နေပြည်တော် ဇန်နဝါရီ ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၏ နဝမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက အမှာစကားပြောကြားပြီး အထူးပြုဘာသာရပ်များအလိုက် မဟာဘွဲ့သင်တန်းတွင် ထူးချွန်ဆုရရှိကြသူများနှင့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ကြေးတံဆိပ်ဆုရ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဘောလုံးအသင်း၌ ပါဝင်ကစားခဲ့သည့် တတိယနှစ်ကျောင်းသား မောင်ဗိုဆန်းထွန်းကို လည်းကောင်း၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာ၊ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ၊ အသုံးချစာရင်းအင်းပညာ၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ၊ လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ အထူးပြုဘာသာရပ်များတွင် ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများကို လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ကြသည်။
ထို့နောက် ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန် (၂) ရှိ “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ ချည်မျှင်စက်ရုံ၌ ဖြတ်စညှပ်စနှင့် စွန့်ပစ်ပိတ်စများမှ ဂွမ်းဖွသန့်စင်ခြင်း၊ ဗိုင်းထောင့်ပြုလုပ်ခြင်း၊ အပင်ပေါင်းခြင်း၊ OE ၁ / ၇ ချည်ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို လည့်လည်ကြည့်ရှုသည်။
ယင်းနောက် သမဝါယမအသင်းအမှုဆောင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက စံချိန်စံညွှန်းမီ ချည်မျှင်များထုတ်လုပ်ပြီး ပြည်တွင်းရက်ကန်းလုပ်ငန်းရှင်များ သုံးစွဲမှုပမာဏ ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် ချိတ်ဆက်၍ ဒေသခံတောင်သူများထံမှ Grade A ၊ Grade B အဆင့်မီဝါဂွမ်းကုန်ကြမ်းဝယ်ယူမည့် လုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
