နေပြည်တော် ဧပြီ ၂၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်သို့ ရောက်ရှိပြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ပြည်သူလူထု၊ ဒေသနှင့် နိုင်ငံတော်အတွက် အကျိုးရှိအောင် ကိုယ်တိုင်ထိုးထွင်းကြံဆပြီး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၃)ခု ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ခရိုင်ရုံးများ တိုးချဲ့ဖွင့်လှစ်ထားပြီး ဖြစ်သည့်အတွက် ခရိုင်ရုံးများတွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများ၏ Capacity တိုးတက်ရေးအတွက် အထက်အရာရှိများက သင်ကြားပို့ချသွားစေလိုကြောင်း၊ သို့မှသာ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေနိုင်မည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် အခက်အခဲများရှိပါက တင်ပြသွားရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အသေးစားစက်မှု လုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မြန်မာ့လက်မှု အနုပညာစင်တာ (MHC)သို့ သွားရောက်၍ အရောင်းပြခန်းများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးဝန်းအတွင်းရှိ ဌာနပိုင်အဆောက်အဦများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
သတင်းစဉ်


