ရမည်းသင်း ဩဂုတ် ၁၃
သမဝါယမနှင့် ကျေးလက်ဒေသဖွံဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရွာတန်းဒေသရှိ ကွင်းအမှတ် (၁၀၄၅) ကုလားမျှောကွင်းမှ တောင်သူ ဦးချစ်ဆောင်၏ စပျစ်စိုက်ခြံ၌ ရွှေမြန်မာ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း သမဝါယမအသင်းမှ တောင်သူ ၄၀ နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ရမည်းသင်းမြို့နယ် ရွာတန်းဒေသရှိ ရွှေမြန်မာ စပျစ်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းဉက္ကဋ္ဌ ဦးချစ်ဆောင်က စပျစ်စိုက်ပျိုးထုတ်လုပ်မှုများကို တင်ပြရာသမဝါယမနှင့် ကျေးလက်ဒေသ ဖွံဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက “ကျေးလက်ဒေသများ၏ လူမှုစီးပွားဘဝ မြှင့်တင်ပေးနိုင်ရေးအတွက် ယခုလို ကျေးလက် စိုက်ပျိုးထုတ်လုပ်နေသည့် တောင်သူများနှင့် တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ရမည်းသင်းမြို့နယ်မှာ စပျစ်စိုက်ပျိုးထုတ်လုပ်မှုအများဆုံးဖြစ်ကာ စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေးမြင့်မားစေရန် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ပေးနိုင်ရေးနှင့် စပျစ်စိုက်ပျိုး ထုတ်လုပ်မှုမှ စပျစ်ခြောက်ထုတ်လုပ်မှု၊ အရည်အသွေးမြင့်စပျစ်ဝိုင် ထုတ်လုပ်ရေးအထိ ထုတ်လုပ်ဖြန့်ဖြူးနိုင်ပါက ကျေးလက်ပြည်သူများ၏ လူမှုဘဝမြင့်မားလာမည်ဖြစ်ကြောင်း၊ နည်းပညာနှင့် လိုအပ်သည့်အခက်အခဲများကို ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” ရှင်းလင်းပြောကြားသည်။
ထို့နောက် ရွှေမြန်မာ စပျစ်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ တောင်သူများက စိုက်ပျိုးသုံးပစ္စည်းများ လိုအပ်နေမှု အခက်အခဲတို့ကို တင်ပြရာ မန္တလေးတိုင်းဒေသကြီးသ မဝါယမဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်မိုးတင့်က စပျစ်စိုက်ပျိုးသည့် တောင်သူများအား စိုက်ပျိုးရေးစရိတ်ပံ့ပိုးချေးငွေ ထုတ်ပေးထားမှုနှင့် တိုင်းသမအသင်းစုမှ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာတို့ကို ဆက်လက် ပံ့ပိုးထုတ်ပေးသွားမည့်အစီအစဉ်တို့ကို ဖြည့်စွက်တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက အချိန်မီပံ့ပိုးပေးနိုင်ရန် လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်(ပြန်/ဆက်)


