေကို သီးနှံပေါ်ပေးစနစ်ဖြင့် စက်တင်ဘာအတွင်း ပြီးပြတ်အောင် မျိုးများမြန်မြန်ဖြန့်ဝေပေးသွားကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမလုပ်ငန်း ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ဗဟိုသမဝါယမအသင်းမှ တာဝန်ရှိသူနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်သမဝါယမဦးစီးမှူးများ၊ သမဝါယမ အသင်းစုချုပ် ဥက္ကဋ္ဌများက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သမဝါယမလုပ်ငန်းများကို လည်းကောင်း ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်